အိန္ဒိယနိုင်ငံအရှေ့ပိုင်းက Kolkata မြို့မှာ ဆောက်လုပ်စ မိုးပျံလမ်းမပြိုကျမှုအတွင်း ပိတ်မိသူတွေ အသက်ရှင်လွတ်မြောက်ဖို့ မျှော်လင့်ချက်နည်းလာပြီ ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူ ၅ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၃၁ ရက်နေ့က လမ်းသွားလမ်းလာတွေနဲ့ စည်ကားနေတဲ့ အောက်ကလမ်းမပေါ် ဒီမိုးပျံလမ်း ပြိုကျခဲ့မှုမှာ လက်ရှိအချိန်အထိ လူအနည်းဆုံး ၂၄ ဦး သေဆုံးသွားပြီဖြစ်ပြီး လူ ၁၅၀ ကျော် ဒဏ်ရာရခဲ့ကြပါတယ်။
အရှည် ၂ ကီလိုမီတာ လောက်ရှိတဲ့ ဒီမိုးပျံလမ်းမဟာ ၂၀၀၉ ခုနှစ်ကတည်းက ဆောက်လုပ်လာခဲ့တဲ့ ဆောက်လုပ်ရေးစီမံကိန်းဖြစ်ပြီး ဒီဇိုင်းပိုင်းအားနည်းတာကြောင့် အခုလို ပြိုကျတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
ဒါကြောင့် ဆောက်လုပ်ရေးကုမ္ပဏီကို အာဏာပိုင်တွေက အမှုဖွင့်ထားပြီး ဟိုင်ဒါရာဘတ် (Hyderabad) မြို့က ကုမ္ပဏီရုံးချုပ်ကိုလည်း ချိပ်ပိတ်ထားလိုက်ပါတယ်။
ဆောက်လုပ်ရေးကုမ္ပဏီကတော့ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုထားပြီး ဘေးကင်းလုံခြုံမှု သမိုင်းကြောင်းကောင်းခဲ့လို့ ကြိုတင်မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် အခုလိုပြိုကျတာလို့ ကုမ္ပဏီ အရာရှိတဦးက ပြောဆိုထားပါတယ်
DVB