ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း ဘရာဇီးဆယ်ကျော်သက်နဲ့ ကလေးသူငယ် အလုပ်သမားအရေအတွက် ၆၄၉၁ ယောက်ကို ကလေးလုပ်သားတွေအဖြစ်မှ ကယ်တင်နိုင်ခဲ့တယ်လို့ ဘရာဇီးနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကလေးအလုပ်သမားပပျောက်ရေးနေ့မှာ ဘရာဇီးနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တယ်လို့ ဆင်ဟွာသတင်းတရပ်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၁၂ လအတွင်း အမှုပေါင်း ၃၇၀၀ လောက်မှာ တွေ့ရှိရတဲ့ ဆန်းစစ်ချက်တွေအရ နိုင်ငံတွင်း ကလေးလုပ်သားအဖြစ် စေခိုင်းခံရမှုမှာ အသက် ၁၆၊ ၁၇ အရွယ် ဆယ်ကျော်သက်အလုပ်သမားတွေ အများဆုံးဖြစ်တယ်လို့ အလုပ်သမားစုံစမ်းစစ်ဆေးရေးဗဟို၊ ကလေးအလုပ်သမားပပျောက်ရေးဌာန အကြီးအကဲ အယ်လ်ဘာတိုဒီဆူဇာက ပြောပါတယ်။
“ဆယ်ကျော်သက်ကလေးသူငယ်တွေကြားက ဒီလိုကျူးလွန်ဖောက်ဖျက်မှုတွေဟာ စနစ်တကျမရှိတဲ့ လုပ်ငန်းစနစ်တွေမှာ အများဆုံးဖြစ်နေတာပါ။ အဲဒီဘရာဇီးနိုင်ငံသားတွေကို ဥပဒေအရ အကာအကွယ် မပေးနိုင်သေးပါဘူး”လို့ သူကဆက်ပြောပါတယ်။
အမှုပေါင်း ၂၆၆၃ ခုမှာ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်ကြား မှတ်ပုံတင်ပြီး ကလေးအလုပ်သမားတွေဟာ နိုင်ငံရဲ့ဒုတိယအမြင့်ဆုံးနှုန်း ဖြစ်နေခဲ့ပါတယ်။ အသက် ၄ နှစ်ကနေ ၉ နှစ်ကြား ကလေးအလုပ် သမား ၁၃၉ ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဘရာဇီးနိုင်ငံ ပညာရေးဥပဒေဟာ အသက် ၁၄ နှစ်အထက် ကလေးသူငယ်တွေကို အလုပ်လုပ်ခွင့်ပေး ထားတယ်လို့ သိရပါတယ်။
သူတို့အလုပ်လုပ်တဲ့အချိန်တွေ၊ လုပ်ငန်းခွင်တွင်းလုပ်ဆောင်ချက်တွေနဲ့ သူတို့ကျောင်းလုပ်ငန်းတာဝန်တွေနဲ့ ဘယ်လိုပူးပေါင်းပါဝင်တယ်ဆိုတာတွေကို မှတ်တမ်းတင်ထားရှိရ မယ်လို့ သတ်မှတ်ထားတာပါ။
ဘရာဇီးနိုင်ငံရဲ့ အနည်းဆုံးပြည်နယ် ၁၆ ခုမှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုတွေ၊ အသိပညာမြှင့်တင် ရေးဆိုင်ရာလုပ်ရှားမှုတွေကို အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်လုပ်သွားဖို့ လည်းရှိနေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
DVB