ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ်ထဲမှာ
ကားနောက်ဖုံးမှာတင်လာတဲ့ တရားမ၀င် မြန်မာ ၁၀ ဦးကို ဖမ်းဆီးရမိတယ်လို့
ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
မေလ ၆ ရက် ညနေ ၄ နာရီကျော်လောက်က တကွာပါမြို့နယ် ဗန်မုန့်ကျေးရွာအုပ်စု
ထဲမှာ မသင်္ကာဖွယ် နစ်ဆန်းအမျိုးအစား ဆလွန်းကားတစီး ရွာအ၀င်ဂိတ်ကိုဖြတ်ပြီး
ခေါက်တုံ့ ခေါက်ပြန်သွားလာနေတာကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က
တွေ့ရတဲ့အတွက် သင်္ကာမကင်း ဖြစ်ပြီး အထူးလုံခြုံရေးအဖွဲ့ကို
အကြောင်းကြားခဲ့ကြောင်း၊ အထူးအဖွဲ့က စောင့်ဆိုင်းစစ်ဆေးရာ မှာ
ကားနောက်ဖုံးမှာ တရားမ၀င် ၀င်ရောက်လာသူတွေကို တွေ့ရတယ်လို့
တာဝန်ရှိသူတဦး က သတင်းထောက်ကို ပြောပါတယ်။
ဆက်လက်စစ်ဆေးချက်အရ အဲဒီကားကို ထိုင်းလူမျိုး နိုင်းဖောဒေချ တွန့်ချေ့
ဆိုသူက ရနောင်း ဘက်ကနေ တရားမ၀င်အလုပ်သမားတွေ တင်ဆောင် မောင်းနှင်လာတာ
ဖြစ်ပြီး စစ်ဆေးရေး ဂိတ်မှာ တာဝန်ရှိသူတွေမသိအောင် ကားနောက်ဖုံးကနေ
တကြိမ်လျှင် ၂ ယောက် ၃ ယောက် ခွဲပြီးတင်ဆောင်ခဲ့ကြောင်း၊ လူကုန်မှ
အားလုံးကို ကားပေါ်တစုတည်း ပြန်တင်ပြီး ခရီးဆက် သွားဖို့ ဖြစ်တယ်လို့
ယာဉ်မောင်းက ထွက်ဆိုဝင်ခံခဲ့ပါတယ်။\
ဒီခရီးစဉ်မှာ တရားမ၀င်သူ ၁၀ ဦး ပါလာပြီး အားလုံးမြန်မာနိုင်ငံသားတွေ
ဖြစ်ကာ လ၀ကဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အထူးလုံခြုံရေးအဖွဲ့
တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောသွားပါတယ်။
DVB