အခုလပိုင်း ရက်ပိုင်းအတွင်းမှာ မြန်မာပြည်သူတွေ အပြင်းအထန် ဆန့်ကျင်ခဲ့ကြလို့ ခေတ္တရပ်ဆိုင်းထားရတဲ့ မြစ်ဆုံဆည် တည်ဆောက်ရေးကို တရုတ်ပြည်က စကားခေါ်ပြီး ပြန်စဖို့ တာစူနေပြန်ပြီ။ သံလွင်မြစ်ပေါ်မှာလည်း မိုင်းတုံရေအားလျှပ်စစ်ဆည် (ယခင်တာဆန်းရေကာတာ) အပါအဝင် ဆည်တွေအများကြီး ဆောက်မယ့် စီမံကိန်းတွေကို ရှမ်းပြည်သူတွေ၊ ကရင်၊ ကယားဒေသခံတွေက ဆန့်ကျင်နေပါလျှက်နဲ့ လက်ရှိအစိုးရနဲ့ လွှတ်တော်က မသိချင်ယောင်၊ မကြားချင်ယောင် ဆောင်နေကြတယ်လေ။
မြစ်တွေကိုတားပြီး ဆည်တွေဆောက် လျှပ်စစ်ထုတ်တဲ့နည်းဟာ ရမယ့်အကျိုးအမြတ်ထက် ဂေဟစနစ်ကို ပျက်စီးမှုကစလို့ ရှားပါးမျိုးစိတ် သက်ရှိဇီဝတွေ မျိုးတုံးမယ့်အရေး၊ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်းဘဝ ထိခိုက်မှု၊ ရှေးအမွေအနှစ်ဟောင်းတွေ ဆုံးပါးရမယ့်အရေး စတဲ့ ဆိုးကျိုးတွေ တသီတသန်းကြီးမို့ တခြားရွေးစရာလမ်း မရှိတော့မှ စဉ်းစားရမှာပါ။
MKC Photo 1
ဒီနှစ်ပိုင်းတွေမှာ လူကုန်ကူးမှု (Human Trafficking) ဆိုတဲ့ စကားလုံးဟာ တကမ္ဘာလုံးမှာ ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ အထူးသဖြင့် စီးပွားရေးဖွံ့ဖြိုးမှု နိမ့်ကျကျန်ရစ်တဲ့ နိုင်ငံတွေက အားကိုးရာမဲ့ လူသားတွေကို အလုပ်အကိုင်အတွက် အကြောင်းပြ၊ မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူပြီး လိမ်ညာလှည့်ဖျားလို့ဖြစ်စေ ချမ်းသာတဲ့နိုင်ငံတွေဆီ အခကြေးငွေယူပြီး ရောင်းစားကြတာကြောင့် လူကုန်ကူးတယ်ဆိုတဲ့ စကားလုံးအသစ် ပေါ်လာရတာ မဟုတ်လား။
တိုင်းပြည်ကို တိုးတက်ကြီးပွားအောင် မအုပ်ချုပ်နိုင်တဲ့ အရည်အချင်း နိမ့်ကျပြီး စိတ်ဓာတ်ကောင်းတွေနဲ့ မပြည့်စုံတဲ့သူတွေ အနိုင်ကျင့် ဗိုလ်လုပ်နေတဲ့ တိုင်းပြည်မှာ အလုပ်အကိုင်တွေရှားပါး၊ စီးပွားရေးနဲ့  အသက်ရှင် ရပ်တည်ရေးအတွက် အဆင်မပြေကြတော့ ဆင်းရဲသားပြည်သူတွေဟာ ဘ၀ထွက်ပေါက်ရှာရင်း သူများဆီ ကျွန်ခံရ၊ အလိုမတူဘဲ လိင်အလုပ်သမားတွေ ဖြစ်ကြရ စတဲ့ အဖြစ်ဆိုးတွေနဲ့ ကြုံလို့ အခန့်မသင့်ရင် အသက်တောင် ကုန်ကြရတာမဟုတ်လား။
အဲ့ဒီလိုပါပဲ၊ တိုင်းသူပြည်သားတွေ အလိုမတူဘဲ မြစ်ချောင်းတွေကို ဆည်ဖို့ ဖြတ်တားပြီး ရေအားလျှပ်စစ်ထုတ် ရောင်းစားတာကို မြစ်ကုန်ကူးတဲ့ ရာဇဝတ်မှု (River Trafficking) လို့ နာမည်တပ်ချင်တယ်။ မြစ်ကုန်ကူးခံရတဲ့ မြစ်ဟာ မြစ်ကောမြစ်ကန်းကြီးဖြစ်ပြီး လူလုပ်ကပ်ဘေးကြောင့် ဘ၀ပျက်၊ ဒုက္ခရောက်သွားနိုင်တယ်လေ။
