Headlines News :
Home » » အသံကျယ်လာတဲ့ ကျူးကျော်နဲ့စက်မှုဇုန်

အသံကျယ်လာတဲ့ ကျူးကျော်နဲ့စက်မှုဇုန်

Written By လွင့်မောင်မောင် on Saturday, May 26, 2012 | 7:28 PM

Saturday, May 26, 2012  Sithu Linn  ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး- ဦးကျော်မိုး နှင့် ကျူးကျော်များ


စက်ရုံ၊ အဆောက်အအုံများ တည်ဆောက်ရန်အတွက် ဖယ်ရှားပေးရမည့် ကျူးကျော် နေထိုင်သူများကြောင့် ပါတီအဖွဲ့ဝင်များနှင့် စက်မှုဇုန်အရာရှိများအကြား တင်းမာမှုများ ဖြစ်ပေါ်နေသည်။

မေလ၃ရက်နေ့ ရွှေပြည်သာစက်မှုမြို့ စီမံခန့်ခွဲရေးရုံးတွင် စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ အတွင်းရေးမှူး ဦးသိန်းဝင်း ၊ ရုံးအဖွဲ့မှူး ဦးရွှေလှနှင့် ရွှေပြည်သာ မြို့နယ် NLD မှ တာဝန်ခံ ဦးသိန်းအောင် ၊ လှိုင်သာယာမြိုနယ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဗဟိုကော်မတီဝင် ဦးသောင်းထွန်း တို့နှင့် အတူ ကျူးကျော်နေထိုင်သူများ အပါအ၀င် ညှိနှိုင်းဆွေးနွေးပွဲတွင် တဖက်နှင့်တဖက် တင်းမာမှုများရှိခဲ့သည်။

“ခင်ဗျားတို့ ပါတီ ဖွင့်ပေးတာရယ် ဒီမိုကရေစီပေးတာရယ်ဟာ အပေါ်ကလူလဲ အအိပ်အစား မပျက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လဲအအိပ်အစားမပျက်ဘူး။ ခင်ဗျားတို့ ကျနော်တို့ အအိပ်အစား ပျက်နေတာက ခင်ဗျားတို့ ဘာတွေ ဆက်ဖြစ်ဦးမလဲဆိုတာ ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်ဆိုတာ သိဖို့လိုတယ်။ ခင်ဗျားတို့ကိုလဲ ဒါရိုးရိုးသားသားပြောတာ” ဟုစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ ရုံးအဖွဲ့မှူး ဦးရွှေလှက NLD မှ ဦးသိန်းအောင်အား ပြောကြားခဲ့သည်။

ရွှေပြည်သာမြို့နယ် အပိုင်း (၂) မြေတိုင်းရပ်ကွက်အမှတ် (၃၉) ၊ မြေကွက်အမှတ် (၆၇၊ ၆၈၊ ၆၉ ၊ ၇၀၊ ၇၁၊ ၇၂၊ ၇၃၊ ၇၄)တွင် နေထိုင်ကြသော ကျူးကျော်နေအိမ်များကို ထပ်မံ၍ အိမ်များတိုးချဲ့ခြင်းမပြုရန် တားမြစ်နေစဉ် နောက်ထပ် ကျူးကျော်များ ၀င်ရောက်ပြီးအိမ်များဆောက်လုပ်ပြင်ဆင် နေမှုကြောင့် ဖျက်သိမ်းပေးရန် အိုးအိမ်ဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိများ ၊ စက်မှုဇုန် စီမံခန့်ခွဲရေးမှ တာဝန်ရှိသူများ လာရောက်တားမြစ်ခဲ့ရာမှ NLDပါတီက ကြားဝင်၍ ညှိနှိုင်းပေးခဲ့ခြင်း ဖြစ်သည်။

