Headlines News :
Home » » သျှမ်းပြည်နယ်ဝန်ကြီး သျှမ်းပြည်သူပြည်သားအားလုံးရဲ့ ယုံကြည်မှုကိုဘယ်လောက်ထိ တည်ဆောက်နိုင်မလဲ

သျှမ်းပြည်နယ်ဝန်ကြီး သျှမ်းပြည်သူပြည်သားအားလုံးရဲ့ ယုံကြည်မှုကိုဘယ်လောက်ထိ တည်ဆောက်နိုင်မလဲ

Written By Live100 on Monday, March 28, 2016 | 10:15 PM

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့ခန့်အပ်တဲ့ ပြည်နယ် ၊ တိုင်းဒေသကြီး အစိုးရရဲ့ ၀န်ကြီးချုပ် ၁၄ ဦးကို ပြည်နယ် ၊ တိုင်းဒေသကြီးအသီးသီးမှ မဲခွဲဆုံးဖြတ်ကာ ၀န်ကြီးအမည် များအား အတည်ပြုကြေငြာရာမှာ သျှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် ဒေါက်တာလင်းထွဋ်အား ရွေးချယ်ခဲ့ပါတယ် ။ အစဉ်အလာအရ သျှမ်းပြည်ရဲ့အကြီးအကဲတွေဟာ စစ်အစိုးရကလွဲပြီးရင် သျှမ်းပြည် သားမဟုတ်တဲ့သူ မရှိခဲ့ဖူးဘူးလို့ လည်း ဝေဖန်ပြောဆိုမှုတွေရှိခဲ့သလို သျှမ်းပြည်နယ်ဝန်ကြီးချုပ် နေရာ အတွက် သျှမ်းပါတီအား တာဝန်ပေးရန် သျှမ်းပြည်လူထုတို့ တောင်းဆိုမှုများလည်း ရှိခဲ့ဖူးပါတယ် ။ သျှမ်းပြည်သားမဟုတ်သည့် သျှမ်းပြည်နယ် ၀န်ကြီးချုပ်နေရာအား သျှမ်းပြည်သားမဟုတ်သည့် ဒေါက်တာလင်းထွဋ် အား တာဝန်ပေးလိုက်သည့်အပေါ် SNLD ကျားခေါင်းပါတီ အနေနဲ့ ဘယ်လိုသုံး သပ်မိပါသလဲ - ပြောခွင့်ရ စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ် ။



မေး ။ ။ NLD ကနေ ဒေါက်တာလင်းထွဋ်ကို သျှမ်းပြည်နယ်ဝန်ကြီးချုပ် အဖြစ် တာဝန်ပေးလိုက်တဲ့ အပေါ် SNLD အနေနဲ့ ဘယ်လိုမြင်ပါသလဲခင်ဗျ ။


ဖြေ ။ ။ NLD က အနိုင်ရပါတီဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့ရဲ့လုပ်ပိုင်ခွင့်ထဲကအတိုင်းပေါ့နော် ။ သူကြိုက်တဲ့ တယောက်ကို သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်လိုက်တယ် ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆိုရင် တော့မှန်ပါတယ် ။ ဒါပေမယ်အဲ့ဒီအတိုင်းဘဲလုပ်တော့မှာလား ။ တခြား တယောက်ယောက်ကို ပေးလို့မရ တော့ဘူးလား ။ ပေးမယ်ဆိုရင် တခြားပါတီ တခြားတယောက်ယောက်ကို ပေးလို့ရပါတယ် ။  အခုရွေးချယ်တ ပုဂ္ဂိုလ်ဟာ သျှမ်းပြည်မှာတခါမှ အစဉ်အလာမရှိခဲ့ဖူး တဲ့အနေအထားကနေ ဖောက်ထွက်ပြီးလုပ်သွားတာ ။ သျှမ်းပြည်အဆက်ဆက် အကြီးအကဲတွေဟာ သျှမ်းပြည်သားတွေချည်းဘဲဖြစ်ခဲ့တာပေါ့နော် ။ အခုကျမှဒီ သျှမ်းပြည်သားတယောက်ကို အဲဒီတာဝန် ပေးမယ်ဆိုလို့ရှိရင် အမျိုးသားရင်ကြားစေ့ရေးအတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ ကျနော်တို့သုံးသပ်ပါတယ် ။