တကယ်တော့ လျှပ်စစ်ဓာတ်အားထုတ်ဖို့ဆိုတာ ရှမ်းကုန်းမြေမြင့်ရဲ့ အရိုင်းပန်းနဲ့တူတဲ့ သံလွင်မြစ်နဲ့ ရာဇဝင်များရဲ့ သတို့သမီး ဧရာဝတီတို့ကို အပျိုရည်ဖျက်စရာမလိုဘဲ ထုတ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ လေအားလျှပ်စစ် (Wind power)၊ နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ် (Solar power)၊ အဏုမြူစွမ်းအင်သုံးလျှပ်စစ် (Nuclear power)၊ လောင်စာဆီ စွမ်းအင်သုံးလျှပ်စစ် (Oil fired steam turbine)၊ သဘာဝဓာတ်ငွေ့စွမ်းအင်သုံးလျှပ်စစ် (Gas turbine)၊ အမှိုက်မီးရှို့စွမ်းအင်သုံးလျှပ်စစ် (Waste-to-energy plant)၊ ကျောက်မီးသွေး စွမ်းအင်သုံးလျှပ်စစ် (Charcoal steam turbine)၊ ပင်လယ်ရေ ဒီလှိုင်းစွမ်းအင်သုံးလျှပ်စစ် (Tidal stream & wave power generator)၊ မြေအပူအားသုံးလျှပ်စစ် (Geothermal steam turbine) စသည်ဖြင့်ရှိပါတယ်။
ရေအားလျှပ်စစ် (Hydro power) နဲ့ ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ် (Charcoal steam turbine)၊ လောင်စာစွမ်းအင်သုံးလျှပ်စစ် (Oil fired steam turbine) ထုတ်လုပ်မှုတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအများဆုံး ပေးတာမို့ တခြားရွေးစရာလမ်း မရှိတော့မှ ရွေးသင့်ပါတယ်။ အဏုမြူစွမ်းအင်သုံးလျှပ်စစ် (Nuclear power) ကလည်း သိကြတဲ့အတိုင်း အန္တရာယ်ကြီးပါတယ်။
လျှပ်စစ်မီးရောင်များနှင့် ကမ္ဘာကြီးရဲ့ ညရှုခင်း
နိုင်ငံတနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာတဲ့ အချက်တွေထဲမှာ လျှပ်စစ်စွမ်းအား သုံးစွဲမှုပမာဏလည်း တချက်အပါအဝင်ဖြစ်တယ်။ အာရှရဲ့ကျားတကောင်ဖြစ်တဲ့ စင်ကာပူရဲ့ လျှပ်စစ်အားသုံးစွဲမှု ပမာဏဟာ မြန်မာနိုင်ငံရဲ့လျှပ်စစ်အားသုံးစွဲမှု ပမာဏထက် ၆ ဆခွဲကျော် ၇ ဆလောက် ပိုများတယ်။ ကမ္ဘာ့မြေပုံမှာ အစက်အပြောက် ဇီးရွက်လောက်သာရှိတဲ့ စင်ကာပူရဲ့ လျှပ်စစ်အားသုံးစွဲမှုဟာ ၂၀၁၄ ခုနှစ်မှာ ၄၇,၁၇၉ ဒသမ ၈ ဂစ်ဂါဝသ်နာရီ (gigawatt hours) ထိရှိပါတယ်။
သူတို့ဆီက အထပ်ရာဂဏန်းရှိတဲ့ မိုးမျှော်တိုက်ကြီးတလုံးမှာ သုံးစွဲရတဲ့ လျှပ်စစ်ပမာဏဟာ မြန်မာနိုင်ငံက မြို့တမြို့သုံးတဲ့ လျှပ်စစ်ပမာဏထက် ပိုများတယ်။ ဒီလောက်များပြားတဲ့ လျှပ်စစ်ဓာတ်အားတွေကို စင်ကာပူနိုင်ငံဟာ ဘယ်လိုနည်းတွေနဲ့ ထုတ်ယူနေသလဲဆိုတာ ကြည့်လိုက်ကြရအောင်။
