Headlines News :
Home » » ရခိုင်အမျိုးသားပါတီ၏ ကြေညာချက်များကို သဘောမတူကြောင်း ရှင်းလင်းခဲ့ခြင်းနှင့် ပတ်သက်၍ ပါတီမှထုတ်ပယ်ခံရသည့် CEC များက ထုတ်ပယ်မှုကို လက်မခံကြောင်း သဘောထားထုတ်ပြန်

ရခိုင်အမျိုးသားပါတီ၏ ကြေညာချက်များကို သဘောမတူကြောင်း ရှင်းလင်းခဲ့ခြင်းနှင့် ပတ်သက်၍ ပါတီမှထုတ်ပယ်ခံရသည့် CEC များက ထုတ်ပယ်မှုကို လက်မခံကြောင်း သဘောထားထုတ်ပြန်

Written By Live100 on Sunday, March 27, 2016 | 9:17 AM

ရခိုင်အမျိုးသားပါတီ၏ ကြေညာချက်များကို သဘောမတူကြောင်း ရှင်းလင်းခဲ့ခြင်းနှင့် ပတ်သက်၍ ပါတီမှထုတ်ပယ်ခံရသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) အဖွဲ့ဝင်များက ယင်းသို့ထုတ်ပယ်မှုကို လက်မခံကြောင်း မတ်၂၅ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။

ရခိုင်အမျိုးသားပါတီက၂၀၁၆ ခုနှစ် ဇန်န၀ါရီတွင် ပြည်နယ်အစိုးရ ဖွဲ့စည်းရေးအပေါ် သဘောထားနှင့် ဖေဖော်ဝါရီတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် မဟာမိတ် ဆက်ဆံရေး ရပ်စဲကြောင်း ကြေညာချက်များကို ထုတ်ပြန်ခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ခြောက်ဦးကမူ အဆိုပါကြေညာချက်များမှာ တစ်ဖက်သတ် ဆုံးဖြတ်ချက်များဖြစ်၍ လက်မခံကြောင်း မတ် ၆ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းမှု ပြုလုပ်ခဲ့သည်။ သို့ ရာတွင် ထိုကဲ့သို့ သတင်းစာ ရှင်းလင်းမှု ပြုလုပ်ခြင်းမှာ ပါတီစည်းကမ်းများကို ချိုးဖောက်ရာရောက်ကြောင်း မတ် ၁၃ ရက်တွင် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးဆုံးဖြတ်ခဲ့ပြီး ၎င်းတို့အား ထုတ်ပယ်ကြောင်း ပါတီကကြေညာခဲ့သည်။

ထုတ်ပယ်ခံရသည့် UNA အဖွဲ့ဝင်များက ၎င်းတို့၏ သဘောထားအား ပြန်လည်ထုတ်ပြန်ရာတွင် ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ (RNDP) နှင့် (ALD) အဖွဲ့ဝင်များအဖြစ် သီးခြားဖော်ပြခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီ (RNDP) ၏ ဆုံးဖြတ်ချက်များမှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီ (ALD) တို့၏ ဂုဏ်သိက္ခာအား များစွာထိခိုက်စေသဖြင့် ပါတီ၏ဆုံးဖြတ်ချက်အား အမြန်ဆုံးပြန်လည်ရုပ်သိမ်းပေးပြီး တွေ့ဆုံဆွေးနွေးရန်နှင့် ထိုကဲ့သို့မဟုတ်ပါက နောင်ဖြစ်ပေါ်လာမည့် ကိစ္စအ၀၀သည် ရခိုင်အမျိုးသားပါတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီ (RNDP) တို့၏ တာဝန်သာဖြစ်လိမ့်မည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့နှင့် ဆုံးဖြတ်ချက်ပေးခဲ့ကြသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီအားလုံးတို့မှာ ယခင်ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင်များ ဖြစ်သောကြောင့် အဆိုပါ ဆုံးဖြတ်ချက်များမှာ ရခိုင်အမျိုးသားပါတီ၏ ဆုံးဖြတ်ချက် မဟုတ်သဖြင့် တရားမ၀င်သည့်အတွက် ၎င်းတို့အနေဖြင့် ပါတီဝင်များအဖြစ်ပင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့သည် ၂၀၁၃ ခုနှစ်တွင် နှစ်ပါတီပေါင်းစည်းပြီး ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် စက်တင်ဘာက ရခိုင်ပြည်နယ် သံတွဲမြို့၌ ကျင်းပသည့် ပထမအကြိမ် ပါတီညီလာခံတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ကို ALD ပါတီကခုနစ်ဦး၊ RNDP ပါတီက ၃၂ ဦး စုစုပေါင်း ၃၉ ဦးရွေးချယ်ခဲ့ကြောင်း သိရသည်။ 

ရခိုင်အမျိုးသားပါတီက ထုတ်ပယ်ခဲ့သည့် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များမှာ ယခင် ALD ပါတီဝင်များ ဖြစ်ကြသည့် ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်း၊ ဦးသန်းနိုင်မြင့်တို့ ဖြစ်သည်။

ပါတီမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ထုတ်ပယ်ခံရသူ တစ်ဦးဖြစ်သည့် ဦးကျော်မြင့်က “ယခင် RNDP နဲ့ ALD ပါတီဝင်တွေ ရှိနေခြင်းဟာ ANP ပါတီရဲ့ ၀ိသေသ လက္ခဏာပဲ။ အဲဒီလက္ခဏာ ပျောက်သွားမယ်ဆိုရင်တော့ ANP ပါတီဟာ အင်္ဂါမစုံတော့ဘူး။ လောလောဆယ်ကတော့ ကျွန်တော်တို့ကို ထုတ်လိုက်ပါတယ်ဆိုတဲ့ ဆုံးဖြတ်ချက်တောင် ကျွန်တော်တို့ဆီကို တရားဝင် မရောက်သေးဘူး။ ဒါတွေဖြစ်လာလို့ ကျွန်တော်တို့ကို ထုတ်လိုက်မယ်ဆိုရင် ANP ပါတီမှာ ယခင်က ALD ပါတီဝင်တွေဆိုတာ မရှိတော့ဘူး။ CEC အဖွဲ့မှာပေါ့။ CEC အဖွဲ့မှာ ယခင် ALD ပါတီကလူတွေ တစ်ယောက်မှ မရှိဘူးဆိုရင် ANP ပါတီရဲ့ ရပ်တည်ချက်ကို ထိခိုက်လာပြီ” ဟုဆိုသည်။

ထို့ပြင် ပါတီတွင်း ကြေညာချက်များအပေါ် မူဝါဒရေးရာ သဘောထားကွဲလွဲခြင်းနှင့် ပတ်သက်၍ ယခင် RNDP အဖွဲ့ဝင်များဖြစ်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဘက်သို့ တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိဘဲ ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ တစ်ဖက်သတ် ဆုံးဖြတ်ချက်ဖြင့် ၎င်းတို့အား ပါတီမှထုတ်ပယ်ကြောင်း ဆုံးဖြတ်ခဲ့ကြကြောင်း ထုတ်ပယ်ခံရသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) အဖွဲ့ဝင်များက တုံ့ပြန်ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် (ယခင် RNDP ဥက္ကဋ္ဌ) ကမူ “ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ (ANP) CEC ရဲ့ဆုံးဖြတ်ချက်ကို လက်မခံတာလည်းပဲ CEC (ANP) ကပါပဲ။ ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲလုပ်တယ်။ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေကို ဖောက်ဖျက်ပြီးမှ ရခိုင်အမျိုးသားပါတီ ကွင်းစ၊ ကွင်းပိတ် ALD ဆိုတာကို သုံးလာတယ်။ ဒါသုံးခွင့်ကို မရှိဘူး။ ANP ကိုမှတ်ပုံတင်ခွင့်ပြုတဲ့နေ့ကစပြီး ALD ကိုဖျက်သိမ်းရပါတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကို ဖျက်သိမ်းရပါတယ်။ တရားဝင်ပါ။ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းအားလုံးကို ANP ကိုအမွေခံအဖြစ် ပေးရပါတယ်။ အဲဒီအခါမှာ ဖျက်လိုက်တဲ့ ပါတီတစ်ခုကို ပြန်အသက်သွင်းခြင်းသည် ရခိုင်အမျိုးသားပါတီရဲ့ အတွင်းထဲမှာရှိတဲ့ အင်အားစုတစ်ခုက ထုတ်နုတ်ပြီးမှ ဖြိုခွဲတဲ့ပုံစံမျိုးဖြစ်မဖြစ် အဲဒီလို သတင်းစာရှင်းလင်းပွဲလုပ်ခြင်းတို့ CEC များရာစု၏ ဆုံးဖြတ်ချက်ကို လိုက်နာမှုမပြုနိုင်ဘူးလို့ ကြေညာခြင်းသည် ပါတီကို ဖြိုခွဲတာဟုတ်၊ မဟုတ်တို့ ပြန်သုံးသပ်လို့ ရပါတယ်။ အဲဒီလိုပါတီကို ဖြိုခွဲဖို့ကြိုးစားတာကို ပါတီရဲ့စည်းမျဉ်း၊ စည်းကမ်း ပါတီရဲ့ဖွဲ့စည်းပုံပြဋ္ဌာန်းပါ အချက်များအရ အရေးယူ အပြစ်ပေးနိုင်ခြင်း မရှိဘူးဆိုရင် ပါတီမဟုတ်တော့ဘူးပေါ့” ဟုပြောကြားသည်။

ရခိုင်အမျိုးသားပါတီ CEC အဖွဲ့ဝင်အချို့ ထုတ်ပယ်ခံရခြင်းမှ ပါတီတွင်း တင်းမာမှုများ ဖြစ်ပေါ်လာပြီး ပါတီပြိုကွဲသွားမည်ကိုလည်း ရခိုင်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူအချို့က စိုးရိမ်လျက်ရှိနေသည်။

ဇာလီမြင့်ဦး Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template