မေး ။ ။ အဲလိုဆိုရင်သူ့အတွက် အခက်အခဲရှိနိုင်မလား ။


ဖြေ ။ ။ သျှမ်းပြည်နယ်ဝန်ကြီး သျှမ်းပြည်သူပြည်သားအားလုံးရဲ့ ယုံကြည်မှုကိုဘယ်လောက်ထိ တည်ဆောက် နိုင်မလဲ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲ ဆိုတာ သူ့အတွက်ကြီးမားတဲ့ စိန်ခေါ်မှု ကြီးဖြစ်လိမ့်မယ် လို့မြင်တယ် ။


မေး ။ ။ ဘယ်လိုစိန်ခေါ်မှုတွေလဲခင်ဗျ ။


ဖြေ ။ ။ ဘာလဲဆိုတော့ သျှမ်းပြည်နယ်ဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးဦးရေ များတယ် ။ နောက် လက်နက်ကိုင် ပဋိပက္ခ အထူပြောဆုံးပြည်နယ်လို့ ပြောရင်လည်း မမှားဘူး ။ နောက်တရုတ်ပြည် ၊ ထိုင်း စတဲ့နိုင်ငံတွေနဲ့လည်း တံခါးပေါက် လိုဖြစ်နေတယ်ဆိုတဲ့ခါကျတော့ စီးပွါးရေးအရရော ထိန်းရကွပ်ရ အင်မတန် လက်ဝင်ပါလိမ့်မယ် ။ နောက် မူးယစ်ဆေးဝါးကိစ္စ အင်မတန်ရှုပ်ထွေးတဲ့ ဒေသလို့ပြောရင်လည်းမမှားပြန်ဘူး ။ အဲဒီအခြေအနေအကုန်လုံးကိုသုံး သပ်ကြည့်မယ် ဆိုလို့ရှိရင် ပြည်တွင်းစစ်ရဲ့အဓိကတရားခံက တိုင်းရင်းသား တွေရဲ့ယုံကြည်မှု တိုင်းရင်းသားတွေရဲ့နဂိုရပိုင်ခွင့်တွေမရမဖြစ် ဖြစ်နေတာကိုး ။ အဲဒီပြည်တွင်းစစ်ကို ရပ်တံ့နိုင် မှသာလျှင်နောက်တဆင့်တက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်လို့ရမယ် ။ နိုင်ငံရေးဆွေးနွေးပွဲကနေ ရလာတဲ့ သဘောတူညီချက်တွေ ကိုအခြေခံပြီးဖွဲ့စည်းပုံပြင်ဆင်ဖို့ကို ကျနော်တို့ခြေလှမ်းနိုင်မယ်။ အဲ့တော့ဖွဲ့စည်းပုံ ကိုပြင်ကြမယ် ။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုအဟုတ် တည်ဆောက်ပြမယ် ငြိမ်းချမ်းရေးကိုမရရ အောင်ကြိုးပမ်းမယ် ဆိုလို့ရှိရင်တော့ လူ ပုဂ္ဂိုလ်ဟာ သိပ်အရေးပါတော့မှာ မဟုတ်ဘူး ။ လုပ်ဆောင်ချက် ပေါ် မှာဘဲမူတည်တယ် ။ ဒါမယ့်အဲ့လောက်ထိ လုပ်နိုင်ခွင့်ရှိပါရဲ့လား ဆိုတာ ပြည်သုံးသပ်ကြည့်ရင်မလွယ်ဘူးဖြစ် နေမှာ ပေါ့နော် ။ အဲ့ကြောင့်မို့လို့  အခုရွေးချယ်မှုအနေ အထားဟာ  စိန်ခေါ်မှုတွေအများကြီးရင်ဆိုင်ရနိုင်မယ်လို့ ဘဲ ပြော်လိုပါတယ်ခင်ဗျ ။


မေး ။ ။ ဟုတ်ကဲ့  ဒါဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အားနည်းစေတယ်လို့ ဆရာပြောသွားပါ တယ် ။  ဒါပေမယ့်  NLD ရဲ့ ကြေငြာချက်မှာတော့ တိုင်းရင်းသားပြသနာကို ပထမ ဦးစားပေးလုပ် ဆောင် သွားမယ် လို့ပါရှိပါတယ် ။ အဲတာကကော် ။