ဧရိယာအကျယ်အားဖြင့် ၇၁၈ ဒသမ ၃ စတုရန်းကီလိုမီတာသာရှိတဲ့ စင်ကာပူဟာ ရေအားလျှပ်စစ်ထုတ်ယူနိုင်တဲ့ မြစ်ချောင်းတွေ မရှိသလို မလက္ကာရေလက်ကြားမှာ တည်ရှိလို့ ပင်လယ်လှိုင်းတံပိုးလည်း မကြီးပါဘူး။ နိုင်ငံလေးက သေးလွန်းလို့ နျူကလီးယားစွမ်းအင်နဲ့ လျှပ်စစ်ဓာတ်ထုတ်ဖို့လည်း မသင့်တော်ပါဘူး။ လေအားလျှပ်စစ် ထုတ်လောက်အောင်လည်း အခြေအနေ မရှိပါဘူး။ ရွေးစရာ များများစားစား မရှိတာမို့ စင်ကာပူဟာ အောက်ပါ အဓိကနည်းလမ်းတွေနဲ့ပဲ လျှပ်စစ်ဓာတ် ထုတ်ယူသုံးစွဲကြတယ်။
၁။ လောင်စာဆီစွမ်းအင်သုံး လျှပ်စစ် (Oil fired steam turbine)
၂။ သဘာဝဓာတ်ငွေ့စွမ်းအင်သုံးလျှပ်စစ် (Gas turbine)
၃။ အမှိုက်မီးရှို့စွမ်းအင်သုံးလျှပ်စစ် (Waste-to-energy plant)
၎။ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် (Solar power) စသည်တို့ပဲ ဖြစ်ပါတယ်။
ဧရိယာအကျယ်အားဖြင့် ၆၇၆,၅၇၈ စတုရန်းကီလိုမီတာရှိပြီး စင်ကာပူထက်
အဆပေါင်း ၉၄၂ ဆနီးပါးကြီးတဲ့ မြန်မာနိုင်ငံဟာ လျှပ်စစ်ဓာတ်အားထုတ်ဖို့
ရွေးချယ်စရာလမ်းတွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံရဲ့
အသည်းနှလုံးနဲ့တူတဲ့ ဧရာဝတီမြစ်နဲ့  လက်ဝဲလက်ရုံးနဲ့တူတဲ့ သံလွင်မြစ်ကို
ကောအောင်၊ ကန်းအောင်လုပ်ပြီး လျှပ်စစ်ဓာတ်ထုတ် ရောင်းစားစရာ
လုံးဝမလိုပါဘူး။ ကျောက်မီးသွေးအားနဲ့  လျှပ်စစ်ထုတ်ပြီး ပတ်ဝန်းကျင်လေထု
အလွန်ညစ်ညမ်းစေပြီးမှလည်း လျှပ်စစ်ဓာတ် ထုတ်ရောင်းစားစရာ မလိုပါဘူး။
အရှည် ၃၀၀၀ ကီလိုမီတာနီးပါးရှိတဲ့ မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာ
ပင်လယ်ဒီရေလှိုင်းအားနဲ့  လျှပ်စစ်ဓာတ်ထုတ်နိုင်ခြေတွေလည်း လေ့လာသင့်တယ်။
လေအားလျှပ်စစ်၊ နေရောင်ခြည်သုံးလျှပ်စစ် ထုတ်လုပ်နိုင်ခြေတွေ တိတိကျကျ
ဆန်းစစ်သင့်တယ်။ ကိုယ့်နိုင်ငံမှာ ဒီလောက် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ
ထွက်နေတာ နောက်ဆုံးအဆင့် စင်ကာပူနိုင်ငံလို လောင်စာဆီစွမ်းအင်၊
ဓာတ်ငွေ့စွမ်းအင်နဲ့ လျှပ်စစ်ထုတ်တာတွေကို လက်ရှိထုတ်နေတာထက်ပိုပြီး
ထုတ်ယူတာမျိုး စဉ်းစားသင့်တယ်။
အခုဖြစ်နေတာက တိုင်းပြည်ကောင်းစားဖို့ လျှပ်စစ်တွေ ထုတ်ရောင်းချင်တဲ့
စေတနာထက် သူတို့ အာဏာရှင်သန်ရေးအတွက် စစ်အာဏာရှင်အစိုးရက တရုတ်နိုင်ငံဆီမှာ
ဧရာဝတီနဲ့ သံလွင်ကို ထိုးအပ်ပြီး မြစ်ကုန်ကူးခဲ့လို့ ထွက်လာတဲ့
ရလဒ်ဆိုးကျိုးကြီးတခုပါ။ မြန်မာနိုင်ငံရဲ့ကြွယ်ဝလှတဲ့ သယံဇာတ
