ရန်ကုန်၊ စက်တင်ဘာ ၁၇
ပထမဆုံးအကြိမ် မြန်မာနှင့် ဖိလစ်ပိုင် ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို သိမ်ဖြူကွင်း မိုးလုံလေလုံ အားကစား ခန်းမ၌ အောက်တိုဘာလ ၇ ရက် တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပသွား မည်ဖြစ် ကြောင်း ပွဲစီစဉ်သူ ဦးစိုင်းဝဏ္ဏက ပြောကြားသည်။
"ဖိလစ်ပိုင်က ထိုးမယ့် သူတွေထဲမှာ ဒီမှာ ထိုးဖူးတဲ့သူ တစ်ယောက်မှ မရှိဘူး။ ပွဲကတော့ ပွဲကြီးပွဲသစ်ဘဲ။ ပြီးတော့ ပြိုင်ပွဲကိုလည်း မြန်မာလက်ဝှေ့ စည်းမျဉ်း အတိုင်း ကျင်းပ သွားမှာပါ " ဟု ၄င်းက ဆိုသည်။
အဆိုပါ လက်ဝှေ့စိန်ခေါ်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံမှ ဖိလစ်ပိုင်မွေ လက်ဝှေ့ ချန်ပီယံဆု ရရှိထားသူ ဂျန်နီတို အပါအဝင် မွေထိုင်း ချန်ပီယံဆု ရရှိထားသူ ရောဘတ်ဘန်နန်း နှင့် မွေထိုင်း ချန်ပီယံ ဆုရှင် ရိုလန်ဒိုတို့ ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်ကြောင်း ထုတ်ပြန် ထားသည့် ကြော်ငြာများ အရ သိရသည်။
"ပွဲရဲ့ အခြေနေကိုတော့ ခန့်မှန်းလို့ မရနိုင်ပါဘူး။ ဥပမာ ထိုင်းကနေ လာထိုးတဲ့ မာဆွတ်တို့ ဆိုရင် လေးခါရှိသွားပြီ သူတို့နဲ့ ကျတော့ တစ်ယောက်အကြောင်း တစ်ယောက် နည်းနည်းတော့ သိနေပြီလေ။ အခုပွဲကတော့ နှစ်ဖက်လုံးအတွက် အစိမ်းသက်သက် ဖြစ်နေတယ်။" ဟု ဦး စိုင်းဝဏ္ဏက ဆိုသည်။
ယခုပြိုင်ပွဲ၏ အဓိက ပွဲစဉ်များမှာ ရွှေခါးပတ် ချန်ပီယံ တွေ့မရှောင်(မြန်မာ၊နဂါးမန်) နှင့် မွေထိုင်း ချန်ပီယံ ရော ဘတ်ဘန်နန်း၊ ဒုတိယ ရွှေခါးပတ် ချန်ပီယံ ခိုင်လင်းဦး(မြန်မာ၊ တောင်ကလေး) နှင့် မွေထိုင်း ချန်ပီယံ ရိုလန်ဒို ၊ ရွှေခါးပတ် ချန်ပီယံ ဒဂုံအောင်လံ ဆုရှင် သတ္တိအောင်(မြန်မာ၊ တောင်ကလေး)နှင့် ဂျန်နီတို တို့၏ အဓိက ပွဲစဉ်များ အပါအဝင် စုစုပေါင်း ၈ ပွဲ ပါဝင်မည် ဖြစ်ပြီး ပွဲစဉ်အားလုံးကို ၅ ချီပွဲ အဖြစ် စီ စဉ် ထား ကြောင်း ပွဲစဉ် ဇယားအရ သိရသည်။
အဆိုပါ ရိုးရာ လက်ဝှေ့ပြိုင်ပွဲ၏ ဝင်ကြေးများကို ၈၀၀၀၊ ၁၂၀၀၀နှင့် ၁၅၀၀၀ အဖြစ် အဆင့်သုံးဆင့် သတ်မှတ် ထားကြောင်း ပွဲစီစဉ်သူ ဦးစိုင်းဝဏ္ဏက ဆိုသည်။
The Voice