ဖြေ ။ ။ အဲဒီကြေငြာချက်ကိုတော့ ကျနော်တို့ကြိုဆိုရမှာပေါ့နော် ။ ဒါပေမယ့် လက်တွေ့အမှန်တကယ် ဘယ် လောက်ထိလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပေါ့ ။ တကယ်တမ်း လက်တွေ့ကျကျ လုပ်ပြချင်တယ်ဟေ့ ဆိုတဲ့ခါကျရင်  ရင်ဆိုင်ရမယ့်အခက်အခဲ ကျော်လွှားရမယ့်အခက်အခဲက အများကြီးရှိဦးမှာပါ ။ အဲ့ကြောင့်မို့လို့ သဘောထားအင်မတန်ကြီးပြီးတော့မှ တကယ့်ကိုအမျှော်အမြင်ကြီးကြီးနဲ့လုပ်နိုင်မှ တန်ကာကျမယ့်အနေ အထားပါ ။ အဲဒီအနေအထားမျိုးရောက်ဖို့ဆိုတာကလည်း ပတ်ဝန်းကျင်အခြေအနေ ၊ နောက် နိုင်ငံရေးရာသီ ဥတု နောက်တိုင်းရင်းသားတွေရဲ့ပံ့ပိုးကူညီမှု အဲတာတွေအများကြီးလိုအပ်ဦးမှာပါ ။


မေး ။ ။ တဖက်မှာဘဲအရင်တုန်းက SNLD နဲ့ NLD က မိတ်ဖက်ပါတီတွေဖြစ်လာတယ် ။ သျှမ်းပြည်ဝန်ကြီးချုပ် အတွက်လည်း နေရာရလိမ့်မယ်လို့သတင်းတွေထွက်ပေါ်နေတယ် ။ အစိုးရ အဖွဲ့မှာ NLD ကမ်းလှမ်းတဲ့ဟာကို ဘာကြောင့် SNLD က လက်မခံတာလဲ ။


ဖြေ ။ ။ ကျနော်တို့ SNLD က ရွေးကောက်ပွဲမတိုင်မှီ စည်းရုံးရေးဆင်းကတည်းက ကျနော်တို့ လူထုကို ရှင်းရှင်း လင်းလင်း ပြောပြထားပြီးသား ဖြစ်တယ် ။ ကျနော်တို့ရဲ့ အန္တိမ ရည်ရွယ်ချက် ရည်မှန်းချက်ပန်းတိုင်က စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့  ဖွဲ့စည်းပုံကိုမလွဲမသွေ ပြင်ရမှာဖြစ်တယ် ။ အသစ်ပြန်လည် ရေးဆွဲသင့်ရင်လည်း ပြန်လည်ရေးဆွဲရမယ် ။ အဲလို ဖွဲ့စည်းပုံကို အသစ်ဖြစ်အောင် လုပ်ဖို့ဆိုလို့ရှိရင် နိုင်ငံရေး ဆွေးနွေးပွဲကနေတဆင့်သွားရမယ် ။ နိုင်ငံရေးဆွေးနွေးပွဲကိုသွားဖို့ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကိုအရင် ဖော်ဆောင်ရမယ် ။ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းအောင်ရပ်တန့်အောင်အရင် ကြိုးပမ်းရမယ် ။  အဲ့ကြောင့်အဲတာ တွေကို မလုပ်နိုင်သေးဘဲနဲ့ အုပ်ချုပ်ရေးအပိုင်းမှာ ကျနော်တို့သွားပြီးတော့မှ အားပြုလိုက်မယ် ၀င်ပါလိုက်မယ် ဆိုရင်ကျနော်တို့ နဂိုလုပ်ချင်တဲ့ ရည်မှန်းချက်တွေ  ဝေဝါးသွားမှာစိုးလို့ အဲဒီအစိုးရအဖွဲ့ထဲမှာမပါဖို့ ကျနော်တို့ ဆုံးဖြတ် ရတာဖြစ်တယ် ။


မေး ။ ။ အခုက NLD က အစိုးရဖြစ်လာတယ် ။ USDP က ဆန့်ကျင်ဘက်ပါတီဖြစ်လာမယ် ။ ဆိုတော့ အတိုက် အခံတွေ အနေနဲ့ USDP နဲ့များ လမ်းချင်း ရည်ရွယ်ချက်ချင်းတူသွားမလားဆိုပြီးစိုးရိမ်ပူပန်မှုတွေ ရှိလာတာတွေလည်း ရှိပါတယ် ။