အရင်းအမြစ်တွေက မြန်မာနိုင်ငံအတွက် မငြိမ်းချမ်းမှု၊ မဖွံ့ဖြိုးမှုကို
ဖြစ်နေစေတဲ့သဘောမျိုး သယံဇာတကျိန်စာလို့တောင် တချို့က ဆိုကြတယ်။ ဒီအယူအဆကို
လက်မခံသင့်ပါဘူး။ မိမိညံ့ဖျင်းတာ၊ မမှန်ကန်တဲ့သူတွေ
အုပ်ချုပ်ခွင့်ရနေတာကို မဖယ်ရှားနိုင်တာ၊ မစီမံတတ်တာကို ဖုံးကွယ်ပြီး
သက်မဲ့သယံဇာတတွေအပေါ် အပြစ်ပုံချရာ ရောက်ပါတယ်။
ကျနော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးစ ပါလီမန်ဒီမိုကရေစီခေတ်နဲ့
ဗိုလ်နေ၀င်းရဲ့ မဆလ ခေတ်ဦးထိ ဆီရေချိုး၊ ဆေးရိုးမီးလှုံ၊
စပါးတောင်လိုပုံခဲ့တာ၊ သယံဇာတတွေ ကြွယ်ဝတာ တခုတည်းကြောင့်မဟုတ်ဘူး။
ထမင်းရေချောင်းစီး၊ မောင်းတီးလှူနိုင်ခဲ့တာဟာလည်း သယံဇာတတွေ
ရောင်းစားခဲ့တာကြောင့် မဟုတ်ဘူး။ အိမ်ဆူးစို့၊ ကလေးလက်တို့၊ ခွေးအို့အို့
ဆိုတဲ့စကား တွင်ရလောက်အောင် ရွာလုံးကျွတ် မီးခိုးတိတ်ကျွေးနိုင်၊
လှူဒါန်းနိုင်တာဟာ သယံဇာတတွေ ရှိခဲ့တာ တခုတည်းကြောင့်မဟုတ်ဘူး။
တိုင်းပြည်ကို ကဏ္ဍပေါင်းစုံမှာ တအိအိ ယိုယွင်းနိမ့်ကျပြီး ဖွတ်ကျောပြာစု
ဆင်းရထုကြီး တက်စေခဲ့ခြင်းရဲ့ အရင်းခံအကြောင်းတရားဟာ တိုင်းပြည်အရေးကို
နိုင်ငံရေးနည်းနဲ့ မဖြေရှင်းခဲ့ကြလို့ပါ။ ဗိုလ်ကျစိုးမိုးလိုစိတ်တွေနဲ
့အကြမ်းဖက်ခဲ့ကြ၊ လက်နက်နဲ့ ဖြေရှင်းခဲ့ကြတာကြောင့်ပါ။ ဒီတော့
ပြည်တွင်းစစ်မီး အရှိန်ရသထက်ရလာ၊ တောကြောင်တွေ လက်ခမောင်းခတ်၊ နိုင်ငံရဲ့
အိမ်ဦးခန်းမှာ စစ်ဂျပိုး လူ့ဂျပိုးတွေ နေရာယူခွင့် ပေါ်ခဲ့ရတာ မဟုတ်လား။
အဲ့ဒီကနေ သွက်သွက်ခါအောင် မှားယွင်းတဲ့ မြန်မာ့နည်း မြန်မာ့ဟန်
ဆိုရှယ်လစ်ဆိုတာကြီးတို့ တိုင်းပြည်ရဲ့အနာဂတ်ကို လှိုက်စားဖျက်ဆီးဖို့
တစ္ဆေတကောင်လို အရိပ်မိုးခဲ့တာ မဟုတ်လား။ လူမမှန် စနစ်မမှန်တော့
စီမံအုပ်ချုပ်ပုံ အမှားကုဋေကုဋာနဲ့ ဆိုတော့ အယိုအဖိတ်တွေက များရတဲ့အထဲ
စာရိတ္တတွေပါယိုင်ရွဲ့လာတော့ ကမ္ဘာ့အဆင်းရဲဆုံး တိုင်းပြည်စာရင်းထဲ ၀င်သွားတာ
မဆန်းဘူး မဟုတ်လား။
လူမှန်နေရာမှန်ရှိပြီး တော်တည့်ဖြောင့်မတ်သူတွေနဲ့
မှန်ကန်တဲ့စနစ်ရှိရင်၊ မှန်ကန်တဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုအောက်မှာ
တို့တိုင်းပြည်ရဲ့ သယံဇာတတွေကို အယိုအဖိတ်နည်းနည်းနဲ့ ထိထိရောက်ရောက်
အသုံးချနိုင်အောင် ကျနော်တို့မှာ လုံလောက်တဲ့ ပညာရှင်တွေ ရှိပြီးသားပါ။
နောက်ဆုံး သဘာဝ သယံဇာတတွေ လုံးဝမရှိဦးတော့ တိုးတက်ချမ်းသာအောင်
