ဒီတပတ်မှာတော့ ဒီအချိန်မှာ အရေးကြီးပြီလို့ ထင်တဲ့ကိစ္စလေးတခု အကြောင်း
ဆွေနွေးချင်ပါ တယ် ။ ယခုဆိုရင် ရွေးကောက်ပွဲတွေ
ကျင်းပဖို့သတ်မှတ်ထားတဲ့အတိုင်း ကျင်းပမယ်ဆိုရင် ( ၆ ) လသာ လိုပါတော့တယ် ။
နိုင်ငံရေးပါတီတွေကလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက်
ပြင်ဆင်နေကြပါပြီ ။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း
ရွေးကောက်ပွဲဝင်ခဲ့ရင် အောင်နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေပါပြီ ။
ရွေးကောက်ပွဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို
ရွေးကောက်တင်မြှောက်ခြင်းပါဘဲ ။ ဒီတော့ ကိုယ်စားလှယ် လောင်းတွေရွေးချယ်ရေးက
တာဝန်ကြီးဖြစ်လာတာပေါ့ ။ '' တာဝန်ကြီး'' ဆိုတာ အဖွဲ့ချုပ်ရဲ့
ခေါင်းဆောင်ပိုင်းရဲ့ အမြင်ပါ ။ ''အခွင့်အရေးကြီး'' လို့မြင်နေတဲ့သူတွေလည်း
ရှိပါတယ် ။
ယခုကျွန်မတို့ကြားသိနေတဲ့ သတင်းတွေအရ ကိုယ်စားလှယ်လောင်းအဖြစ် အရွေး
ခံချင်သူတွေ များနေတဲ့ကိစ္စနဲ့ အချို့ပါတီတွေဆိုရင် ရင်ဆိုင်နေရပါတယ် ။
ကျွန်မတို့ အမျိးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ဒီစာရင်းထဲမှာပါပါတယ် ။
ဘာကြောင့်ဒီလောက်တောင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ချင်ကြပါလိမ့်လို့ ကျွန်မ
မစဉ်းစားဘဲ မနေနိုင်ပါဘူး ။ ကျွန်မ အတွက်တော့ လွှတ်တော်ကိုယ်စားလှယ်
တာဝန်ယူရတာ အလုပ်နှစ်ဆတိုးသွားတဲ့ သဘော ရှိပါတယ် ။ တနေ့
တနေ့ရှိတဲ့နာရီပေါင်းကတော့ နှစ်ဆတိုးတာမဟုတ်တော့ အင်မတန် ဝန်ပိပါတယ် ။
ကျွန်မရေးဘူးပါတယ် ။ ရန်ကုန်နဲ့ နေပြည်တော်အကြား ကူးသန်းသွားလာ နေရတဲ့
ကိစ္စကိုကမနည်းတဲ့ ဝန်ထုပ်ဝန်ပိုးပါ ။ ပြည်သူ့ကိုယ်စားလှယ် တယောက်အဖြစ်
အရွေးခံပြီးမှတော့ လွှတ်တော်လုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ရတာကြောင့်
ပါတီတာ ဝန်တွေပါ ကျေပြွန်စေဖို့ နားရက်မသတ်မှတ်ဘဲ အလုပ်လုပ်ရပါတယ် ။
အချို့ပုဂ္ဂိုလ်တွေက အလုပ်မရပ်မနားလုပ်တာကို ဂုဏ်ယူဝံ့ကြွားပါတယ် ။
ကျွန်မကတော့ အလုပ်လုပ်ချိန် အနား ယူချိန် မျှတတာက ပိုပြီးအရည်အသွေးမြင့်တဲ့
လုပ်ငန်းတွေကိုဖော်ဆောင်နိုင်စေတယ်လို့ ယုံကြည်တာကြောင့် စနေ
တနင်္ဂနွေလောက်တော့ လုံးဝနားနိုင်အောင် ကြိုးစားပါတယ် ။ အောင်မြင်မှုကတော့
သိပ်မရှိဘူးလို့ ဝန်ခံရပါမယ် ။ လွှတ်တော်တာဝန် မဲဆန္ဒနယ်တာဝန် ပါတီတာဝန်တွေ
အားလုံးကျေပြွန်ဖို့ရာ နားချိန်လျှော့ရပါတယ် ။ နားချိန်ဆိုတာက ရုပ်ပိုင်း
ဆိုင်ရာအင်အားသာမက စိတ်ပိုင်းဆိုင်ရာ အင်အားပါဖြည့်ဖို့အတွက် အရေးပါပါတယ် ။
နိစ္စဓူဝအလုပ်တွေကြောင့် စာဖတ်ဖို့အချိန် အင်မတန် နည်းသွားရပါတယ် ။
အလုပ်နဲ့ ပတ်သက်တဲ့ စာရွက် စာတမ်း စာအုပ်တွေကို ဆိုလိုတာမဟုတ်ပါဘူး ။
