အဆွေးသီချင်းများကို ခံစားချက်အပြည့်ဖြင့် သီဆိုလေ့ရှိသူ
သရုပ်ဆောင်တေးသံရှင် ဝိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံ၍ မကြာခင်
ထွက်ရှိတော့မည့် ၄င်း၏ တတိယမြောက် တစ်ကိုယ်တော် အာဘွားစီးရီး အကြောင်း၊
မင်္ဂလာသတင်းအကြောင်းနှင့် အနုပညာလှုပ်ရှားမှုများ အကြောင်းကို The Voice က
မေးမြန်းထားခြင်း ဖြစ်ပါသည်။
Voice : ဒုတိယစီးရီး မျက်လှည့်နဲ့ အခု အာဘွားနဲ့ဆို ကြားထဲမှာ အချိန် ဘယ်လောက်ကွာလဲ။
WSKT : ဝိုင်းစုက စီးရီးတွေထွက်ရင် စီဒီကိုတစ်နှစ်၊ VCD ကို တစ်နှစ် အဲဒီလို ခြားပြီး ထွက်တာဆိုတော့ တစ်နှစ်ပဲ ရှိပါသေးတယ်။
Voice : ဒီ အာဘွားစီးရီးမှာက ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ် ဘယ်နှပုဒ်စီပါလဲ။
WSKT : ဝိုင်းစု ဒီအာဘွားစီးရီးထဲမှာ တော့ တစ်ခွေလုံး ကိုယ်ပိုင်သံစဉ်တွေချည်း ထည့်ထားပါတယ်။
Voice
: ဝိုင်းစုရဲ့ သီချင်းတွေက ကိုယ်ပိုင်သံစဉ်တွေ များတယ်နော်။ အဲဒီ ကျတော့
ဘယ်လိုစိတ်ကူးနဲ့ ကိုယ်ပိုင်သံစဉ် တွေကို လုပ်ဖြစ်တာလဲ။
WSKT :
ဝိုင်းစုက ကိုယ်ပိုင်သံစဉ် သီချင်းတွေဆိုတာ များတယ်။ အရင်ထွက်ခဲ့တဲ့
စီးရီးတွေမှာလည်း ကော်ပီသီချင်းက တစ်ပုဒ်စီလောက်ပဲ ပါတာ။ အကုန်လုံး Own
Tune တွေချည်းပဲ။ နောက်အတွဲခွေ တွေမှာလည်း ဝိုင်းစု
ကိုယ်ပိုင်သံစဉ်သီချင်းတွေ ဆိုတာများပါတယ်။ ဒီ အာဘွားခွေကို လည်း Own Tune
တွေချည်း သီးသန့်လုပ်မယ်လို့ စီစဉ်ခဲ့တာတော့ မဟုတ်ဘူး။ ကိုယ်နဲ့
အဆင်ပြေမယ်ဆို ကော်ပီသီချင်း တွေလည်း ဆိုပါတယ်။
Voice :
ကိုယ်ပိုင်သံစဉ် သီချင်းတွေ ပိုဆိုဖြစ်တာက ကိုယ့်ရဲ့ Creation တွေ ထည့်ပြီး
ဆိုရတာကို ကြိုက်လို့လား။ ကော်ပီ ဆိုရတာနဲ့ ကိုယ်ပိုင်သံစဉ် ဆိုရတာ
ဝိုင်းစု အတွက် ခံစားမှု ဘယ်လိုကွာခြားလဲ။
WSKT : ကော်ပီသီချင်းတွေ ကကျတော့ စည်းတွေ၊ ဘောင်တွေရှိတယ်၊ မူရင်း
သီချင်းပုံစံ မပျောက်အောင် ဆိုရတယ်။ ကိုယ့်ပုံစံဖြစ်အောင် ပြောင်းဆိုလို့
သိပ်မရဘူး ပေါ့နော်။ အဲဒါကို ဝိုင်းစုမကြိုက်ဘူး။ ဘယ်သီချင်းပဲ ဖြစ်ဖြစ်၊
အတီးကအစ ဒီပုံစံပဲ။ ညည်းရင်လည်း သူ့မူရင်း အဆိုတော်ရဲ့ Flow အတိုင်းပဲ
ဆိုကြတာများတယ်။ အဲဒီလိုမျိုးက ဝိုင်းစုနဲ့ သိပ်အဆင်မပြေဘူး။ ဝိုင်းစုက
ကိုယ့်စိတ်ကြိုက်ပုံစံ ဆိုရတာ ပိုကြိုက်တယ်။
Voice : ဝိုင်းစုရဲ့
စီးရီးတွေမှာ သီချင်း ရေးပေးတဲ့ တေးရေးဆရာတွေက သိပ်မပြောင်းဘူးနော်။