ဖြေ ။ ။ အဲတာကတော့ စိုးရိမ်တတ်တဲ့သူတွေအဖို့ ဝေဖန်တဲ့သူတွေ အဖို့အချိန်ကုန်ရုံဘဲရှိမှာပါ ။ ကျနော်တို့ဟာ ဒီမိုကရေစီကိုလိုလားတယ် ။ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက်ကို အာသီသ ပြင်းပြတယ် ။ အဲဒီအတွက်လည်း ကျနော်တို့ပါတီစတင်တည်ထောင်လာတဲ့အချိန် ၁၉၈၈ ကတည်းက ဒီနေ့အထိ မယိမ်းမယိုင်ကျနော်တို့က ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ဖို့ ဒီမိုကရေစီအတွက် ကြိုးပမ်းလာတဲ့အတွက် ကြောင့်မို့လို့ စောစောက စိုးရိမ်နေတဲ့အချက်တွေဟာ ထည့်ပြောစရာမလိုတော့ အောင်လုံလောက်နေပါတယ် ။ ကျနော်တို့က လုံးဝ ကိုယ့်ခြေထောက်ပေါ်မှာဘဲ ကိုယ်ရပ်တည်နေတာပါ ။


မေး ။ ။ ဆိုတော့ SNLD အနေနဲ့ ရှေ့ဆက် ဘယ်လိုရပ် တည်သွားမလဲ ။


ဖြေ ။ ။ SNLD က NLD အစိုး ရနဲ့  ပတ်သက်လာရင် လွှတ်တော်ထဲမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်အားလုံးကိုကျနော်တို့ ညွှန်ကြားထားပြီးဖြစ်တယ် ။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင် ဖို့ နောက် နည်းဥပဒေတွေ ဥပဒေတွေကို အသစ်ပြဌာန်းဖို့ ။ နောက် ခေတ်နဲ့မလျော်ညီတော့တဲ့ ဥပဒေတွေ နည်းဥပဒေတွေကို ပယ်ဖျက်ပစ်ဖို့ ။ နောက် တရားမျှတမှုမရှိလောက်ဘူးဆိုတဲ့ အမိန့်အာဏာတွေကို ပြန် လည်ရုပ်သိမ်းဖို့ စတဲ့ကိစ္စ တွေမှာ NLD နဲ့ပူးပေါင်းလက်တွဲပါဝင်ဆောင်ရွက်သွားဖို့ ကျနော်တို့လွှတ်တော် ကိုယ် စားလှယ်များကိုညွှန်ကြားထားပြီးဖြစ်တယ် ။ ဒါပေမယ့်အစိုးရအဖွဲ့မှာတော့ ပူးပေါင်းပါဝင်ပြီးတော့မ ဆောင်ရွက် နိုင်တဲ့အနေအထားမျိုးမရှိဘူး။ အဲတာကတော့ ကိုယ့်ရဲ့နိုင်ငံရေး ရည်မှန်းချက် ၊ ကိုယ့်ရဲ့ပါတီလုပ်ငန်း အစရှိ တဲ့ကိစ္စတွေကြောင့်မို့လို့ ကျနော်တို့မပါခြင်းဖြစ်တယ် ။ အဲ့ကြောင့်မို့လို့ ဖွဲ့စည်းပုံပြင်ဆင်ရေး  ပြည်တွင်းငြိမ်းချမ်း ရေးတည်ဆောက်မှုလုပ်ငန်း နောက် အားလုံးပါဝင်နိုင်တဲ့ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲ စတဲ့ ကိစ္စ တွေမှာတော့ အစိုးရအဖွဲ့တွေမှာမပါရုံတမယ်ဘဲရှိတယ် ။ အဲဒီကိစ္စတွေပေါ်ပေါက်ဖို့ အဲဒီကိစ္စတွေ အောင်မြင်ဖို့ ဆိုလို့ရှိရင် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းပံ့ပိုးပေးဖို့ ကျနော်တို့ဘက်က အဆင်သင့်ဘဲရှိပါတယ် ။