ဒါတွေကတော့ တာဝန်အရ ဖတ်နေရတာပါပဲ ။ တွေးတော စဉ်းစားဖွယ်ရာ ဖြစ်စေတဲ့ ရသ သုတ
စာပေတွေကို ပြောတာပါ ။
ခြုံငုံပြီးကြည့်လိုက်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်ဘဝဟာ မက်မောဖွယ်
ရာလို့ ကျွန်မမမြင်ပါဘူး ။ ဒါဆိုဘာ့ကြောင့် ဒီလောက်လွှတ်တော် ကိုယ်စားလှယ်
ဖြစ်ချင် တာလဲ ။ ပြည်သူတွေအတွက် တတ်အားသ၍ လုပ်ဆောင်ပေးချင်လို့ပါလို့
ပြောကြပါ လိမ့်မယ် ။ ကျွန်မကတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်
ဘာ့ကြောင့်အရွေးခံတာလဲလို့ မေးရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့
မပြီးပြတ်သေးတဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကြီး ကို ဦးဆောင်ပြီး
ဆက်လက်အကောင်အထည်ဖို့ဖြစ်ပါတယ် ။ ခိုင်မာတဲ့ ဒီမိုကရေစီစိတ်ဓါတ် နဲ့
ကျရာနေရာက တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ ကျွန်မတို့ရဲဘော် ရဲဘက်တွေကိုလည်း
ရွေးချယ်ပြီး (၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်စေခဲ့ပါတယ် ။
ယခုအချိန်မှာတော့ ဒီမိုကရေစီနဲ့ပါတီအတွက်မဟုတ်ဘဲ မိမိကိုယ်ကျိုးအတွက်
ကိုယ်စားလှယ်ဖြစ်ချင်တဲ့ပုဂ္ဂိုလ်တွေ အတော်များနေတာ နိုင်ငံရေးပါတီများ
အသိုင်းအဝိုင်းမှာ တွေ့ရပါတယ် ။
ဒီတော့ အစမှာ မေးခဲ့တဲ့ မေးခွန်းများကို ပြန်ကောက်ပါရစေ ။ ဘာ့ကြောင့် ကိုယ်စားလှယ် ဒီလောက်ဖြစ်ချင် နေကြတာလဲ ။
ကိုယ်စားလှယ်များရဲ့ အဆောင်အယောင် ရပိုင်ခွင့်တွေကို အားကျလို့လား ။
ဒီလကစပြီး လွှတ်တော်ကိုယ်စားလှယ်တွေ လစာတိုးရတာ မှန်ပါတယ် ။ ဒါပေမဲ့
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေကတော့
ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ အတွက် ရံပုံငွေနဲ့အဖွဲ့ချုပ်ရဲ့ရံပုံငွေတွေ
လစဉ်ထည့်ရမှာမို့ မိမိတို့စရိတ်တွေကို ကာမိဖို့ပဲကျန်မှာပါ ။
ခေါင်းပေါင်းပြီး ရုပ်မြင်သံကြားမှာ မိန့်ခွန်းပြောရတာကို အားကျသူတွေများ
ရှိလားမသိပါဘူး ။ ဒါမှမဟုတ် ကိုယ်စားလှယ်များ နိုင်ငံခြား ခရီးသွားခွင့်ရတာ
နိုင်ငံတော်အခမ်းအနားတွေကို တက်ခွင့်ရတာတွေကို အထင်ကြီးနေကြလားမသိပါဘူး ။
ဒီလိုစိတ်ထားတွေက ကိုယ်စား လှယ်ကောင်း တစ်ဦးပေါ်ထွန်းလာရေးအတွက်
အထောက်အကူပြုမှာ မဟုတ်ပါဘူး ။ အဆိုး ဆုံးကတော့ လွှတ်တော်ကိုယ်စားလှယ်
ဖြစ်လာရင် မိမိအကျိုးစီးပွား တိုးတက်ရေး အတွက် အခွင့်အရေးတွေ
ပစ်ပြီးယူလိုက်မယ် ဆိုတဲ့ စိတ်ဓါတ်နဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ချင်သူ
တွေပါပဲ ။ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူများ သတိကြီးစွာနဲ့
ဒီလိုပုဂ္ဂိုလ်တွေကို မရွေးမိဖို့ လိုပါတယ် ။
ဒီတပတ်တော့ ဒီမျှသာ ။ ။
ဒေါ်အောင်ဆန်းစုကြည်
ဒီလှိုင်းစာစောင် အတွဲ (၄) အမှတ် (၁၆)