Headlines News :
Home » » ပန်းချီမောင်နှံ၏ အိပ်မက်

ပန်းချီမောင်နှံ၏ အိပ်မက်

Written By လွင့်မောင်မောင် on Sunday, July 27, 2014 | 8:03 PM

သားနှစ်ဦးကိုထိန်းရင်း ပန်းချီဆွဲနေသော မမေသူ (ဓာတ်ပုံ - ကျော်ဇင်သန်း)
လူတွေ ပျားပန်းခပ်သွားလာနေသော ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမပေါ်က ဂရန်းမီးရထားဟိုတယ် ရှေ့ပလက်ဖောင်းပေါ်တွင် ဖြစ်သည်။ ရွှေတိဂုံစေတီ၊ ထိုင်းအိမ်ရှေ့မင်းသားအပါအဝင် ပုံတူပန်းချီကားအချို့ကို ဟိုတယ်မျက်နှာစာ အုတ်နံရံပေါ်တွင် ဆယ်လိုတိပ်ဖြင့် ဖိကပ်ထားသည်။ ဟိုတစ်စ၊ သည်တစ်စပြန့်ကျဲနေသည့် ရောင်းလက်စပန်းချီကားတွေ အလယ်မှာ အမျိုးသမီးတစ်ဦးက နှစ်လအရွယ်ကလေးငယ်ကို နို့တိုက်ရင်း လက်တစ်ဖက်က မပြီးသေးသည့်ပန်းချီကားချပ်ကို လက်စသတ်နေသည်။
အသားညိုညို၊ ပါးလှပ်လှပ် ခန္ဓာကိုယ်နှင့် သနပ်ခါးပါးကွက်ကျား လိမ်းထားသော သူမပုံစံက လမ်းဘေးတွင် ပန်းချီဆွဲနေရသည်နှင့်ပင်မတူ။ စိတ်လွတ်လပ်ပေါ့ပါးပြီး လိုချင်သည့် ဖန်တီးမှုတစ်ခုရဖို့ကိုသာ အာရုံထားမှုအပြည့်။ ခင်ပွန်းဖြစ်သူကလည်း ဘေးနားတွင် ပုံတူပန်းချီကားတစ်ခုကို အနုစိတ်ခြယ်သနေပြီး (၂)နှစ်ခွဲအရွယ် သားအကြီးက ပန်းချီကားရောင်းရသည့် ပိုက်ဆံများကို လာဘ်ခေါ်သည့်အနေဖြင့် ပန်းချီကားချပ်တွေပေါ် ရိုက်ခတ်နေသည်။
ထိုမိသားစုမှာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ပန်းချီဆရာတစ်ဦးက သူတို့အကြောင်း ရေးသားခဲ့ရာကတစ်ဆင့် တစ်ရှိန်ထိုး လူသိများလာခဲ့ခြင်းဖြစ်သည်။ လူမှုကွန်ရက်အကျိုးကျေးဇူးကြောင့် သူတို့ပန်းချီလက်ရာများကို လူတွေက တကူးတက လာရောက်ဝယ်ယူနေကြပြီ ဖြစ်သည်။
ရန်ကုန်မြို့တွင် ပန်းချီပညာဖြင့် အသက်မွေးဖို့ မမေသူနှင့် ခင်ပွန်းတို့ ၂၀၁၃ တွင် မြဝတီမြို့ကနေ ရောက်လာခဲ့သည်။ ငွေကြေးနှင့်နာမည်ကို အဓိကထားသော ရန်ကုန်ပန်းချီဈေးကွက်တွင် မမေသူတို့လင်မယားအတွက် နေရာမရှိ။
ငွေကြေးအရင်းအနှီးမရှိ၊ နာမည်လည်းမရှိသည့်အပြင် အဆက်အသွယ်ကောင်းလည်း မရှာတတ်သဖြင့် ဘယ်ပြခန်းကမှ သူတို့လက်ရာကို လက်မခံခဲ့။
နွမ်းပါးသည့် သူတို့အသွင်အပြင်ကိုကြည့်၍ ပြခန်းပိုင်ရှင်နှင့် ပန်းချီဆရာအချို့၏ အထင်သေးစွာ ဆက်ဆံခြင်းခံခဲ့ရသည်။ ပန်းချီဆွဲသည့်လက်တွေဖြင့်ပင် အုတ်ရွက်ရင်း၊ မဆလာရွက်ရင်းရသည့် ပိုက်ဆံအရင်းပြု၍ ပလက်ဖောင်းပေါ်မှာ ပန်းချီကားတွေချခင်းရောင်းဖြစ်သည်။