“ ကျနော်တို့ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်ဆိုတဲ့ စကားဟာ အဓိပ္ပါယ် လေးနက်တယ်။ ဒီစကားကို လူကြီးမင်း တာဝန်ယူရလိမ့်မယ် “
“ ဓနရှင် လူတမ်းစားကောင်းစားရေးအတွက် ပစ္စည်းမဲ့ လူတန်းစား ဘ၀ပျက်မယ့် ကိစ္စကိုတော့ ပါတီက မခံဘူး” ဟုဦးသိန်းအောင်က ပြောဆိုသည်။

လက်ရှိဖယ်ရှားပေးရမည့် ရွှေပြည်သာမြို့နယ် အပိုင်း (၂) မြေတိုင်းရပ်ကွက်အမှတ် (၃၉) ၊ မြေကွက်အမှတ် (၆၇၊ ၆၈၊ ၆၉ ၊ ၇၀၊ ၇၁၊ ၇၂၊ ၇၃၊ ၇၄) မြေကွက်များကို ထက်အာကာကျော် ကုမ္ပဏီမှ စက်မှုဇုန်မြေကွက်အတွင်း အဆောက်အဦးများ ဆောက်လုပ်မည်ဖြစ်၍ အဆိုပါစက်မှုမြေအတွင်း တရားမ၀င် နေထိုင်ကြသည့် ကျူးကျော် အိမ်များကိုဖယ်ပေးရမည်ဖြစ်သည်။

ကျူးကျော်နေထိုင်သူများသည် ၁၉၉၄-၉၅ ခုနှစ် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသများ ၊ ရန်ကုန်တိုင်းဒေသကြီးဒေသများတွင် လယ်ယာမြေများ မတရား သိမ်းပိုက်ခံခဲ့ရခြင်း နှင့်၂၀၀၇ မေလတွင် တိုက်ခိုက်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ကိုလဲ ထပ်မံကြုံတွေ့ခဲ့ရသူများ ဖြစ်ကြောင်း ဦးသိန်းအောင်က ရှင်းပြခဲ့သည်။ ၎င်းက ဆက်၍ -

“နိုင်ငံတော် သမ္မတကြီးကဆင်းရဲသားပပျောက်ရေး မူဝါဒကို ချပေးလိုက်တယ်။ ချပေးလိုက်တဲ့ အခါကျတော့ ဒီလို မတရားလုပ်ခံရတဲ့ ဒီလူတွေဟာ ဒီအချိန်မှာ ပြန်လည်ပြီးတော့ သူတို့ဘ၀ တည်ဆောက်ရေးအတွက် တစုံတရာ ရလဒ် တခုမရဘဲနဲ့ ပြန်လည်ထူထောင်မယ့် ဘ၀ကို ထပ်ပြီးဖျက်ဆီးခံရမယ် ဆိုရင် ကျနော်တို့ရဲ့ သွားနေတဲ့ ဒီမိုကရေစီအရေးမှာ တစုံတရာ မပြေမလည်တွေဖြစ်မယ်။ ” ဟုတင်ပြခဲ့သည်။

ထိုသို့ပြောဆိုရာတွင် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ အတွင်းရေးမှူး ဦးသိန်းဝင်းက “ကျနော်တို့က ရှိတဲ့လူတွေအပြင် နောက်ထပ်တက်လာတဲ့ တိုးချဲ့လူတွေအတွက်ရော အသစ်ပြန်ဆောက်ပေးမယ် ဆိုရင် စက်မှုဇုန်တဇုန်လုံးမှာရှိတဲ့ ကွက်လပ်တွေ မှန်သမျှ တဲအိမ်တွေ ဖြစ်သွားလိမ့်မယ် အဲဒီအတွက် အန်ကယ်ကြီး တာဝန်ယူဖို့ လိုမယ်။ ”

