Headlines News :
Home » » ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်နေသည့် ဒဂုံစီးတီး အပါအ၀င် စီမံကိန်းများ ဆက်လက်ဆောက်လုပ်တော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီးကိုယ်စား တိုင်းသာသနာရေးမှူးက အကြောင်းပြန်ဟု ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ဦးပါမောက္ခ မိန့်ကြား

ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်နေသည့် ဒဂုံစီးတီး အပါအ၀င် စီမံကိန်းများ ဆက်လက်ဆောက်လုပ်တော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီးကိုယ်စား တိုင်းသာသနာရေးမှူးက အကြောင်းပြန်ဟု ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ဦးပါမောက္ခ မိန့်ကြား

Written By Live100 on Tuesday, July 7, 2015 | 9:03 AM


ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး ကော်မတီ ဦးဆောင်ဆရာတော် ဘဒ္ဒန္တ ဦးပါမောက္ခက မိန့်ကြားနေစဉ်
ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်နေသည့် ဒဂုံစီးတီးစီမံကိန်း အပါအ၀င် အခြားစီမံကိန်းများကို ရပ်တန့်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကိုယ်စား ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်က အကြောင်းကြားခဲ့သည်ဟု ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး ကော်မတီ ဦးဆောင်ဆရာတော် ဘဒ္ဒန္တပါမောက္ခက ဇူလိုင် ၆ ရက်တွင် မိန့်ကြားသည်။

အဆိုပါ ပြောကြားချက်ကို ဇူလိုင် ၆ ရက်က ရွှေတိဂုံစေတီတော်အနီးရှိ မင်္ဂလာမဏ္ဍိုင် ကျောင်းတိုက်တွင် ပြုလုပ်သည့် ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းအဝေးတွင် ဦးပါမောက္ခက မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

ရွှေတိဂုံစေတီတော် အနီးတွင် ဆောက်လုပ်နေသည့် ဒဂုံစီးတီးဝမ်း စီမံကိန်း လုံးဝဖျက်သိမ်းရေး ဆောင်ရွက်ရန် ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကို ဇွန်လ ပထမပတ်က ဖွဲ့စည်းခဲ့ပြီးနောက် ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်မည့် မည်သည့် အထပ်မြင့် စီမံကိန်းကိုမျှ လက်ခံမည်မဟုတ်ကြောင်း ပြည်သူလူထု၏ ဆန္ဒပြု လက်မှတ်များ ကောက်ခံခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်တို့က ရန်ကုန်မြို့ရှိ အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ဇွန် ၂၀ ရက် ညနေ ၅ နာရီခွဲတွင် ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့နှင့် လာရောက်တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံခဲ့ပြီးနောက် ဗိုလ်မှူးကြီး တင်ဝင်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်တို့က “ဒဂုံစီးတီးဝမ်း စီမံကိန်းကို လုံးဝဖျက်သိမ်းမည်ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းအရ စာရွက်စာတမ်း အဆင့်ဆင့် တင်ပြ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဗိုလ်မှူးကြီးနှင့် ဗိုလ်ချုပ်တို့က တာဝန်ယူ၍ လျှောက်ထားခြင်းဖြစ်ကြောင်း တင်ပြကြသည်” ဆိုသော အချက်နှင့် “သမ္မတထံမှ ဖျက်သိမ်းကြောင်း သက်သေခံအဖြစ် ကြေညာချက် စသည့် တစ်ခုခု ထုတ်ပြန်ပေးခြင်း မရှိသေး၍ စောင့်ကြည့်ကာလအဖြစ် ၁၅ ရက်ခန့် စောင့်ဆိုင်းမည်ဖြစ်ကြောင်း၊ ၁၅ ရက်အတွင်း လက်ကမ်းစာစောင်ဝေမှု၊ ကောက်ခံရရှိ လက်မှတ်များကို သက်ဆိုင်ရာသို့ တင်ပြကန့်ကွက်မှု အစရှိသည် လှုပ်ရှားမှုများ ရပ်ဆိုင်းရမည်ဖြစ်ကြောင်း တင်ပြကြသည်” ဟု အချက်နှစ်ချက်ကို သဘောတူညီမှု ရခဲ့ကြောင်း ဦးပါမောက္ခက ဇူလိုင် ၆ ရက်တွင် မိန့်ကြားသည်။