အဲဒီလို တေးရေးဆရာ တွေကို ပုံသေထားပြီး လက်တွဲ အလုပ်လုပ်တာက ကိုယ့်အတွက်
ဘယ်လိုအကျိုး ကျေးဇူးတွေ ရစေလဲ။
WSKT : သူတို့က ဝိုင်းစုနဲ့ ဘယ်လို
သီချင်းပုံစံက လိုက်တယ်။ ဘယ်လိုမျိုးဆို ပိုပြီး အဆင်ပြေတယ် ဆိုတာ သိသွားတာ
ပေါ့နော်။ အဲဒီအခါကျတော့ ကိုယ်က သိပ်ပြီး ထွေထွေထူးထူး ပြောပြစရာမလို
ဘူးပေါ့။ ဝိုင်းစု ဘယ်လိုပုံစံမျိုးလေး လိုချင်တယ်လို့ ပြောလိုက်တာနဲ့
သူတို့က ချက်ချင်း သိတယ်။
Voice : အာဘွားစီးရီးမှာ ပါတဲ့ တေးရေးဆရာတွေကို ပြောပြပေးပါဦး။
WSKT
: ဒီ အာဘွားစီးရီးမှာ သီချင်း အားလုံး ၁၂ ပုဒ်ပါပါတယ်။ တေးရေးဆရာ တွေက
ရွှေဂျော်ဂျော်၊ ဆောင်းဦးလှိုင်၊ ဇဝါ၊ ဖိုးကာ၊ စံပီး၊ မိုးမိုးနဲ့
ညီမင်းခိုင်ပါတယ်။
Voice : အာဘွားစီးရီးမှာ ဝိုင်းစုဆိုနေ ကျမဟုတ်တဲ့ သီချင်းပုံစံမျိုးတွေ ပါသေးလား။
WSKT
: ဒီခွေမှာ ဝိုင်းစုသီချင်းပုံစံတွေ အရမ်းကြီး ပြောင်းဆိုထားတာ မရှိဘူး။
ဒီထဲမှာပါတဲ့ Sweet 16 ဆိုတဲ့ သီချင်း တစ်ပုဒ်ကတော့ ဝိုင်းစုဆိုနေကျ
ပုံစံမျိုးတော့ မဟုတ်ဘူး။ အဲဒီတစ်ပုဒ်တော့ ထူးထူးခြားခြား ထည့်ထားတယ်။
Voice : ဝိုင်းစုက သီချင်းအေးအေးလေးတွေ ဆိုတာ များပြီး သီချင်းအမြူးတွေ ဆိုတာ နည်းတယ်နော်။ အဲဒါကျတော့ ဘာကြောင့်လဲ။
WSKT
: ဝိုင်းစု သီချင်းအမြူးတွေ ဆိုပါတယ်။ ဝိုင်းစုရဲ့ ပရိသတ်တွေကတော့
များသောအားဖြင့် သီချင်း အေးအေးလေးတွေ၊ အဆွေးသီချင်းလေးတွေ ပိုကြိုက်ကြ
တာပေါ့နော်။ သီချင်းအမြူးတွေ ဆိုတယ် ဆိုပေမယ့်လည်း “မက်လောက်စရာ” တို့၊
“ရုပ်ဆိုးမတို့” တို့လို အရမ်းကြီး မမြူးတဲ့ သီချင်းမျိုးတွေ ဆိုတာ
များတယ်။
Voice : ဝိုင်းစုကိုယ်တိုင် ကရော အဆွေးသီချင်း ဆိုရတာ ပိုကြိုက်လား။
WSKT
: အဆွေးသီချင်းတွေ ဝိုင်းစု ကြိုက်ပါတယ်။ ဆိုသမျှသီချင်းတွေ အကုန်လုံး
ကတော့ ဝိုင်းစုကြိုက်တဲ့ သီချင်းတွေပဲ။ ပရိသတ်တွေ ထဲကတော့ အဆွေးသီချင်း
ကြိုက်တဲ့သူနဲ့၊ သီချင်းအမြူး ကြိုက်တဲ့သူတွေ ဆိုပြီး ကွဲသွားတာပေါ့။
Voice
: ကိုယ်ပိုင်သံစဉ် စီးရီးတစ်ခွေ လုပ်ဖို့အတွက် သီချင်းစုရတာ ခက်ခဲတယ်လို့
တေးသံရှင် တော်တော်များများက ပြောကြတယ်။ ဝိုင်းစုအတွက်ရော ဘယ်လို
အခက်အခဲတွေ ကြုံခဲ့ရလဲ။
WSKT : ဝိုင်းစုက ကိုယ်ပိုင်သံစဉ်
သီချင်းတွေ ဆိုတာများတော့ ဝိုင်းစုအတွက်တော့ သိပ်အခက်အခဲ မရှိပါဘူး။
