အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးတဲ့အမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ဖြစ်စဉ်ကို အမှန်အတိုင်း အသိပေးပြီး တောင်းပန်မယ်ဆိုရင် ကာယကံရှင်တွေဘက်က အမှု ကျေအေးပေးဖို့ အဆင်သင့်ရှိနေတယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
အာဂတ တရားကြောင့် ဒီအမှုကို ဆက်လက်တရားစွဲဆိုရင်ဆိုင်နေတာ မဟုတ်ဘဲ အမှန်တရားပေါ်ပေါက်ရေးနဲ့ နောက်နောင် ဒီလိုအမှားမျိုးတွေ မကျုးလွန်မိကြစေဖို့ ရည်ရွယ်တာလို့ ဦးရောဘတ်စန်းအောင်က ကာယကံရှင် မိသားစုအစား ရှင်းပြခဲ့ပါတယ်။
အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်မှာ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ)နဲ့ အစိုးရစစ်တပ်တိုက်ပွဲ သတင်းလိုက်ပြီးအပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားစဉ် သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။
စစ်တပ်က ဖမ်းဆီးထားစဉ် သေနတ်ဒဏ်ရာနဲ့ သေဆုံးသူ ကိုပါကြီးအမှုကို ကျိုက်မရောမြို့မ ရဲစခန်းမှူး ဒု-ရဲမှူး ဦးတင်ဦးက တရားလိုလုပ်ပြီး ‘သေမှုသေခင်း’ အနေနဲ့ အမှုဖွင့် စစ်ဆေးနေတာဖြစ်ပြီး ကိုပါကြီးဟာ ဓမ္မတာအတိုင်း သေဆုံးတာမဟုတ်ဘဲ တစုံတယောက်ရဲ့ ပယောဂကြောင့် သေဆုံးခဲ့တာလို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။
DVB