‘‘နေ့ခင်းကို လင်မယားနှစ်ယောက် ပန်းရန်လုပ်တယ်။ ညပိုင်းပန်းချီဆွဲတယ်။ ဗိုလ်ချုပ်ဈေးထဲကို လာပို့တယ်။ ဈေးထဲကဆိုင်တွေက ကျွန်မတို့ကားတွေကို တစ်ပုံမှသုံးမရဘူး။ စုတ်ပြတ်နေတာပဲတဲ့။ ပြီးတော့ ကျွန်မတို့ပုံစံကိုကြည့်ပြီး ပြပွဲတွေသွားရင်တောင် စားချင်သောက်ချင်လို့လာတယ်၊ ခိုးတော့မလို၊ ဝှက်တော့မလိုကြည့်တဲ့ မျက်လုံးတွေကို မခံချင်ဘူး။ ဒါကြောင့် သူတို့မယူလည်း လမ်းဘေးမှာရောင်းမယ်ဆိုပြီး ဆိုင်ခင်းရောင်းခဲ့တာ’’ဟု မမေသူကဆိုသည်။
ဖခင်ဖြစ်သူ၏ ဗုဒ္ဓဝင်နိပါတ်တော်ပုံတူပန်းချီများကို ဝိုင်းကူရေးဆွဲရင်း ပန်းချီရေးတတ်ခဲ့သည့် မမေသူက ပန်းချီသီအိုရီတွေကိုလည်းမသိ၊ အရောင်အတွဲအစပ်တွေကိုလည်း နားမလည်ပါ။ သူ့မျက်စိထဲမှာ ခံစားနားလည်သည့် ရှုခင်းနှင့် ပုံတူများကို လွတ်လပ်စွာရေးဆွဲသည်။ အိမ်ထောင်ကျပြီး ကာလအတန်ကြာနေထိုင်ခဲ့သည့် ရှမ်းပြည်မြင်ကွင်းများနှင့် တိုင်းရင်းသားဓလေ့များက သူ့ပန်းချီကားတွေမှာ အများဆုံးနေရာယူထားသည်။
ပအိုဝ်း၊ အခါတိုင်းရင်းသားပုံတူများနှင့် တောင်ပေါ်ဘိန်းစိုက်ခင်းများကို ဆီဆေးရေးဆွဲရင်း မြို့ထဲတစ်နေရာတွင် ကိုမိုးမြင့်ဇော်၏ ပန်းချီကတ်တလောက်ကို ကောက်ရခဲ့သည်။ ကိုမိုးမြင့်ဇော်၏ ပအိုဝ်းတိုင်းရင်းသားပန်းချီကား ရေးဆွဲဟန်များကို သဘောကျ၍ ကူးဆွဲမိကြောင်း ရိုးသားစွာပင်ဝန်ခံပြီး သူ့ကြောင့် လူတွေသတိထားမှုရရှိခဲ့သဖြင့် ကိုမိုးမြင့်ဇော်ကို ကျေးဇူးတင်မိသည်ဟု မမေသူကဆိုသည်။
‘‘လမ်းဘေးမှာ ဆိုင်စဖွင့်တုန်းကဆို တချို့ပန်းချီဆရာတွေက ဆိုင်ရှေ့မှာ ခါးထောက်ပြီး ဒီလောက်လက်ရာကောင်းတာ အိမ်မှာပဲဆွဲပါလား။ လမ်းဘေးမှာ ဆွဲရတယ်လို့ အောက်တန်းကျလိုက်တာဆိုပြီး ကဲ့ရဲ့သွားတယ်။ ရန်ကုန်ကိုအထင်ကြီးပြီး လာလိုက်တာ သူတို့ ဒီလိုဆက်ဆံတော့ စိတ်ဓာတ်ကျသွားတယ်။ စိတ်တော့မလျှော့ပါဘူး။ ဒီလိုလမ်းဘေးမှာမှမရောင်းရင် ဘယ်မှာသွားရောင်းရမှာလဲ။ ပြခန်းမှာသွားပြရင် တစ်နေ့ကိုငါးသောင်း။ ကိုယ်မှမတတ်နိုင်တာ’’ဟု မမေသူက ခပ်တင်းတင်းဆိုသည်။
