အမျိုးသားလွှတ်တော် သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဝင်၊ အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ခံကိုယ်စားလှယ် ဦးခင်မောင်မြင့်ကို မြစ်ဆုံဆည် စီမံကိန်းကိစ္စ၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေဘဲ သယံဇာတ ထုတ်ယူသုံးစွဲရေးတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။
ကချင်ပြည်နယ်ကို ကိုယ်စားပြုပြီး တက်လာတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တယောက်ဆိုတော့ ကချင်ပြည်နယ်မှာ အဓိက issue တခုဖြစ်နေတဲ့ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း ဆက်ပြီးတည်ဆောက်ဖို့ကိစ္စကို အဲဒီဒေသခံတွေက ဘယ်လိုသဘောထားလဲဆိုတာကို ရှင်းပြပါခင်ဗျ။
“ကျနော်တို့ ဒေသခံတွေက ပြောမယ်ဆိုလို့ရှိရင်တော့ ခေတ်မီတိုးတက်ချင်တာပေါ့။ ခေတ်မီတိုးတက်ချင်ပေမယ့်လည်း ကျနော်တို့အနေနဲ့က လဲလိုက်ရတဲ့ သဘာဝပတ်ဝန်းကျင်တွေနဲ့ မတန်ဘူးဖြစ်နေတယ်။ သဘာဝပတ်ဝန်းကျင်တွေက ပိုတန်ဖိုးရှိပြီးတော့ နောက်တခါလည်း ဖြစ်မလာနိုင်တော့တဲ့အတွက် ပျက်စီးသွားမယ့်ဟာက ပိုပြီးတန်ဖိုးရှိတာပေါ့ဗျာ။ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် မြစ်ဆုံဆည်ကြီးကို မဆောက်စေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆောက်လိုက်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ပျက်စီးသွားမယ့်အတွက် ပြောမယ်ဆိုရင် ကချင်ပြည်နယ်သူ ပြည်နယ်သားတွေတင် မကဘူး၊ ဗမာပြည်တပြည်လုံးလည်း ဒါကိုတော့ လက်ခံမယ်လို့ ကျနော်မထင်ပါဘူး။”
ဒါပေမယ့် အခု အန်အယ်လ်ဒီ အစိုးရသစ် တက်လာတဲ့အချိန်မှာ ဒီစီမံကိန်းကြီးကို ပြန်စဖို့ တရုတ်ကနေပြီးတော့ နည်းနည်း လေသံပစ်လာတာတွေလည်း တွေ့နေရပါတယ်။ အဲဒီတော့ ဒီစီမံကိန်းကို တရားဝင်အစိုးရက ရပ်ဆိုင်းမယ်ဆိုရင် ဘယ်လိုစိန်ခေါ်မှုတွေများ ကြုံတွေ့ရမယ်လို့ ထင်ပါလဲ။
