ရွှေတိဂုံစေတီတော် ၀န်းကျင်မှာ တည်ဆောက်မယ့် ဒဂုံစီးတီးစီမံကိန်း ရပ်ဆိုင်းကြောင်း ဇူလိုင် ၇ ရက်နေ့စွဲနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အရင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နဲ့ အမှတ် ၁ မော်တော်ယာဉ်တပ်ရင်း နေရာဟောင်းမှာ တည်ဆောက်မယ့် ဒဂုံစီးတီး စီမံကိန်းကို ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်၊ သုခရတနာ ကုမ္ပဏီလီမိတက်၊ Adventure Myanmar Tours and Incentives ကုမ္ပဏီလီမိတက်၊ Marga Landmark Development ကုမ္ပဏီလီမိတက်တို့က တည်ဆောက်ဖို့  လေလံအောင်ထားတာပါ။
စီမံကိန်း ရပ်ဆိုင်းလိုက်တာကြောင့် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ နစ်နာမှုမရှိစေဖို့ နိုင်ငံတော်အစီအစဉ်နဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးမယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွှေတိဂုံစေတီတော် ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတဦးဖြစ်တဲ့ မကွေးဆရာတော် ဦးပါမောက္ခကတော့ အခုလို စီမံကိန်းကို ရပ်ဆိုင်းပေးတဲ့အတွက် ကျေနပ်မိကြောင်းနဲ့ စီမံကိန်းရပ်ဆိုင်းအောင် ကူညီခဲ့ကြတဲ့ ကျေးဇူးတင်ထိုက်သူတွေ အားလုံးကို ကျေးဇူးတင်ပါကြောင်း ဒီဗွီဘီကို ပြောကြားပါတယ်။
DVB