Headlines News :
Home » » မြေယာကိစ္စ ဦးစွာရှင်းလိုကြောင်း အရွေးချယ်ခံ တနင်္သာရီ ၀န်ကြီးချုပ်ပြော

မြေယာကိစ္စ ဦးစွာရှင်းလိုကြောင်း အရွေးချယ်ခံ တနင်္သာရီ ၀န်ကြီးချုပ်ပြော

Written By Live100 on Monday, March 28, 2016 | 6:53 PM

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်


Dawei Watch| ထားဝယ်၊ မတ် ၂၈


မြေယာပြဿနာ အမှုအခင်းများစွာရှိသော တနင်္သာရီတိုင်းဒေသကြီးတွင် မြေယာပြဿနာကို ဦးစွာဖြေရှင်းလိုကြောင်း အရွေးချယ်ခံ ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က Dawei Watch သို့ ပြောကြားသည်။


သရက်ချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ဒေါက်တာလဲ့လဲ့မော်ကို ၀န်ကြီးချုပ်အဖြစ် မတ်လ ၂၈ ရက်နေ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုပြီးနောက် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။


ပထမဦးစားပေးအဖြစ် လယ်မြေကိစ္စရပ်များကို ရှင်းလိုပြီး ဒုတိယ ဦးစားပေး အနေနှင့် ပြည်သူများ စားဝတ်နေရေး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးလိုကြောင်း ဒေါက်တာလဲ့လဲ့မော်က ပြောဆိုသည်။


“ဒို့အရေး ဒို့အရေးအော်နေတဲ့ မြေယာတွေချည်းပဲများတယ်ဆိုတော့ အဲလိုမျိုးမြေယာမှုခင်းတွေကို ရက်တစ်ရာမှာ အရင်ဆုံးရှင်းပေးချင်တယ်”ဟု ၎င်းက ဆိုသည်။


ယင်းတို့မှာ ၎င်း၏ တစ်ဦးတည်း ဆန္ဒသာရှိသေးပြီး ပါတီအနေနှင့် မည်သို့သော စီမံကိန်းများ လုပ်ဆောင်ရမည်ကို မရှိသေးသဖြင့် ကတိက၀တ်များစွာ မပေးနိုင်သေးဘဲ ယင်းသို့ ရက်တစ်ရာ အတွင်း လုပ်ဆောင်ရမည့် စီမံကိန်းများ ထွက်ရှိလာပြီးနောက်ပိုင်း အကောင်းဆုံး လုပ်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ လဲ့လဲ့မော်က ပြောဆိုသည်။



၂၀၁၂ ခုနှစ်တွင် ပါတီဝင်ဖြစ်လာသော ဒေါက်တာ လဲ့လဲ့မော်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တနင်္သာရီတိုင်းဒေသကြီး အလုပ်မှုဆောင် တစ်ဦး ဖြစ်ပြီး ၀န်ကြီးချုပ်အဖြစ် အရွေးချယ်ခံရရန် ရေပန်းစားခြင်းမရှိခဲ့ပေ။


ယင်းအပြင် ဒေါက်တာလဲ့လဲ့မော်သည် တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုး၏ ခယ်မဖြစ်ပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်စိုးမှာ များစွာ နီးကပ်မှုရှိသဖြင့် ထိုသို့ ၀န်ကြီးချုပ် အဖြစ် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။


“ဒါပေမယ့်လို့ အစ်မ အခုလိုဖြစ်လာတာကတော့ ဦးအောင်စိုးရဲ့ အကူအညီပါလိမ့်မယ်လို့ မထင်ပါဘူး။ ဦအောင်စိုးကို အစ်မကလည်း အစောကြီးထဲက ကြိုပြောထားပါတယ်။ နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ်ပဲလှုပ်ရှားရအောင်လို့ အစ်ကိုနဲ့ ကျွန်မနဲ့ ဆိုပြီးတော့ အဲလိုမျိုး။ အစ်မတို့လွတ်လွတ်လပ်လပ်ပဲ လှုပ်ရှားကြပါတယ်”ဟု ဒေါက်တာလဲ့လဲ့မော်က အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ပြန်လည် တုံ့ပြန်ပြောဆိုသည်။


မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ကာ ရွေးချယ်လိုက်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ၀န်ကြီးချုပ် ၁၄ ဦးတွင် အမျိုးသမီး ၂ ဦးပါဝင်ပြီး ယင်းတို့မှာ ဒေါက်တာလဲ့လဲ့မော်နှင့် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ ဖြစ်သည်။


ဒေသခံတိုင်းရင်းသူ တစ်ဦး မဟုတ်သည့် ဒေါက်တာလဲ့လဲ့မော် ၀န်ကြီးချုပ် အဖြစ်အရွေးချယ်ခံရခြင်းကို ထားဝယ်တိုင်းရင်းသားများပါတီနှင့် မြိတ်နှင့် ကော့သောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့က အပြုသဘော တုံ့ပြန်ပြောဆိုသည်။


ပြည်သူအတွက် များစွာ အလုပ်လုပ်လိုကြောင်း ပြောကြားထားသဖြင့် ထိုကတိစကားကို ယုံကြည်နေမည်ဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောဆိုသည်။


“ပြည်သူဘက်ကို မျက်နှာမူလိမ့်မယ်လို့ ယုံကြည်ထားတယ်”ဟု ၎င်းက ဆိုသည်။


ရွေးချယ်ခံထားရသော ၀န်ကြီးချုပ် အနေနှင့် တိုင်းအတွင်း တရားဥပဒေ စိုးမိုးရေးကို အဓိက လုပ်ဆောင်ရန် လိုအပ်ပြီး စည်ပင်သာယာရေး ဆိုင်ရာ ဥပဒေကို ပြုပြင်ပြောင်းလဲရေး ပယ်ဖျက်ရန် လိုကြောင်း မြိတ် ၈၈ ကျောင်းသားများ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ဦးအောင်နိုင်ဦးက ပြောကြားသည်။


“နောက်တစ်ခုက ပြည်သူတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ CSO (အရပ်ဘက်လူ့အဖွဲ့အစည်း) တွေနဲ့ တွေ့ဆုံပွဲတွေလုပ်သင့်တယ်”ဟု ၎င်းက ဆိုသည်။


ကော့သောင်း ၈၈ ကျောင်းသားများ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ဦးထင်ကျော်က လည်း ပုဂ္ဂိုလ်စွဲမရှိဘဲ အရွေးချယ်ခံရသော ၀န်ကြီးချုပ်နှင့် တိုင်းပြည်ပြုပြင် ပြောင်းလဲရေးလုပ်ငန်းများတွင် လက်တွဲ အလုပ်လုပ်သွားရန် ရှိကြောင်း ပြောဆိုသည်။


ထားဝယ်ဒေသ၊ သရက်ချောင်းမြို့ပေါ်တွင် ကိုယ်ပိုင်ဆေးကုခန်းဖွင့်ထားသော ဒေါက်တာလဲ့လဲ့မော်သည် ရန်ကုန်ဇာတိဖြစ်ပြီး အသက် ၅၀ နှစ် ရှိပြီဖြစ်သည်။


တနင်္သာရီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်စိုး၏ ညီဖြစ်သူ ဦးထွန်းမင်းနှင့် အိမ်ထောင်ပြုခဲ့ပြီး သားနှစ်ဦး သမီးနှစ်ဦးရှိသည်။


Dawei Watch
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template