ယီမင်နိုင်ငံတွင်းက အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေက သူတို့ခေါင်းဆောင်ကို လုပ်ကြံဖို့ ခြေရာခံကိရိယာ တပ်ဆင်မှုနဲ့ ဆော်ဒီနိုင်ငံသား ၂ ယောက်ကို သူလျှိုလို့ စွပ်စွဲပြီး ဇွန် ၁၇ ရက်နေ့က သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်သီတင်းပတ်က သံသယဖြစ်ဖွယ် အမေရိကန် မောင်းသူမဲ့လေယာဉ် ပစ်ခတ်မှုကြောင့် အယ်လ်ကိုင်းဒါး ခေါင်းဆောင်ကို လုပ်ကြံနိုင်ဖို့ ခြေရာခံပစ္စည်းကို တပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အယ်လ်ကိုင်းဒါး စစ်ဦးစီးမှူး အတော်များများရဲ့ တည်နေရာကို အတိအကျ ပြနိုင်တဲ့ ချစ်ပ်စ် ပြားတွေကို လတ်တလော လတွေအတွင်း ဒီလူတွေက တပ်ဆင်ခဲ့တယ်လို့ အယ်လ်ကိုင်းဒါးတွေက စွပ်စွဲခဲ့ကြတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
အယ်လ်ကိုင်းဒါးတွေကို ထောက်ခံသူတွေက လူမှုကွန်ရက် မီဒီယာပေါ်တင်တဲ့ ရုပ်ပုံတွေထဲမှာ လက်နက်ကိုင် စစ်သွေးကြွတွေက ကမ်းခြေသဲပြင်ပေါ် ဒူးထောက်ပြီး မျက်စိကို အဝတ်စည်းထားတဲ့ အမျိုးသား ၂ ယောက်ကို ဝန်းရံထားပုံတွေ ပါဝင်ပါတယ်။
နောက်ဓာတ်ပုံတွေထဲမှာတော့ အလောင်းတွေကို သစ်သားပြားမှာချည်ပြီး တံတားတစင်းကနေ တွဲလောင်းချထားတာ တွေ့ရတာပါ။
မြင့်မြတ်တဲ့ စစ်သူရဲတွေကို ဗုံးခွဲဖို့ အမေရိကန်လေယာဉ်တွေကို ညွှန်ကြားတဲ့ ဆော်ဒီအိမ်လို့ ရေးထားတဲ့ စာတမ်းကိုလည်း တွေ့ရပါတယ်။
ဇွန် ၁၇ ရက်နေ့ နှောင်းပိုင်းက အယ်လ်ကိုင်းဒါးတွေသုံးတဲ့ မူကာလာ ဟိုတယ်ကို အမေရိကန် မောင်းသူမဲ့ လေယာဉ်လို့ သံသယရှိတဲ့ လေယာဉ်က ဗုံးကြဲလို့ အယ်လ်ကိုင်းဒါး ခေါင်းဆောင် အယ်လ်ဝူဟေရှီ အပါအဝင် လူ ၆ ယောက် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ သတင်းပေးတွေကို အားကိုးပြီး လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်လေ့ရှိတယ်လို့ အကဲခတ်တွေနဲ့ ယီမင်အစိုးရ အရာရှိတွေက ပြောပါတယ်။
အာရေဗျကျွန်းဆွယ် အယ်လ်ကိုင်းဒါးအဖွဲ့ (AQAP) ကို ထိုးဖောက် ဝင်ရောက်နိုင်ဖို့ ဆော်ဒီအာရေဗျဟာ တိုင်းရင်းသားနဲ့ မိသားစု အဆက်အသွယ်ကွန်ယက်ကို သုံးလေ့ ရှိပါတယ်။
ယီမင်နိုင်ငံရေး ပရမ်းပတာ ဖြစ်မှုနဲ့ အကြမ်းဖက်မှုတွေ လချီ ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ဧပြီလက စစ်တပ်က ဆုတ်ခွာပြီးတည်းက နိုင်ငံရဲ့ အရှေ့တောင်ဘက်က ဟာဒျာမောက်ခရိုင်ရဲ့ မြို့တော် မူခါလာမှာ အယ်လ်ကိုင်းဒါးတွေက ပြောင်ပြောင်တင်းတင်း လှုပ်ရှားနေပါတယ်။