“အန်ကယ်ကြီးကပါတီဆိုက်ကနေ ကြည့်လိုက်ရင် မရှိဆင်းရဲသားတွေကို ဟိုဒင်းဖြစ်တယ်ဆိုရင် အန်ကယ်ကြီးက တာဝန်ယူပြီးတော့ ဒီနေရာတွေကို ချထားပါတယ် ဆိုပြီးတော့ လက်မှတ်ထိုးပေးဖို့ လိုတယ်။ ”
“အန်ကယ်ကြီးတို့ကဆင်းရဲသားတွေကိုဘဲ ဇောင်းပေးပြီး ကြည့်လို့မရဘူး။ မြေပိုင်ရှင်တွေ ဘက်မှာရော ဆိုက်နှစ်ဖက် စလုံးကို ကြည့်ဖို့ လိုတယ်” ဟုပြောဆိုခဲ့သည်။

မြေကွက်ပိုင်ရှင်ဟု အမည်တပ်ထားသော ထက်အာကာကျော် ဆိုသည်မှာ ကုမ္ပဏီအမည်သာဖြစ်ပြီး အမည်ရင်း ပျောက်ဆုံးနေသည်။ ဧရာဝတီမှ ထက်အာကာကျော်ကုမ္ပဏီ၏ ပိုင်ရှင် အမည်ရင်းကို မေးမြန်းရာတွင်လည်း အတွင်းရေးမှူး ဦးသိန်းဝင်းက တိတိကျကျ ဖြေကြားခြင်း မရှိခဲ့ပေ။

စက်မှုဇုန် စီမံခန့်ခွဲရေးရုံးမှ ထုတ်ပြသော မြေပိုင်ဆိုင်မှု သက်သေ အထောက်အထား စာရွက်စာတမ်းများမှာ မန္တလေးမှ ဒေါ်ဝေေ၀ထွေး ဆိုသူ ၀ယ်ယူထားသော ရွှေပြည်သာမြို့နယ် စက်မှုဇုန် အပိုင်း(၄) မှ မြေကွက်အမှတ် ( ၁၄၁ A + ၁၄၂ A) မြေဧရိယာအတွက် ငွေပေးသွင်းသော ပြေစာများသာ ဖြစ်ကြောင်း တွေ့ရှိရသည်။

ကျူးကျော်နေထိုင်သူ စရင်းဝင် ဦးထွန်းထွန်း၏ ပြောကြားချက်အရ ၄င်းမြေကွက်သည် နိုင်ငံပိုင် မြေကွက်များသာဖြစ်ပြီး ထက်အာကာကျော်ကုမ္ပဏီနှင့် မသက်ဆိုင်ကြောင်း သိရသည်။

“အိုးအိမ်အရာရှိ ဒေါ်နီလာဝင်းက ပြောလိုက်တာငါတို့ကို။ ဒီဟာကို အိုးအိမ်ဘဲ ပိုင်တယ်၊ စည်ပင်လဲမပိုင်ဘူး တဲ့။ ထက်အာကာကျော်လဲ မဟုတ်ဘူး တဲ့။ ရန်ကုန် တပြည်လုံးမှာ ရှိတဲ့ ပလပ်မြေဟာ အိုးအိမ်ဘဲပိုင်တယ် တဲ့။ ငါတို့ကလဲပြောခဲ့တယ် - အိုးအိမ်ကဒီပိုင်တဲ့မြေတွေကို ကျူးကျော်ဆိုပြီး ဆွဲထားတဲ့ ဆင်းရဲသားတွေကို ချမပေးဘဲစည်ပင်တို့ စက်မှုဇုံတို့ အလုပ်ရုံစက်ရုံတို့ကိုဘဲ ချပေးတာလားလို့ ငါတို့က ဒီလိုပြောခဲ့တယ်” ဟု ဦးထွန်းထွန်းကဆိုသည်။

