စင်ကာပူဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ဒီကနေ့ည ထိုင်းနဲ့ ဗိုလ်လုမယ့် မြန်မာ ယူ ၂၃ ဘောလုံးသမားတွေ အနိုင်ရမယ်လို့ ယုံကြည်တဲ့အကြောင်းနဲ့ နိုင်ငံဂုဏ်ဆောင်နိုင်ရေး ကြိုးပမ်းဖို့ မြန်မာသမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က အားပေးတိုက်တွန်းစကား ပြောကြားလိုက်ပါတယ်။
မြန်မာသမ္မတ ဦးသိန်းစိန်က ဘောလုံးအားကစားသမားတွေ အပါအ၀င် ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာကစားသမားတွေကို နိုင်ငံပိုင် မီဒီယာတွေကနေတဆင့် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သမ္မတက “သမိုင်းဝင်မယ့် ဘောလုံးဗိုလ်လုပွဲကို ထိုက်တိုက်တန်တန် တက်ရောက်နိုင်အောင် ကြိုးပမ်းစွမ်းဆောင်ခဲ့ကြတဲ့ မြန်မာဘောလုံးအသင်းရဲ့ စွမ်းဆောင်မှုများကိုလည်း ကျနော်အပါအ၀င် ပြည်သူတရပ်လုံးက ၀မ်းမြောက်ဂုဏ်ယူလျက် ရှိကြပါတယ်။ ဒီကနေ့ကစားမယ့် ဘောလုံးဗိုလ်လုပွဲမှာ မြန်မာလူငယ် ဘောလုံးသမားများအနေနဲ့ အားကစားစိတ်ဓာတ်ကို အခြေခံပြီး စိတ်ဓာတ်မြင့်မြင့်မားမားနဲ့ မြန်မာ့စွမ်းရည်ကို ပြသပြီး မြန်မာ့ဂုဏ်ကို ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံတ၀န်းလုံးက ပြည်သူတွေ အားလုံးကလည်း တခဲနက် မြန်မာဘောလုံးအသင်းကို ကျနော်နဲ့အတူ အားပေးနေကြမှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် အားကစားပြိုင်ပွဲ အသီးသီးမှာ ယှဉ်ပြိုင်နေကြတဲ့ အားကစားသမားတွေ၊ နည်းပြတွေ အနေနဲ့ မြန်မာ့စွမ်းရည်ကို ပြသပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ဖို့အတွက် ရေကုန်ရေခမ်း ကြိုးစားအားထုတ်ကြဖို့ ပြည်သူအားလုံး ကြည့်ရှုအားပေးရင်း ဆုမွန်ကောင်း တောင်းပေးနေ တယ်လို့လည်း သမ္မတက ပြောပါတယ်။
အလားတူ မြန်မာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း မြန်မာဘောလုံးအသင်း ဗိုလ်လုပွဲမှာ အောင်မြင်မှုရပြီး ရွှေတံဆိပ် ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောပါတယ်။
“အကြိုဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းအား အနိုင်ရရှိခဲ့သော မြန်မာ ယူ ၂၃ အသင်းအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုအပ်ပါသည်။ တိုင်းပြည်အတွက် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့သော အားကစားသမားများနှင့် အသင်းနည်းပြများ၊ အုပ်ချုပ်သူများကိုလည်း ချီးကျူး မှတ်တမ်းတင်အပ်ပါသည်။ ဗိုလ်လုပွဲတွင်လည်း အလားတူအောင်မြင်မှုရရှိကာ ရွှေတံဆိပ် ဆွတ်ခူးနိုင်လိမ့်မည်ဟု တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက ယုံကြည်အားပေးလျက် ရှိပါသည်။” လို့ ကာကွယ်ရေး ဦးစီးချုပ်က ကြေညာထားပါတယ်။
စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ၁၀ ရက်မြောက်နေ့ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းအထိ မြန်မာက ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၂၄ ခုနဲ့ ကြေးတံဆိပ် ၃၁ ခု စုစုပေါင်း ဆုတံဆိပ် ၆၆ ခုရနေပြီး နိုင်ငံအလိုက် အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
DVB