စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဒီကနေ့ ကျင်းပပြီးစီးသွားပြီဖြစ်ပြီး မြန်မာက ရွှေ ၁၂ ခု၊ ငွေ ၂၆ ခု၊ ကြေး ၃၁ ခု စုစုပေါင်း ဆုတံ ဆိပ် ၆၉ ခုရပြီး နိုင်ငံအလိုက် အဆင့် ၇ ရရှိပါတယ်။
မြန်မာအတွက် ရွှေတံဆိပ်တွေကိုတော့ ကနူးလှေ၊ ဘိလိယက်၊ ၀ူရှူး၊ ဂျူဒို ၊ ခြင်းလုံးနဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲတွေက အဓိက ရရှိခဲ့တာဖြစ်ပါတယ်။
မြန်မာအားအစားဝန်ကြီးဌာနကတော့ ပြိုင်ပွဲမ၀င်ခင်က မြန်မာအနေနဲ့ ရွှေတံဆိပ် ၅၀ လောက် ရပြီး နိုင်ငံအလိုက် အဆင့် ၅လောက် ရည်မှန်းခဲ့တာဖြစ်ပါတယ်။
အခုဒီပြိုင်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးဌေးအောင်က
“မှန်းတာတော့ မှန်းတာပေါ့၊ ကြိုးလည်း ကြိုးစားကြတာပေါ့နော့်။ ဒါပေမယ့် လှေမှာလည်းပဲ လှေက ၁၀ ခုလောက်မှန်းထားတာ အမှန် ၂ ခုပဲ ရတယ်လေ။ မှန်းတဲ့ဟာနဲ့ တကယ်လက်တွေ့ ပြိုင်တဲ့အခါမှာ သူတို့ သုံးတဲ့လှေက နည်းနည်းအခက်အခဲရှိတယ်လို့ ပြောတယ်လေ။ ကျန်တဲ့ဟာတွေလည်း သူတို့ မှန်းသလောက်မရဘူးဗျာ။ မှန်းသလောက်မရတဲ့အခါကျတော့ ၁၂ ခုပဲ ရတာပေါ့။ မြန်မာအားကစားသမားတွေအနေနဲ့ အားနည်းချက်ကတော့ သူတို့ ပြန်လာမှ ကိုယ်တိုင်ပြောမှပဲ သိမှာဗျာ”လို့ပြောပါတယ်။
ဇွန်လ ၅ ရက်နေ့ကနေ ၁၆ ရက်အထိ ကျင်းပတဲ့ စင်ကာပူဆီးဂိမ်းမှာ အားကစားနည်း ၃၆ မျိုး ထည့်သွင်းထားပြီး မြန်မာက အားကစားသမားပေါင်း ၅၀၀ ကျော်က အားကစားနည်း ၃၁ မျိုးမှာ ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။
အာဆီယံ နိုင်ငံပေါင်း ၁၁ နိုင်ငံ ယှဉ်ပြိုင်တဲ့ ဒီပြိုင်ပွဲမှာ ထိုင်းက ရွှေတံဆိပ်ပေါင်း ၉၅ ခုနဲ့ ရွှေတံဆိပ်အများဆုံးရပြီး အိမ်ရှင် စင်ကာပူက ရွှေ ၈၄ ခုနဲ့ ဒုတိယ၊ ဗီယက်နမ်က ရွှေတံဆိပ် ၇၃ ခုနဲ့ တတိယ နေရာက အသီးသီး ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာတော့ မြန်မာက ရွှေတံဆိပ် ၈၆ ခုရပြီး နိုင်ငံအလိုက် အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။
၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကိုတော့ လာမယ့် ၂၀၁၇ ခုနှစ်မှာ မလေးရှားနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။
DVB