အိမ်ထောင်ကျပြီး မြဝတီမြို့တွင် ဆိုင်းဘုတ်နှင့် ပုံတူများရေးရင်းက ဘန်ကောက်ကြွေပန်းကန် စက်ရုံပိုင်ရှင်က ပန်းကန်ပြားများပေါ်တွင် ပန်းချီရေးရန်ငှားသည်။ ဘန်ကောက်တွင် တစ်နှစ်ကျော်လုပ်ခဲ့ပြီးနောက် သားအကြီးရှေ့ရေးအတွက် မြဝတီဘက်ပြန်ဖို့ ပြင်သည်။ တစ်နှစ်စာလုပ်အားခတောင်းစဉ် သူဌေးက သေနတ်ဖြင့်လိုက်ပစ်၍ ထွက်ပြေးခဲ့ရသည်။ မြဝတီဘက်ပြန်အရောက်တွင် ရဲဖမ်းသဖြင့် DKBA တပ်ထဲဝင်၍ ရန်ကုန်သို့ရောက်ရန် ကြိုးစားခဲ့ရကြောင်း မမေသူ၏ခင်ပွန်း ပန်းချီဆရာကိုနေမင်းက ပြောသည်။ သူက ရန်ကုန်ပန်းချီပန်းပုသင်တန်း ကျောင်းဆင်းတစ်ဦးလည်းဖြစ်သည်။
ပန်းချီဆရာမိုးမြင့်ဇော်က သူ့ပန်းချီကားများကို ကော်ပီကူးဆွဲနေသည့် ကိုယ်ဝန်ဆောင်နှင့် ကလေးတစ်ယောက်မိခင် မမေသူအကြောင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်တင်ခဲ့ရာမှ မမေသူတို့မိသားစုကို လူတွေသတိထားမိခဲ့သည်။ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်တွင် လူသိများလာခြင်းကြောင့် ကရုဏာသက်သူအချို့က သူတို့ကိုလာရောက်ကူညီကြသည်။
‘‘အခု ဖေ့စ်ဘွတ်ခ်ကြောင့် အမေရိကန်က ဧည့်သည်နှစ်ယောက်ဆို ဆိုင်ကိုလာကြည့်ပြီး ဆေးတွေကူညီချင်တယ်တဲ့။ ဆေးအကောင်းစားလေးတွေနဲ့ ကျွန်တော်တို့မရေးဖူးသေးဘူး။ ဝမ်းသာတယ်။ ရေးကြည့်ချင်တယ်။ အခုလိုဖြစ်လာအောင် အားပေးတဲ့သူတွေနဲ့ မခံချင်အောင်ပြောတဲ့သူတွေကို ကျေးဇူးတင်တယ်’’ဟု ကိုနေမင်းကပြောသည်။
ယခင်က သူတို့ပန်းချီကားများကို လုံးဝသုံးစားမရဟု ပြောသူတွေကပင် အခု မမေသူပန်းချီကားတွေကို တကူးတက လာဝယ်ကြသည်။ ဆာကူရာဟိုတယ်က ပြခန်းကြီးတွေမှာ သူ့ပန်းချီကားတွေ တင်ခွင့်ရလာခဲ့သည်။ တချို့ဆိုလျှင် ပန်းချီကို နားမလည်သော်လည်း ကရုဏာသက်၍ လာရောက်ဝယ်ယူသွားတာလည်း ရှိသည်။
လမ်းဘေးပန်းချီဆိုင်လေးကို ၂၀၁၄ ဇန်နဝါရီလက စဖွင့်ခဲ့ပြီး ပန်းရန်လုပ်ရတာနှင့်စာလျှင် ပိုအဆင်ပြေလာသည်။ မိုးတွင်းမို့ အရောင်းအဝယ်သိပ်မကောင်းပေမယ့် အခုတော့ ပုံတူအပ်သူတွေနှင့် နိုင်ငံခြားသားဧည့်သည်တွေကြောင့် သူတို့စားဝတ်နေရေးအတွက် သိပ်မပူပင်ရပေ။
 ‘‘ပန်းရန်လုပ်တုန်းက ယောက်ျားလုပ်တာ တစ်နေ့မှ နှစ်ထောင်၊ ကျွန်မအုတ်ရွက်တာမှ ၁,၅၀၀ ပဲ။ ဒီကြားထဲ မိုးရွာလို့ အလုပ်မဆင်းရရင် ပိုက်ဆံကပြတ်ရော။ အလုပ်မရှိရင် ထမင်းစားစရာတောင်မရှိဘူး။ အခုဆို ဆာကူရာဟိုတယ်က ပြခန်းကြီးမှာ ကျွန်မကားတစ်ကားတင်နိုင်ပြီ။ ဒေါ်လာတစ်ထောင်နဲ့။ ပြခန်းမန်နေဂျာအစ်မကြီးက မနည်းဘူးလားတဲ့။ သူများတွေ ၂,၅၀၀၊ ၃,၀၀၀ ဈေးတင်ထားတာလေတဲ့။ မနည်းပါဘူး အစ်မရယ်လို့။ ကိုယ့်ဆိုင်လေးနဲ့စာရင် ဒါကအများကြီးတောင်ရသေးတယ်’’ဟု မမေသူက ရိုးသားစွာဆိုသည်။