စီမံခန့်ခွဲနိုင်ပါတယ်။
လူမှန်နေရာမှန်ရှိဖို့ တော်တည့်ဖြောင့်မတ်သူတွေနဲ့ မှန်ကန်တဲ့စနစ်
ရှိလာဖို့အတွက် စစ်ကျွန်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ဖျက်သိမ်းနိုင်ဖို့ သို့မဟုတ် ထိထိရောက်ရောက် ပြင်ဆင်နိုင်ဖို့အရေးမှာ
မြန်မာနိုင်ငံသားတွေ ဘယ်လောက်ပါဝင် ကူတွန်းနိုင်မလဲဆိုတာဟာ
တို့တိုင်းပြည်ရဲ့ ကံကြမ္မာ အဆိုးအကောင်းကို ဆုံးဖြတ်သွားမယ်လို့ပဲ
ပြောချင်ပါတယ်။
သယံဇာတတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘိုးစဉ်ဘောင်ဆက်
ချမ်းသာကြွယ်ဝတဲ့ သူဌေး သူကြွယ် တွင်းရိုးတွင်းစား မိသားစုကြီးတွေကနေ
အသည်သား ဆင်းရဲသား နင်းပြားမိသားစုအထိ လူကို လူလိုမမြင်တဲ့ စရိုက်ဆိုးနဲ့
ဗိုလ်ကျစီးပိုးတဲ့ အထုံဓလေ့ကြီးမားတဲ့ အာဏာရှင်၊ အိမ်ထောင်စု အကြီးအကဲ
လူပုဂ္ဂိုလ်တွေ စိုးမိုးအုပ်ချုပ်တဲ့ တိုင်းနိုင်ငံ၊ လူ့အဖွဲ့အစည်း
မိသားစုတွေဟာ ဘယ်သောအခါမှ ငြိမ်းချမ်းလိမ့်မယ် မဟုတ်ဘူး။
ကိုယ့်အမိန့်နာခံသူ၊ သစ္စာရှိသူတွေသာ မျက်နှာသာပေးမြှောက်စားတတ်၊
နေရာမှန် လူမှန်မရှိဘဲ ထင်သလိုဆုံးဖြတ်၊ လူ့ဂုဏ်သိက္ခာကို တန်ဘိုးမထားတတ်တဲ့
လူ့အဖွဲ့စည်းတိုင်းမှာ မတရားမှုနဲ့ အနိဋ္ဌာရုံတွေဟာ ထမင်းစားရေသောက်ကိစ္စလို
လွယ်လင့်တကူ ဖြစ်နေလိမ့်မယ်။
ဒါကြောင့် ဗိုလ်ကျစီးပိုးတတ်တဲ့ အာဏာရှင်ဓလေ့ကို
ကျနော်တို့တိုင်းပြည်မှာ အမြစ်ကနေ ဆွဲနုတ် တူးထုတ်ပစ်မှသာ
ဗမာပြည်မှာဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်စဲ လူမှုအနိဋ္ဌာရုံတွေရဲ့ ရာခိုင်နှုန်းအများစုဟာ
လျော့ပါးပျောက်ကွယ်သွားပါလိမ့်မယ်။
ဒီဆောင်းပါးကို နိဂုံးသတ်ရရင် တိုင်းပြည်အတွက် အမှန်တကယ် မလိုအပ်ဘဲ
ဆိုးကျိုးတွေသာ ယူဆောင်လာတဲ့ အာဏာရှင်စစ်အစိုးရရဲ့ နိုင်ငံတော်အဆင့်
မြစ်ကုန်ကူးမှု စီမံကိန်းကြီးတွေကို အကြွင်းမဲ့ ဖျက်သိမ်းနိုင်တဲ့အထိ
မြန်မာနိုင်ငံသားတိုင်း ဝိုင်းကြ သိုင်းကြဖို့၊ ရာဇဝင်များရဲ့သတို့သမီး
မြစ်မင်းဧရာဝတီနဲ့ ရှမ်းကုန်းမြေမြင့်ရဲ့ အရိုင်းပန်း မြစ်သံလွင်
မနွမ်းရလေအောင် အချိန်မီကယ်တင်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။
မင်းကောင်းချစ်
Source: International Energy Agency (IEA Statistics © OECD/IEA,
http://www.iea.org/stats/index.asp), Singapore Department of Statistics
www.singstat.gov.sg/docs/default-source/default…and…/sif2015.pdf
DVB