ဒီနေ့ကျင်းပတဲ့ ပြည်ထောာင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အဲ့ဒီဆောင်းပါးဟာ ဇွန် ၁၄ ရက်ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ ရန်ကင်းဆိုသူရေးတဲ့ လွှတ်တော်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ဆောင်းပါး ဖြစ်ပါတယ်။
ဦးခိုင်မောင်ရည်
ရန်ကင်းဆောင်းပါး အခုလို လာဝေသွားတာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် အယောက် ၅၀ လက်မှတ်နဲ့ လွှတ်တော်နာယကထံတင်ပြပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်က ဆက်လက် လုပ်ဆောင်ပေးမယ်လို့ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။
ရန်ကင်းဆောင်းပါးမိတ္တူတွေကို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေထံ ဖြန့်ဝေခဲ့ခြင်းတော့ မရှိပါဘူး။
ဆောင်းပါးရှင်ရန်ကင်းရဲ့ အမွေကောင်းကောင်းရချင်တယ်ဆိုတဲ့ ဆောင်းပါးမှာ မြန်မာလွှတ်တော်ဟာ အုပ်ချုပ်ရေး မဏ္ဍိုင်ကို ချုပ်ကိုင်ဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အခွင့်အရေးရဖို့ပဲ ဦးစားပေးလုပ်နေတယ်လို့ ဝေဖန်ရေးသားထားပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်က ရုပ်သိမ်းပိုင်ခွင့်ရှိတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မတင်ဘဲ ထားတာ ဘယ်သူလဲလို့ ဆောင်းပါးရှင်က မေးခွန်း ထုတ်ထားပါသေးတယ်။
ဒါနဲ့ပတ်သက်ပြီး လွှတ်တော်ထဲ ဒီနေ့ ဆွေးနွေးခဲ့တဲ့ ဦးခိုင်မောင်ရည်က လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဝေဖန်လို့ရပေမယ့် အခု လုပ်ရပ်ကတော့ အစိုးရနဲ့ လွှတ်တော်ကြား သပ်လျှိုမှုတခုလို့ သုံးသပ် ပြောပါတယ်။
“ပြည်ခိုင်ဖြိုးပါတီနဲ့ အတိုက်အခံပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြားထဲမှာ သပ်လျှိုမှုတခုလို့ မြင်တယ်။ အဲ့ဒီအပြင် လွှတ်တော်နဲ့အစိုးရနဲ့ ကြားထဲမှာလည်း သပ်လျှိုမှုတခုလို့ မြင်တယ်။”
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ပြည်ထောင်စုလွှတ်တော်ရုံးက လွှတ်တော်ရုံးရဲ့ ခွင့်ပြုချက်ယူပြီးမှ လွှတ်တော်ထဲ စာဖြန့်ဝေဖို့ ညွှန်ကြားချက်ထုတ်ခဲ့ပါသေးတယ်။
ဒီညွှန်ကြားချက်ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရန်ကင်းဆောင်းပါးကို ကိုယ်စားလှယ်တွေထံ ခုလို ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
ဥပဒေအထက်မှာ လွှတ်တော်ရှိတယ်လို့ ဝေဖန်ရေးသားခဲ့တဲ့ ဆောင်းပါးရှင် ဒေါက်တာဆိတ်ဖွားကို လွှတ်တော်မှာ စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ဖူးပါတယ်။
DVB