“ကျနော်တို့လည်း အဲဒါကို စဉ်းစားထားတာပေါ့။ တရုတ်နဲ့ပတ်သက်ရင်တော့၊ တရုတ်လည်း ကျနော်တို့နဲ့က အိမ်နီးနားချင်းဆိုတော့ ကျနော်တို့လည်း ဗမာပြည်က တခြားနေရာ ရွှေ့သွားလို့မှ မရတာ။ သူတို့နဲ့တော့ အမြဲတမ်း ထိတွေ့နေရမှာပဲ။ ဒါကြောင့်လဲ ညီအစ်ကိုလိုစိတ်ဓာတ်နဲ့ ဖြစ်ပျက်တဲ့ စာချုပ်စာတမ်းတွေကို ပြန်လည်စိစစ်ညှိနှိုင်းပြီးတော့မှ ပြန်လုပ်ရင်တော့ ပိုပြီးသေချာမယ်လို့ ပြောချင်ပါတယ်။ ဒီ သန်း ၃၆၀၀ ဆိုတာ ကျနော်တို့က မပေးနိုင်တာလည်း မဟုတ်ဘူး။ ဗမာပြည်တပြည်လုံးက လျော်စရာမလိုဘဲနဲ့ ကျနော်တို့ ဖားကန့်ဒေသ တခုတည်းနဲ့တင် ကျနော်တို့ ကချင်ပြည်နယ်တခုတည်းနဲ့တင် လျော်လို့လည်း ရပါတယ်။ ဒါပေမယ့် မိတ်မပျက် ဆွေမပျက် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ သူတို့နဲ့ အကောင်းဆုံး ညှိနှိုင်းရမှာပေါ့။ ဒါပေမယ့် ကချင်လူထုကတော့ လုံးဝကို သဘောမတူဘူးလို့ ကျနော်ကြားသိထားရပါတယ်။ ပြောရမယ်ဆိုလို့ရှိရင် သူတို့လည်း ကျနော်တို့ဆီကနေ ထုတ်ယူသွားတဲ့ သစ်တွေ၊ ကျောက်စိမ်းတွေ အများကြီးရှိပါတယ်၊ တရားမ၀င်ပေါ့ဗျာ။ ထို့အတူ မြစ်ဆုံကြီးက ရပ်နေတယ် ဆိုပေမယ့်လည်း မြစ်ဆုံကနေပြီးတော့မှ မြေကြီးတွေ၊ ကျောက်တွေကို ခုထိ သယ်နေတုန်းပါပဲ။ ဒါတွေဟာလည်း ကျနော်တို့တင်မကပါဘူး၊ တတိုင်းပြည်လုံး မကပါဘူး၊ တကမ္ဘာလုံးကလည်း သိနေပါတယ်။ ဒီဟာတွေကလည်း သူတို့ ဘာတွေလုပ်ကြတယ် ဆိုတာတော့ မသိဘူး။ နည်းပညာအားနည်းတဲ့အတွက် ဒီမြေကြီးထဲမှာ ဘာတွေပါသွားတယ်၊ ဒီကျောက်ခဲထဲမှာ ဘာတွေပါသွားတယ်ဆိုတာ ကျနော်တို့ မသိဘူး။ ပြောမယ်ဆိုလို့ရှိရင် သူတို့ထုတ်ယူတာတောင်မှ သန်း ၃၆၀၀ မကဘူးလို့ ကျနော်ထင်ပါတယ်ဗျာ။”
မြစ်ဆုံဆည်စီမံကိန်းက သမ္မတဦးသန်းစိန်လက်ထက်မှာ ယာယီရပ်ထားတာပဲ ရှိသေးတယ်။ အဲဒီတော့ အန်အယ်လ်ဒီအစိုးရသစ် တက်လာတဲ့အချိန်မှာ ဒီဆည်စီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်ဘက်က တစုံတခု ပြန်ပြောလာလိမ့်မယ်ပေါ့။ အခုတောင် နည်းနည်းပြောလာပြီ၊ အဲလိုပြောလာခဲ့လို့ရှိရင် အန်အယ်လ်ဒီရဲ့မူဝါဒ ဘယ်လိုအခြေခံမူတွေပေါ်မှာ အခြေခံပြီးတော့ ဒီကိစ္စကို ဖြေရှင်းမယ်လို့ ထင်ပါလဲခင်ဗျ။
“အခု ကျနော်တို့ အန်အယ်လ်ဒီအစိုးရ စဖြစ်ခါစဆိုတော့ အာဏာတော့ မရသေးဘူးပေါ့ဗျာ။ လွှတ်တော်တော့ ရထားပြီပေါ့။ အဲဒီအချိန်မှာ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အချိန်မှာ နိုင်ငံတကာက ကျနော်တို့နဲ့ တွေ့ပါတယ်။ အီးယူနဲ့တွေ့တယ်၊ နောက်ပြီးတော့မှ အမေရိကန်တို့တွေ့တယ်၊ ထို့အတူ စကန်ဒီနေးဗီးယား နိုင်ငံတွေနဲ့ တွေ့တယ်။ တွေ့တဲ့နေရာမှာ အမေရိကန် Department of Energy ဆိုလည်း သူတို့လာပါတယ်။ သူတို့က ဘာပြောလဲဆိုတော့ ကျနော်တို့ကို ဘယ်လိုကဏ္ဍကနေ ကူညီပေးရမလဲ၊ ဘယ်လိုနည်းပညာတွေ ပေးရမလဲ၊ ခင်ဗျားတို့ဆီမှာ တိုင်းပြည်အတွက် အရေးကြီးဆုံး လိုအပ်တဲ့ဟာတွေ တင်ပြပါဆိုပြီးတော့ ကျနော်တို့ ဆွေးနွေးတိုင်ပင်တယ်။ နိုင်ငံတွေကတော့ လာလိုက်လို့ရှိရင် ကျနော်တို့ကို ကူညီဖို့၊ ထောက်ပံ့ဖို့ ပြောမယ်ဆိုလို့ ရှိရင်တော့ဗျာ ကမ္ဘာမှာ ဒုက္ခအရောက်ဆုံးနိုင်ငံ ဆိုပြီးတော့ သူတို့က အများကြီး ကူညီချင်ကြတယ်။ အဲဒါကိုလည်း ကျနော်တို့ ကြိုဆိုပါတယ်။ ကျနော်တို့ရဲ့ အိမ်နီးနားချင်းဖြစ်တဲ့ တရုတ်က ကျနော်တို့ကို အကြွေးတောင်းသလို တခါလာလည်း ဒီမြစ်ဆုံဆည်လုပ်မယ်၊ တခါလာလည်း မြစ်ဆုံဆည်လုပ်မယ်နဲ့ သူတို့က မဟာမိတ်အနေနဲ့ စစ်အစိုးရ လက်ထက်ကတည်းက လုပ်ထားခဲ့တာ။ ဒါပေမယ့် ပြောမယ်ဆိုရင် ကွန်မြူနစ်ဆိုတာကတော့ ပစ္စည်းမဲ့လူတန်းစားကို အခြေခံပြီးမှ တည်ဆောက်ထားတဲ့ တိုင်းပြည်ကြီးပါ။ အခု ကျနော်တို့က ပြန်ပြောမယ်ဆိုရင် ဒီကွန်မြူနစ်ကြီးဟာ ကမ္ဘာမှာ ဖောက်ပြန်တဲ့ ကွန်မြူနစ်စနစ်ကြီးဖြစ်ပြီးတော့ သူတို့ဟာ အာဏာရှင်တွေ၊ ဖက်ဆစ်တွေနဲ့ ပေါင်းပြီးတော့မှ ပြည်သူလူထုကို နှိပ်ကွပ်နေတဲ့ အစိုးရလား၊ သို့တည်းမဟုတ် ပစ္စည်းမဲ့လူတန်းစားတွေကိုပဲ ပြန်နှိပ်ကွပ်နေတဲ့ ဖက်ဆစ်စနစ်ကြီးလား၊ သူတို့ဟာ ဘူဇွာတွေလို ဖြစ်ပြီးတော့မှ ဖောက်ပြန်တဲ့ ကွန်မြူနစ်နိုင်ငံကြီးတနိုင်ငံလို့ ကျနော်မြင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဖက်လဲတကင်း ကျနော်တို့ကို ဆွေမျိုးပေါက်ဖော်ဆိုပြီးမှ ကူညီရမယ့်အစား ကျနော်တို့ကို အဲဒီလိုချည်းပဲ ပြောမယ်ဆိုရင် ကျနော်တို့လည်း သူတို့ရဲ့၊ ဒါကတော့ ပြည်သူအချင်းချင်းတော့ အားလုံးနားလည်မှုရှိပါတယ်၊ တက်လာတဲ့အစိုးရအနေနဲ့ ကျနော်တို့ကို နိုင့်ထက်စီးနင်းလုပ်နေတာတော့ ကျနော်တို့ လုံးဝ မကြိုက်ပါဘူး။ သူတို့ဖြေရှင်းချင်တယ် ဆိုလို့ရှိရင်လည်း ကျနော်တို့နောက်မှာတော့၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နောက်မှာတော့ ကမ္ဘာကြီးတခုလုံး ရပ်တည်နေပါတယ်။ ကမ္ဘာကြီးက ဘယ်လိုပဋိညာဉ်တွေနဲ့ ဘယ်လိုဥပဒေတွေနဲ့ဆိုတာ ဆွေးနွေးပြီးတော့မှ ကျနော်တို့က လမ်းကြောင်းမှန်အတိုင်း လျှောက်လို့ရှိရင် ကျနော်တို့ဘက်ကနေပဲ တကမ္ဘာလုံးက ရပ်တည်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီကိစ္စကြီးက လွယ်လွယ်ကူကူနဲ့ ကျနော်တို့ပဲ အနိုင်ရမယ်လို့ ထင်ပါတယ်။ စစ်အစိုးလက်ထက်တုန်းက မတရားချုပ်ထားတဲ့ စာချုပ်တွေ ကျနော်တို့လည်း မသိနိုင်ဘူး။ အဲဒီစာချုပ်တွေ ပြန်ကြည့်ရင်လည်း ကမ္ဘာ့ပဋိညာဉ်နဲ့ တွက်ကြည့်ရင်လည်း ကျနော်တို့ဘက်ကပဲ အနိုင်ရမယ်လို့ ကျနော်ထင်ပါတယ်။”
ကျနော် နောက်သိချင်တဲ့ အချက်တခုက ကျနော်တို့နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံတခုဖြစ်တဲ့ အခါကျတော့ ဒီ သယံဇာတ အရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲရမှာတော့ မှန်တယ်။ ဒါပေမယ့် ဒီလိုသုံးစွဲတဲ့အချိန်မှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် ဘယ်လိုထုတ်ယူမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ အန်အယ်လ်ဒီက ဘယ်လို မူဝါဒတွေများ ချမှတ်ထားတာ ရှိပါသလဲခင်ဗျ။
“ကျနော်တို့က ဘယ်လိုမူဝါဒ ချမှတ်ထားသလဲဆိုတော့ အခု ကျနော်တို့အစိုးရ မတက်ခင်ပေါ့ဗျာ၊ ကျနော်တို့ ရွေးကောက်ပွဲနိုင်တဲ့အချိန်မှာပဲ သတ္တုတွင်းဝန်ကြီးဌာနကနေ ဇန်န၀ါရီလ ၂၉ ရက်က ကျောက်စိမ်းထုတ်ဖော်ရေး ဥပဒေကို ထုတ်လိုက်တယ်။ ဥပဒေတော့ ထုတ်လိုက်ပြီ၊ နည်းဥပဒေကတော့ ကျန်တာပေါ့ဗျာ။ နည်းဥပဒေကျတော့ သူက ဘယ်လိုလုပ်သလဲဆိုတော့ ကျောက်မျက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌတွေကနေ ဥပမာ ဖားကန့်ဆို ဖားကန့်၊ မော်လူးမော်ဟန်ဆို မော်လူးမော်ဟန်ဘက်၊ ခန္တီးဆို ခန္တီးဘက်ပေါ့။ မန္တလေးဆိုလည်း မန္တလေးဘက် အဲဒီဘက်ကနေပြီးတော့ နည်းဥပဒေတွေဆွဲပြီးတော့မှ ရက်ပေါင်း ၉၀ အတွင်းမှာ တင်ရမယ်၊ ဧပြီမှာ အပြီးတင်ရမှာပေါ့ဗျာ။ သူတို့တင်ဖို့လည်း ကြိုးစားနေကြပါပြီ။ အချို့ကျတော့လည်း ဆွဲပြီးလို့ တင်ဖို့ရာအတွက် အကုန်လုံး တာစူပြီးတော့မှ ညှိနှိုင်းနေကြတယ်ပေါ့။ အဲဒီဟာ ဘယ်ကိုတင်မလဲဆိုတော့ သူတို့က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ၀န်ကြီးဌာနကို တင်ရမှာပေါ့ဗျာ။ မတင်ခင်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ရှိတယ်။ အဲဒီမှာရှိတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ကို တင်ရမှာပေါ့။ အဲဒီကိုတင်မယ် ဆိုလို့ရှိရင် မတင်ခင်မှာ ကျနော်တို့က အစုအဖွဲ့လေးတွေ ရှိပါတယ်။ အဲဒီအစုအဖွဲ့လေးတွေနဲ့ ကော်မတီလေးတွေရှိတယ်။ အဲဒီမှာ ညှိနှိုင်းဆွေးနွေးပြီးတော့မှ ဥပဒေတရပ် ပေါ်ထွန်းအောင်လို့ ပြည်သူ့လွှတ်တော်မှာ တင်မယ်၊ ပြည်သူ့လွှတ်တော်ကို တင်တာကိုလည်း အမျိုးသားလွှတ်တော်က ကန့်ကွက်စရာ မရှိပေါ့ဗျာ။ ပြည်ထောင်စုလွှတ်တော်မှာတော့ အတည်ပြုမယ်လို့ ကျနော်တို့ အဲလိုပဲ ဆွေးနွေးထားပါတယ်။”
တရုတ်အစိုးရက မြစ်ဆုံဆည်ကို ဘာကြောင့် အရမ်းပြန်ပြီးတော့ လုပ်ချင်နေရတာလဲ။ သူတို့အတွက် ဘယ်လောက်အကျိုးအမြတ် များနိုင်မယ်လို့ ထင်လဲခင်ဗျ။
“ဒါကတော့ဗျာ ကျနော်တို့ သိတာပေါ့။ တရုတ်နိုင်ငံနားကပ်နေတဲ့ နိုင်ငံအားလုံးက အကုန်လုံး ဒုက္ခရောက်တဲ့ နိုင်ငံတွေချည်းပဲ။ တောင်ဗီယက်နမ်၊ မြောက်ဗီယက်နမ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ထို့အတူ ကမ္ဘောဒီးယားပေါ့ဗျာ။ နောက်ဆုံးဆိုလို့ရှိရင် လာအိုမှာတောင် ကွန်မြူနစ်နိုင်ငံ ဖြစ်သွားတာပေါ့ဗျာ၊ ဟိုတုန်းကတော့ သူတို့မင်းသား အုပ်ချုပ်တဲ့နိုင်ငံပေါ့ဗျာ။ ကျနော်တို့နိုင်ငံလည်း အခုမှ ဒီမိုကရေစီဖွံ့ဖြိုးစနိုင်ငံလေးကို သူတို့က အန္တရာယ်နဲ့ ခြိမ်းခြောက်နေသလားတောင် ကျနော်တို့ မသိပါဘူး။ ဒီဟာတွေကလည်း ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ ဒီမိုကရေစီရပ်တည်ချက်ကို လိုအပ်မယ်ဆိုရင် ကမ္ဘာကြီးကပါ ထောက်ခံဖို့ လိုနေပါပြီဆိုတာ ကျနော်ပြောချင်ပါတယ်။”
ဒီကိစ္စကို တရုတ်အစိုးရနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့က အန်အယ်လ်ဒီအစိုးရ တခုတည်းတင်မကဘဲနဲ့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒတွေကို ထုတ်ဖော်ပြသတဲ့ နည်းလမ်းတွေကို သုံးဖို့ရော လိုအပ်မလားခင်ဗျ။
“ဒါတွေက သိပ်မလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ငယ်ငယ်လေးနဲ့ ဒါတွေ ဆန္ဒပြနေလို့ မရဘူး။ ကမ္ဘာကြီးနဲ့ ပူးပေါင်းဖြေရှင်းမှသာ ကျနော်တို့ ရမှာပါခင်ဗျ။”
DVB