မေး ။ ။ တိုင်းရင်းသားအရေး ကို NLD က ဘယ်လိုအကောင်အဖော်သင့်ပါသလဲ ။


ဖြေ ။ ။ ပထမဆုံးလုပ်သင့်တာကတော့ ဥပမာ EAO လက်နက်ကိုင် အဖွဲ့အစည်းအပစ်အခတ်ရပ်စဲဖို့လက်မှတ် မထိုးရသေးတဲ့အဖွဲ့အစည်းတွေဘဲဖြစ်ဖြစ် ထိုးပြီးသားအဖွဲ့တွေဘဲဖြစ်ဖြစ် အားလုံးကိုတွေ့ဆုံပြီးတော့မှ တန်း တူညီမျှ ထားပြီးတော့မှ ဆက်ဆံဖို့လိုတယ်။ သူတို့တွေကို ဆွေးနွေးတိုင်ပင်ဖို့လိုတယ် ။ ပြီးရင် တိုင်းရင်းသား အဖွဲ့ အစည်းဆိုတဲ့နေရာမှာ မြို့ပေါ်မှာရှိနေကြတဲ့နိုင်ငံရေးပါတီ ၊ စီအက်စ်အိုအဖွဲ့အစည်း ၊ အဲတာတွေ အများ ကြီး ရှိနေပါသေးတယ်။ နောက်တိုင်းရင်းသားထဲက တတ်သိပညာရှင် ။ အဲဒီပုဂ္ဂိုလ်တွေအကုန်လုံးနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတော့မှ အကြံဉာဏ်ရယူသင့်တယ် သဘောထားတွေတောင်းခံသင့်တယ် ။ အကြိမ်ကြိမ်ဆွေးနွေးပြီး မှ ဘယ်ကစတင်သင့်တယ် ဆိုတဲ့ဆီကနေ စတင်ရမယ်လို့မြင်မိပါတယ် ။


မေး ။ ။ နောက်ဆုံးအနေနဲ့ သျှမ်းလူထုကို ဘာများပြောချင်ပါသလဲခင်ဗျ ။


ဖြေ ။ ။ ကျနော်တို့ အားလုံးကို မေတ်တာရပ်ခံလိုတာကတော့ ပြည်သူလူထုရဲ့အားက အဓိကကျဆုံးပါ ။ ပြည်သူလူထုကိုယ်တိုင်က ကျနော်တို့အားလုံးရဲ့ နဂိုရပိုင်ခွင့်ကဘာလဲဆိုတာ တိတိကျကျ နားလည်ပြီးတဲ့ နောက်မှာ ကိုယ့်အိမ်ကိုဆောက်နိုင်ဖို့အတွက် ကိုယ့်ပါတီဟာဘယ်ဟာလဲ ။ ကိုယ့်ရဲ့အခွင့်အရေးကိုဘယ်သူက အဓိကလုပ်ပေးနိုင်မလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ဖို့နဲ့ မြင်တတ်အောင်ကြည့်ဖို့လိုပါတယ် ။ မြင်ပြီး သိပြီး တဲ့ပုဂ္ဂိုလ်တွေဟာလည်း ၀ိရိယစိုက်ပြီးတော့ ဒါဟာ ကိုယ့်ရဲ့သမိုင်းပေးတာဝန်တရပ်ဆိုတာ နားလည်ပြီးတော့ ပံ့ပိုးကူညီကြဖို့ လိုအပ်တယ် ။ အားလုံးက စုစည်းညီညွတ်မှုမရှိဘူးဆိုရင်တော့ ပါတီတခုတည်းလုပ်လို့ အောင် မြင်ချင်မှအောင်မြင်လိမ့်မယ် ။ အဖွဲ့အစည်းတခုတည်းလုပ်လို့  အောင်မြင်ချင်မှအောင်မြင် လိမ့်မယ် ။ အားလုံး ညီညီညာညာဝိုင်းဝန်းဆောင်ရွက်မှ အောင်မြင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီအချိန်မှာ သွေးစည်းညီညွတ် ရေးက အဓိက အကျဆုံးပါဘဲလို့ဘဲ ပြောချင်ပါတယ် ။


အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား ။


မတ်လ ၂၈ ရက်ကကျင်းပတဲ့ ဆဋ္ဌမအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေးကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  NLD မှ သမ္မတသစ် (လောင်း) ဦးထင်ကျော် က  လားရှိုးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ဒေါက်တာလင်းထွဋ်အားရွေးချယ်ပြီးတော့မှ  သျှမ်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုကြေငြာခဲ့ပါတယ် ။ ဧပြီလ ၁ ရက်နေ့မှာ NLD အစိုးရသစ်ကနေ နိုင်ငံတော်အာဏာကိုတရားဝင်လွဲပြောင်း ယူမှာဖြစ်ပါတယ် ။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template