ယင်းမြေကွက်များအနက် မြေကွက်အမှတ် ၇၁၊ ၇၂ တွင် အိမ်ခြေ ၉၀ ရှိပြီး ၂၀၁၀ မတ်လ ၃ ရက်နေ့ကစတင်အခြေချ နေထိုင်ခဲ့သူများဖြစ်သည်။ ယင်းသို့ နေထိုင်ခွင့်ရရန် ဥက္ကဌဦးဇော်မြင့် ၊ ဦးကြည့်ဝင်းအား ကျပ်ငွေနှစ်သိန်း ၊ အိုးအိမ်ဖွံ့ဖြိုးရေးဌာနမှ ဦးတင်ရီ ၊ ဦးလှဝင်းထံသို့ကျပ်ငွေ ငါးသိန်း၊ အိုးအိမ်ဖွံ့ဖြိုးရေးဌာနမှ ကိုခင်မောင်ဝင်းနှင့် ဦးသောင်းရွှေတို့အား ကိုးသောင်း အပြင် ရာအိမ်မှူး ဦးသူကြီးဆိုသူအား တသိန်း၊ စုစုပေါင်း ပေးဆောင်ရသော ငွေများမှာ (ရှစ်သိန်း ကိုးသောင်း ကျပ်)ဖြစ်ပြီး ထိုငွေများကို (၃၀%)အတိုးဖြင့် ချေးငှား ပေးဆောင်ရကြောင်း ကျူးကျော်နေထိုင်သူ မခင်မာအေးက ပြောကြားသည်။

သက်ဆိုင်ရာဌာနများမှ ကျူးကျော် နေထိုင်သူများကို ဖယ်ရှားရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်မိုးကပြောဆိုသည်။

“ကျူးတဲ့လူတွေကနဂိုကတည်းကလဲ ကျူးထားတဲ့ လူတွေဘဲ၊ နေရာလဲရှိပြီးသား ကျနော်တို့ ကမ်းနားလမ်းတလျှောက် ဆိုရင် ကျူးတွေချည်းဘဲ။ သက်ဆိုင်ရာဌာကလဲ ဒီ ကျူးတွေကိုဖယ်ဖို့ ဆိုပြီး Notice ပေးထားပြီးသား။ ဒါပေမယ့် ကျူးတွေကို ဖြေရှင်းလိုက်လို့ရှိရင် အုံလိုက် ကျင်းလိုက် ဖြစ်လာနိုင်လို့ လူကြီးပိုင်းတွေက စဉ်းစားနေတယ်။ “ ဟုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက သတင်းထောက်များကို ရှင်းပြခဲ့သည်။

ဖေဖော်ဝါရီလ ၉ရက်နေ့ထုတ်ပြန်ခဲ့သော မြန်မာ့အလင်းသတင်းစာတွင် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချပေးသော စက်မှုမြေကွက်များတွင် စက်ရုံ အဆောက်အအုံများ ဆောက်လုပ်ရန် ၊ ခေတ်မီစက်မှုနိုင်ငံ တည်ထောင်ရန်အတွက် လုပ်ငန်းရှင်များသို့ ရောင်းချခဲ့ပြီး ဖြစ်သည်။

၎င်းတို့မှာ လှိုင်သာယာမြို့နယ် လှိုင်သာယာစက်မှုဇုန်နှင့် ရွှေလင်းပန်းစက်မှုဇုန် ၊ ရွှေပြည်သာမြို့နယ် ၀ါးတရာ စက်မှုဇုန် ၊ မော်ဘီမြို့နယ် မြောင်းတကာ သံမဏိသံရည်ကျိုစက်မှုဇုန် ၊ သံလျင်မြို့နယ် သီလ၀ါစက်မှုဇုန် ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ဒဂုံဆိပ်ကမ်းစက်မှုဇုန် ၊ ဒဂုံအရှေ့မြို့နယ်ရှိ ဒဂုံအရှေ့စက်မှုဇုန်နှင့် ဒဂုံအရှေ့စက်မှုဇုန် အပိုင်း(၂) (ဒဂုံတောင်တိုးချဲ့) တို့ဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template