ပန်းချီကားတွင် ဆီဆေးများကို အစက်ကလေးများချ၍ သူ့ရဲ့ Spotline ရေးဟန်က အပိုအလိုမရှိကွက်တိ။ ငွေရေးကြေးရေးအဆင်ပြေလာပါက ဘဝတူရုန်းကန်နေရသည့် ပန်းချီဆရာတွေအတွက် မမေသူက ပြခန်းကြီးတစ်ခု ဖွင့်ပေးချင်သည်။ ပြခန်းတွင် မည်သူ့ပန်းချီကားမဆို လွတ်လပ်စွာတင်ထားနိုင်သည်။ ကော်မရှင်နှင့် ရာခိုင်နှုန်းလည်းမယူ။ အခု သူ့လမ်းဘေးဆိုင်လေးမှာတောင် အခြားသူတွေရဲ့ လက်ရာတွေကို သူတို့လင်မယားက ကူရောင်းပေးထားသေးသည်။
‘‘အဆင်မပြေတဲ့ ဘဝတူပန်းချီဆရာတွေပုံတွေကိုလည်း အခုလမ်းဘေးမှာ ရောင်းပေးတယ်။ လူတွေရဲ့ အခက်အခဲတွေကို တစ်စွန်းတစ်စလောက် ဖြေရှင်းပေးနိုင်ရင်ပဲ ဝမ်းသာတယ်၊ ကျေနပ်တယ်’’ဟု ကိုနေမင်းကပြောသည်။
ကိုနေမင်း၊ မမေသူတို့လို အနုပညာအားကောင်းသော်လည်း ငွေကြေးနှင့် နောက်ခံအင်အားမပြည့်စုံ၊ ပံ့ပိုးပေးမည့်သူလည်းမရှိ၍ ဒုက္ခရောက်နေသည့် ပညာရှင်များ မြန်မာနိုင်ငံတွင် ဒုနှင့်ဒေး။ နိုင်ငံတကာတွင် ပညာရှင်ကို လေးစားတန်ဖိုးထားသလောက် မြန်မာနိုင်ငံတွင်တော့ အများစုက နာမည်နှင့် ထင်ပေါ်ကျော်ကြားမှုကိုသာ ဦးစားပေးသည်။ ပညာသည်အချင်းချင်း မလေးစားလျှင်တောင် အဆင့်အတန်းမခွဲခြားဘဲ အားပေးစေချင်ကြောင်း ကိုနေမင်းကဆိုသည်။
‘‘အဆင့်အတန်းမခွဲခြားဘဲ အားပေးရင် ဒါတွေက ခွန်အားတွေပါပဲ။ မြန်မာလူမျိုးအချင်းချင်း မြန်မာ့အနုပညာကိုလေးစားရင် ဝမ်းသာပါပြီ’’
ကုသိုလ်ကံနည်း၍ ဘဝအကျိုးပေးနုံချာသော်လည်း မမေသူတို့လင်မယားက အားမလျှော့ပါ။ ပန်းချီရေးဆွဲခြင်းဖြင့်သာ ဆက်လက်အသက်မွေးမည်ဖြစ်ပြီး သားနှင့်သမီးနှစ်ယောက်စလုံးကိုလည်း ပန်းချီပညာအမွေဆက်ခံဖို့ သင်ကြားပေးမည်ဆိုသည်။
ရေးလက်စ ပုသိမ်ထီးပန်းချီကားပေါ်တွင် ဆီဆေးဖြင့် အစက်ချလိုင်းဖော်နေသည့် မမေသူက သူ နှစ်ရှည်လများကြံစည်ထားသည့် ပြပွဲတစ်ခုအကြောင်းကို ထုတ်ပြောသည်။ မထင်မှတ်ဘဲ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်လာသည့် သူ့တွင် ပြပွဲအတွက် အစီအစဉ်တွေလည်း ဆွဲထားပြီးဖြစ်သည်။
‘‘ကိုယ်ပိုင်ပြပွဲလုပ်နိုင်တဲ့တစ်နေ့ ကမ္ဘာမှာရှိတဲ့ သမ္မတတွေပုံကို ပုံတူဆွဲပြီး ကိုယ်ပိုင်ရှိုးပွဲလုပ်ချင်တယ်။ ပုံတွေတော့ အခုစုထားတယ်’’ဟု တက်ကြွရွှင်လန်းစွာ ဖွင့်ဟသည်။
အေးသူစံ 7Day
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template