လူကုန်ကူးသူ လှေအမှုထမ်းကို သြစတြေးလျက အမေရိကန် ဒေါ်လာ ၃၁၀၀၀ ပေးခဲ့တယ်လို့ အင်ဒိုနီးရှားက ပြောပါတယ်။ (Credit: ABC licensed) |
အေဘီစီက ရရှိတဲ့ အချက်အလက်တွေမှာတော့ သြစတြေးလျ လုံခြုံရေး သမားတွေက လူကုန်ကူးတဲ့ လှေအမှုထမ်းတွေကို ပေးတဲ့ အမေရိကန် ဒေါ်လာ သုံးသောင်းကျော်လည်း ပါရှိပါတယ်။
အင်ဒိုနီးရှား ရဲတွေရဲ့အဆိုအရ လှေပေါ်ပါလာသူ ၆၅ ယောက်ကို သြစတြေးလျ အာဏာပိုင်တွေက လှေနှစ်စီးပေါ် ပြောင်းတင်လိုက်ပြီး အင်ဒိုနီးရှားကို ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
သြစတြေးလျက ပေးလိုက်တဲ့ လှေနှစ်စင်းထဲက တစ်စင်းက နောက်ပိုင်းမှာ ပျက်သွားလို့ လှေပေါ်ပါလာသူတွေက လှေတစ်စီးထဲမှာပဲ စုပေါင်းပြီး လှည့်ပြန်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီ လှေတစ်စင်းနဲ့ ခရီးဆက်ကြတုန်း အင်ဒိုနီးရှားရေပိုင်နက်မှာ ကျောက်တန်းနဲ့ တိုက်မိရာက အင်ဒိုနီးရှား တံငါသည်တွေက လှေပေါ်ပါလာသူတွေကို ကယ်ဆယ်ရာက ရဲတွေ သိရှိရတာ ဖြစ်ပါတယ်။
လှေပေါ်မှာ မြန်မာနိုင်ငံသား တစ်ဦးအပြင်၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီလှေကို သြစတြေးလျက နှစ်ကြိမ် တွေ့ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ပထမအကြိမ်မှာ ပြန်လှည့်ပြန်ဖို့သာ ပြောဆိုပြီး ဒုတိယအကြိမ် ထပ်တွေ့တဲ့အခါမှာတော့ သြစတြေးလျ အာဏာပိုင်က လှေအမှုထမ်းတွေကို ဒေါ်လာ သုံးသောင်းကျော်ပေးပြီး ပြန်လှည့်ပြန်ခိုင်းခဲ့တာလို့ အင်ဒိုနီးရှားရဲက ပြောပါတယ်။
သြစတြေးလျရဲ့ လုပ်ရပ်ကို အင်ဒိုနီးရှားက အမျက်ဒေါသထွက်နေပြီး ကျင့်ဝတ်နဲ့ မညီပဲ ဒါဟာ လူကုန်ကူးသူတွေကို လာဒ်ထိုးတာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
သြစတြေးလျ နိုင်ငံသား တချို့ကလည်း လူကုန်ကူးသူတွေကို ငွေပေးရင် တခြားလှေတွေ ထပ်ဝင်လာပြီး ပိုက်ဆံရမှ ပြန်လှည့်ပြန်မယ့် ကိစ္စတွေ ပိုဖြစ်လာဖို့ ရှိတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြဖို့ အဖက်ဖက်က တောင်းဆိုကြပေမယ့် သြစတြေးလျ အစိုးရကတော့ ငွေပေးတယ်လို့ မဝန်ခံထားသလို ငြင်းဆိုမှုလည်း မလုပ်ထားပါဘူး။
ABC Radio Australia