တူရကီနဲ့နယ်စပ်က မဟာဗျူဟာကျတဲ့ ဆီးရီးယား နယ်စပ်မြို့တမြို့ကို ဆီးရီးယားကာ့ဒ် (YPG) တပ်ဖွဲ့တွေက လုံးဝသိမ်းပိုက်ရရှိပြီလို့ ဇွန် ၁၅ ရက်နေ့မှာ ကာ့ဒ်တပ်မှူးကြီးတဦးက ပြောဆိုပါတယ်။
သိမ်းပိုက်ရရှိခဲ့တဲ့ တယ်အပ်ရက် (Tal Abyad) မြို့ဟာ ဆီးရီးယား အိုင်အက်စ်တွေရဲ့ အမာခံမြို့ဖြစ်တဲ့ ရတ်ကာ (Raqqa) မြို့နဲ့ အနီးဆုံး တူရကီနယ်စပ်မြို့ ဖြစ်ပါတယ်။
ဒီမြို့ကို သိမ်းပိုက်ရရှိလိုက်တာကြောင့် ဆီးရီးယား ကာဒ့်တပ်ဖွဲ့တွေ တူရကီနယ်စပ်တလျှောက် သိမ်းပိုက်ထားတဲ့ နယ်မြေတွေအားလုံး တဆက်တစပ်တည်း ဖြစ်သွားသလို အိုင်အက်စ်နယ်မြေတွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဓိကကတော့ ဆီးရီးယား အိုင်အက်စ်မြို့တော် ရတ်ကာမြို့နဲ့ တူရကီနယ်စပ်ကို ဖြတ်တောက်နိုင်ခဲ့ပြီး အဓိကကားလမ်းမကို ဆက်လက်ထိန်းချုပ်ထားဖို့ ကာဒ့်တပ်ဖွဲ့စစ်ကူတွေ စေလွှတ်ထားတယ်လို့လည်း ဆိုပါတယ်။
ဒီမြို့ကို သိမ်းပိုက်နိုင်ဖို့ တခြား ဆီးရီးယားသူပုန်တပ်ဖွဲ့တွေနဲ့ အမေရိကန် လေကြောင်းပစ်ကူမှုတွေနဲ့ ထောက်ပံ့ပေးခဲ့တာပါ။
ဒါဟာ အစ္စလာမ္မစ်အမည်ခံ အိုင်အက်စ်အစွန်းရောက်တွေအပေါ် ကာဒ့်တပ်ဖွဲ့တွေရဲ့ ပထမဆုံး ထိုးနှက်မှု မဟုတ်ပါဘူး။
အရင်ကလည်း တူရကီနယ်စပ်မြို့ဖြစ်တဲ့ ကိုဘာနီမြို့ကိုလည်း ကာဒ့်တပ်ဖွဲ့ဝင်တွေ အပြင်းအထန် တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
အခုလည်း တူရကီနယ်စပ်နဲ့ အနီးဆုံးဂိတ်ကို ရေရှည်ထိန်းချုပ်ထားနိုင်ရင် အိုင်အက်စ်ထောက်ပံ့ရေး လမ်းကြောင်းအတွက် အကြီးအကျယ် ပြဿနာ ဖြစ်လာနိုင်ပါတယ်။
ပြီးခဲ့တဲ့ရက်တွေအတွင်း တိုက်ပွဲကြောင့် ဒုက္ခသည်တွေ သောင်းနဲ့ချီပြီး တူရကီနိုင်ငံထဲ မ၀င်ရောက်နိုင်ဘဲ ပိတ်ဆို့ခံခဲ့ရပါတယ်။
နောက်ပိုင်းမှာ ဒုက္ခသည်တွေက နယ်စပ်သံဆူးကြိုးတွေဖြတ်ပြီး တူရကီနိုင်ငံထဲ ၀င်ရောက်ခဲ့ကြတာကြောင့် တူရကီအစိုးရကလည်း နယ်စပ်ကို ဖွင့်ပေးလိုက်ပါတယ်။
ဇွန် ၁၅ ရက်နေ့က စစ်ဘေးဒုက္ခသည်အားလုံး ၁၈၀၀၀ ကျော် တူရကီနိုင်ငံထဲ ၀င်ရောက်လာခဲ့ကြတယ်လို့ တူရကီအစိုးရ ပြောခွင့်ရသူက ထုတ်ပြန်ပြောဆိုပါတယ်။
DVB