Headlines News :
Home » » တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် အပြီးသတ်လက်မှတ် ထိုးနိုင်ရန် တရားဝင်ဆွေးနွေးပွဲကို မကြာမီ ကျင်းပပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမည်ဟု တိုင်းရင်းသားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ထုတ်ပြန်

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် အပြီးသတ်လက်မှတ် ထိုးနိုင်ရန် တရားဝင်ဆွေးနွေးပွဲကို မကြာမီ ကျင်းပပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမည်ဟု တိုင်းရင်းသားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ထုတ်ပြန်

Written By Live100 on Tuesday, July 7, 2015 | 8:44 AM

လက်ရှိအစိုးရ သက်တမ်းကာလအတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အပြီးသတ်လက်မှတ် ရေးထိုးနိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ဆိုင်ရာ ရေးဆွဲရေးတို့ကို ဦးတည်ကြိုးပမ်းသွားရန် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲမှ မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီး ယင်းသို့ ရလဒ်ကောင်းများ ရရှိလာသည့်အပေါ် အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တို့၏ တရားဝင်ဆွေးနွေးပွဲကို မကြာမီကျင်းပပြီး စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန်အတွက် ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ဇူလိုင် ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၅ ခုနှစ် ဇွန် ၂ ရက်မှ ၉ ရက်အထိ ကရင်ပြည်နယ် လော်ခီးလာဒေသတွင် ပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှ ဖွဲ့စည်းပေးလိုက်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည်။

အဆိုပါ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့၏ အစည်းအဝေး ကာလမှာပင် အစိုးရ၏  ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် ဇူလိုင် ၃ ရက်နှင့် ၄ ရက်တို့တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ တွေ့ဆုံ၍ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်းနှင့် ပတ်သက်ပြီး အကြိုညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် NCA မူကြမ်းကို ဆက်လက်၍ တရားဝင်တွေ့ဆုံ ညှိနှိုင်းရန် အတိအကျ မဆုံးဖြတ်နိုင်ခဲ့သော်လည်း ဆွေးနွေးပွဲရလဒ်မှာ တိုးတက်မှုရှိခဲ့ပြီး UPWC နှင့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တို့၏ တရားဝင်ဆွေးနွေးပွဲကို ယခု ဇူလိုင်လတွင် ရန်ကုန်မြို့၌ ပြုလုပ်နိုင်ရေး ကြိုးစားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သည့် UPWC အလုပ်အဖွဲ့ Myanmar Peace Center မှ ဦးလှမောင်ရွှေက ဇူလိုင် ၄ ရက် ညပိုင်းတွင် ပြောကြားထားသည်။

UPWC နှင့် NCCT တို့သည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်တစ်ခု ရရှိရေးအတွက် တစ်နှစ်ခွဲကြာ ညှိနှိုင်းပြီးနောက် ၂၀၁၅ ခုနှစ် မတ် ၃၁ ရက်တွင် အပစ်ရပ်စာချုပ် (မူကြမ်း) တစ်ခုကို အတည်ပြုနိုင်ခဲ့ပြီး ယင်းမူကြမ်းနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် လော်ခီးလာဒေသ၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ သဘောထားအား ရယူခဲ့ရာ ပြန်လည်ဖြည့်စွက် ပြင်ဆင်ချက်များ ရှိသဖြင့် ဆက်လက်ညှိနှိုင်းရန် အစည်းအဝေးက ၁၅ ဦးပါ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် တရားဝင်တွေ့ဆုံညှိနှိုင်းရန် ကြိုးစားလျက်ရှိသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ဆောင်နိုင်ရန်အတွက် အဓိက ညှိနှိုင်းရမည့် အချက်များမှာ အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့် အဖွဲ့အစည်း သတ်မှတ်ရေးကိစ္စ၊ စာချုပ်လက်မှတ်ရေးထိုးရာတွင် အသိသက်သေအဖြစ် ပါဝင်မည့် နိုင်ငံများ သတ်မှတ်ရေးကိစ္စနှင့် စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့် နှစ်ဖက်အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ သတ်မှတ်ရေး ကိစ္စတို့ဖြစ်ပြီး အပစ်ရပ်စာချုပ် မူကြမ်းတွင် ပါဝင်သည့် အချက်များမှ စကားလုံးဝေါဟာရ ဆိုင်ရာများနှင့် ပတ်သက်ပြီးလည်း နှစ်ဖက်ပြေလည်မှုရရန် ကျန်နေသေးကြောင်း သိရသည်။

လော်ခီးလာ အစည်းအဝေးမှ ဖွဲ့စည်းလိုက်သည့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ခေါင်းဆောင်မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်ဖြစ်ပြီး ဒုတိယအဖွဲ့ခေါင်းဆောင်(၁)မှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဒုတိယအဖွဲ့ခေါင်းဆောင်(၂) မှာ ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံးတို့ဖြစ်ကြောင်း သိရသည်။
Writer: 
အောင်ဇော်ထွန်း
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template