ဒါကလည်း ဝိုင်းစုရဲ့ ပထမဆုံးစီးရီး “မက်လောက်စရာ” မှာဆို ကိုရွှေဂျော်ဂျော်က
ကြီးကြပ်ပေးတယ်။ မျက်လှည့်နဲ့ အခုအာဘွားစီးရီးမှာတော့ ကိုဇဝါက ကူညီပေးတယ်။
ဝိုင်းစု နားမလည်တဲ့ အပိုင်းတွေမှာဆို ကိုဇဝါက ဘယ်နေရာလေးမှာ ဘယ်လို
ဆိုလိုက်ရင် ကောင်းမယ်ဆိုတာ ပြောပြတယ်။ အဲဒီအခါ ကျတော့ ကိုယ့်ရဲ့လိုအပ်ချက်
တွေကိုလည်း ပိုသိရတာပေါ့နော်။
interv_wskth_TZO_02_TTMVoice :
ဝိုင်းစုက စီးရီးအတွက် သီချင်းတွေအပ်ရင် ကိုယ့်ရဲ့ခံစားချက်တွေ ပြောပြပြီး
အပ်လေ့ရှိတယ်လို့ ကြားဖူးတယ်။ ဒီစီးရီးထဲမှာရော တေးရေးဆရာ တွေကို ကိုယ်က
အကြောင်းအရာပြောပြပြီး ရေးပေးခိုင်းတဲ့ သီချင်း ဘယ်နှပုဒ်ပါလဲ။
WSKT
: ဝိုင်းစုရဲ့ခံစားချက်ကို ပြောပြတယ် ဆိုတာထက် အဓိကကတော့ သီချင်း
ပုံစံမထပ်အောင် ပြောပြတာပါ။ အဆွေး သီချင်းတော့ အဆွေးသီချင်းပဲ။ ဒါပေမဲ့
အကြောင်းအရာ မတူအောင် အပ်ရတာပေါ့။ ဒီခွေမှာလည်း ဝိုင်းစုက အဆွေးသီချင်းတွေ
ဆိုခဲ့ပြီးပြီ ဖြစ်တဲ့အတွက် စာသားတွေ မတူအောင်၊ အကြောင်းအရာပိုင်း မတူအောင်
နည်းနည်းပါးပါးတော့ ပြောပြရ တာပေါ့နော်။ ဒီခွေထဲမှာ တေးရေးဆရာကို ဝိုင်းစု
သေချာအတိအကျ ပြောပြီး အပ်ထားတာ ဆိုရင်တော့ “နောက်ဆုံးအချစ်” ဆိုတဲ့
သီချင်းကို ဝိုင်းစု ဒီအခွေ စလုပ်ကတည်းက သေချာပြောပြီး အပ်ထားတယ်။ နောက်
“အာဘွား” သီချင်းဆိုလည်း ဝိုင်းစုစီးရီး Title ပေးချင်တဲ့အတွက်
သေချာပြောပြီး အပ်ထားတယ်။
ဝိုင်းစုက ခရီးတစ်ခုသွားလို့ လမ်းမှာ
ဘယ်သူ့သီချင်းပဲ ဖြစ်ဖြစ် နားထောင်မိလို့၊ အကြောင်းအရာပိုင်း
ကောင်းတယ်ဆိုရင် ဒီသီချင်းလေးကို အကြမ်းဖျင်းယူပြီး တေးရေးဆရာ တွေကို
ပြန်ပြောပြပြီး အပ်ဖြစ်တယ်။
Voice : ဝိုင်းစုကိုယ်တိုင်
တေးရေးဆရာကို သေချာပြောပြီး အပ်ထားတဲ့ “အာဘွား” နဲ့ “နောက်ဆုံးအချစ်”
သီချင်းတွေက ဘယ်လိုအကြောင်းအရာမျိုးကို ရေးဖွဲ့ထားတာလဲ။
WSKT :
“အာဘွား” သီချင်းကတော့ ငယ်ငယ်တုန်းကတော့ မိဘတွေကို ကိုယ့်ကို ချစ်လို့
“အာဘွား” ခဏခဏပေးတယ်၊ ကြီးလာတော့ ချစ်သူက အာဘွား ပေးတယ်ပေါ့။ အဲဒီလို
ပုံစံမျိုးလေးပါ။ နောက်ဆုံး အချစ်သီချင်းကတော့ ခွေထွက်လာတဲ့အခါမှာ
နားထောင်ကြည့်ပါလို့ ပြောချင်ပါတယ်။
Voice : ဝိုင်းစုရဲ့ချစ်သူနဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီမှာ မင်္ဂလာပွဲ ဆင်နွှဲမယ်လို့ သတင်းတွေ ထွက်နေတယ်နော်။
WSKT
