Headlines News :
Home » » ပီအာစနစ် သုံးသင့်- မသင့် လွှတ်တော်အမတ် ၁၈ ဦးဆွေးနွေး

ပီအာစနစ် သုံးသင့်- မသင့် လွှတ်တော်အမတ် ၁၈ ဦးဆွေးနွေး

Written By လွင့်မောင်မောင် on Monday, July 28, 2014 | 10:59 PM


လာမယ့်ရွေးကောက်ပွဲတွေမှာ ပီအာ ခေါ် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးပြီး တိုင်းဒေသကြီးတွေ မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်ဖို့ အဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီဝင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် ၇ ဦး က ထောက်ခံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ကန့်ကွက်ခဲ့ပါတယ်။
ဒီနေ့ ဒုတိယနေ့အဖြစ် ပြည်သူ့လွှတ်တော်မှာ ပီအာစနစ်ကို ဆက်လက်ဆွေးနွေးကြတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က အခုလို ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။
"ပြည်သူတွေ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ၇၅ ရာခိုင်နှုန်းသော နေရာလေးကို ထပ်ပြီး ပီအာလုပ်မယ်ဆိုရင် အခြေခံဥပဒေ ပုဒ်မ ၄ ထဲမှာပါနေတဲ့ နိုင်ငံတော်အာဏာသည် ပြည်သူထံမှ ဆင်းသက်သည်ဆိုတဲ့ စကားရပ်ဟာ စာရွက်ပေါ်မှာပဲ ရှိနေသလားဆိုတာ မေးခွန်းထုတ်ကြပါလိမ့်မယ်"
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ချင်းပြည်နယ် မင်းတပ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးထန်းလိန်းက အချိုးကျ ကိုယ်စားပြုစနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးမယ်ဆိုရင် အောင်မြင်မယ်လို့ယုံကြည်ကြောင်း အခုလိုထောက်ခံဆွေးနွေးပါတယ်။
"ကျနော်တို့ ချင်းတိုင်းရင်းသားများအနေနဲ့ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ ပြည်သူ့ကိုယ်စားလှယ် များ ရွေးချယ်နိုင်ခွင့် အခွင့်အရေးများလည်း ရရှိနိုင်တယ်လို့ မိမိအနေနဲ့ သုံးသပ်ရရှိပါတယ်၊ ထို့ကြောင့် ပါတီအရေအတွက်များစွာ ယှဉ်ပြိုင်တဲ့ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် ပီအာစနစ်ကျင့်သုံးပါက ပါတီစုံမှကိုယ်စားလှယ်များပါဝင်နိုင်ခွင့် ပိုမိုရရှိတဲ့အတွက်ကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်နဲ့ စီမံဆောင်ရွက်နိုင်လိမ့်မယ်လို့ မိမိအနေနဲ့ ယူဆသုံးသပ်မိပါတယ်"
ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၈ ဦး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒီနေ့ ပါဝင်ဆွေးနွေးခဲ့တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ဟန်က ပီအာစနစ်ကို မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့ စောနေသေးကြောင်း တင်ပြဆွေးနွေးခဲ့ပါတယ်။
ပီအာစနစ်ကို ကန့်ကွက်တဲ့ ရှမ်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပါတီတွေက လွှတ်တော်ကိုယ်စားလှယ် အတော်များများ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို တက်ရောက်ကြပေမဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး တက်ရောက်ခြင်းမရှိသေးပါဘူး။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template