အဆိုပါ ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်မည့် ဒဂုံစီးတီး စီမံကိန်းနှင့် အခြားစီမံကိန်းများကို ရပ်ဆိုင်းကြောင်း နိုင်ငံတော်သမ္မတရုံးမှ တရားဝင်အမိန့်စာ ထုတ်ပြန်စာကို ၁၅ ရက်အတွင်း အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးမည့် အချိန်ကို စောင့်မျှော်ခဲ့သည်ဟု ဦးပါမောက္ခက မိန့်ကြားသည်။ ထိုသို့ စောင့်မျှော်နေစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း၏ ညွှန်ကြားချက်အရဆိုကာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်က ‘ဒဂုံစီးတီး စီမံကိန်း အပါအ၀င် အခြားအထပ်မြင့် စီမံကိန်းများကို ဆက်လက်ဆောက်လုပ်တော့မှာ မဟုတ်ကြောင်းနှင့် စီမံကိန်း ရပ်ဆိုင်းကြောင်း သမ္မတ၏ အမိန့်စာကိုမူ နိုင်ငံတော်သမ္မတ ပြည်ပခရီးသို့ ရောက်ရှိနေသည့်အတွက် ထုတ်ပြန်ပေးနိုင်ခြင်း မရှိပါကြောင်း” တုံ့ပြန်ခဲ့သည်ဟု ဦးပါမောက္ခက မိန့်သည်။

“ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဖုန်းဆက်တဲ့ အချိန်မှာ ဘုန်းကြီးမအားလို့ ဖုန်းမကိုင်နိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်က နယ်လုံဝန်ကြီးက လျှောက်ထားခိုင်းတဲ့အတွက် လျှောက်ထားပါတယ်ဆိုပြီး ဖုန်းဆက်လာတယ်။ ဦးစိန်မော်ရဲ့ ပြောကြားချက်အရ ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်နေတဲ့ ဒဂုံစီးတီး စီမံကိန်း အပါအ၀င် အခြားစီမံကိန်းတွေ ဆက်လက်ဆောက်လုပ်တော့မှာ မဟုတ်ဘူးလို့ အကြောင်းပြန်လာပါတယ်။ ဒီစီမံကိန်းတွေ အပြီးသတ် ရပ်ဆိုင်းကြောင်း အမိန့်စာကိုတော့ နိုင်ငံတော်သမ္မတကြီး ဂျပန်ခရီး ရောက်နေတဲ့အတွက် ထုတ်ပြန်ပေးနိုင်ခြင်း မရှိဘူးလို့ အကြောင်းပြန်ခဲ့တယ်” ဟု ဦးပါမောက္ခက မိန့်သည်။

ထိုသို့ တရားဝင်အမိန့်စာ ထုတ်ပြန်ပေးမှု မရှိသည့်အတွက် ရွှေတိဂုံ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များဖြစ်သည့် ရွှေတိဂုံစေတီတော်အနီး ဆောက်လုပ်မည့် ဒဂုံစီးတီးစီမံကိန်း အပါအ၀င် စီမံကိန်းများ ဆောက်လုပ်မှုကို ကန့်ကွက်ကြောင်း၊ ပြည်သူလူထုနှင့် ရဟန်းသံဃာများ၏ လက်မှတ်လိုက်လံ ကောက်ခံမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ လက်မှတ်ကောက်ခံမှုကို ရက် ၂၀ ခန့် အချိန်ပေး၍ သတ်မှတ်ကာလ ပြည့်သွားပါက စီမံကိန်းရပ်တန့်ရေး ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်သွားမည်ဟု ဦးပါမောက္ခက မိန့်ကြားသည်။

ဒဂုံစီးတီး စီမံကိန်းကို ရပ်တန့်ထားသည်ဟု ထုတ်ပြန်ထားသော်လည်း စီမံကိန်းပတ်ဝန်းကျင်ကို လေ့လာမှုအရ စီမံကိန်းမှာ ရပ်နားထားသည့် အခြေအနေမရှိဘဲ ဆက်လက်လုပ်ဆောင်နေသည်ဟု ယူဆကြောင်း ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး ကော်မတီ၏ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် မင်္ဂလာမဏ္ဍိုင်ကျောင်း ဆရာတော် ဦးပညာသီရိက မိန့်ကြားသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးသည် လွန်စွာအရေးကြီးပြီး စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ရဟန်းရှင်လူ ပြည်သူလူထုနှင့် အတူ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်း၏ Facebook စာမျက်နှာတွင် ဇွန် ၁၉ ရက်က ရေးသားဖော်ပြခဲ့သည်။
Writer: 
ဖြိုးဝေ Eleven Media Group

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template