: ဝိုင်းစုကတော့ သေချာကျိန်းသေပြီ ဆိုတော့မှပဲ ဖြေချင်ပါတယ်။ ပရိသတ်တွေ
ကိုလည်း ဝိုင်းစု လိမ်မထားပါဘူး။ လောလောဆယ်တော့ အာဘွားစီးရီး ထွက်ဖို့
အတွက်ကိုပဲ ဝိုင်းစု အာရုံစိုက်နေပါတယ်။
Voice : ချစ်သူနဲ့အတူ
အမေရိကမှာ ရှိုးတွေစီစဉ်ပြီး လုပ်ဖြစ်နေတော့ ဝိုင်းစုရဲ့ ချစ်သူက ဂီတကို
စိတ်ဝင်စားလား။ ဝိုင်းစုရဲ့ စီးရီးအတွက် အကြံဉာဏ်တွေ ပေးတာမျိုး ရှိလား။
WSKT
: အဲဒီလိုမျိုးတော့ သူက ဘာမှ ထဲထဲဝင်ဝင် ဝင်မပြောပါဘူး။ သူက ဝိုင်းစုနဲ့
မကြိုက်ခင် ကတည်းက ဂီတကို စိတ်ဝင်စားတယ်။ သူ့ဟာသူလည်း အမေရိကမှာ အရင်ကတည်းက
ရှိုးပွဲတွေ ဘာတွေလုပ်တယ်။ ဝိုင်းစုရဲ့ အလုပ်နဲ့ ပတ်သက်ပြီးတော့ ဘာကိစ္စမှ
သူဝင်မပါတတ်ဘူး။
Voice : အိမ်ထောင်ပြုပြီးရင် ကျတော့ ချစ်သူနဲ့အတူ အမေရိကမှာပဲ အခြေချနေထိုင် သွားမှာလား။
WSKT
: အဲဒါတော့ ဝိုင်းစုသေချာ မဆုံးဖြတ်ရသေးပါဘူး။ ဟိုနဲ့ ဒီနဲ့ သွားလိုက်
လာလိုက်ပဲ ဖြစ်မှာပါ။ ဝိုင်းစုက တစ်ဦးတည်းသော သမီး ဖြစ်တဲ့အတွက်
အမေကြီးကို ဒီမှာတစ်ယောက်တည်း ထားခဲ့ပြီး အမေရိကမှာ အပြီးသွားနေဖို့တော့
မဖြစ်လောက်ဘူး ထင်တယ်။
Voice : ဝိုင်းစုက အခုနောက်ပိုင်း ဇာတ်ကားတွေ
သိပ်မရိုက်ဖြစ်ပေမယ့် ထွက်လာသမျှ ဇာတ်ကားတွေက ပရိသတ်အကြိုက် ကားလေးတွေ
များတယ်နော်။ အဲဒါ ကျတော့ ဇာတ်ကားတွေကို ဘယ်လိုရွေးချယ် လက်ခံဖြစ်လဲ။
WSKT
: အဲဒီလိုမျိုး ဇာတ်လမ်းတွေ ရွေးပြီး လက်ခံဖို့တော့ မလွယ်ဘူးပေါ့နော်။
ဝိုင်းစုကို လာငှားတဲ့ကား၊ လာပြောတဲ့ကား တွေထဲက ကိုယ်ကြိုက်တာကို
ရိုက်ဖြစ်တာပေါ့။ အဓိကက ကိုယ့်အတွက် လုပ်ကွက်ရမယ့်၊ ပရိသတ်ကြိုက်နိုင်မယ့်
ကားမျိုးကို ရွေးချယ်ပြီး ရိုက်ဖြစ်တာပါ။ ကိုယ်ရိုက်လိုက်တဲ့ ကားက
မကောင်းဘူးဆိုရင် ဒီဘက်မှာ ကိုယ်က သီချင်းဆိုဖို့ရှိတာကို ဖျက်ပြီး
လက်ခံထားတာမျိုးဆို အဆင်မပြေဘူးလေ။ အဲဒီတော့ ဝိုင်းစုနဲ့ လိုက်ဖက်မယ့်
ဇာတ်ကားမျိုးကို ရွေးချယ်ပြီး ရိုက်ဖြစ်ပါတယ်။
Voice : အာဘွားစီးရီးနဲ့ ပတ်သက်ပြီး ဝိုင်းစုရဲ့ ပရိသတ်တွေကို ပြောချင်တာရှိရင် ပြောပေးပါဦး။
WSKT
: ဒီခွေလေးမှာလည်း ဝိုင်းစု တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားထားပါတယ်။
ဒီခွေလေးကိုလည်း အားပေးကြပါ ဦးလို့။ အရင်ထွက်ရှိခဲ့တဲ့ စီးရီးတွေကို
အားပေးခဲ့ကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့
ပြောချင်ပါတယ်။
သန့်ဇင်ဦး - The Voice Weekly