Headlines News :
Home » » အချုပ်သားများ ထွက်ပြေးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ တွေ့ဆုံ ရှင်းလင်းပွဲပြုလုပ်

အချုပ်သားများ ထွက်ပြေးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ တွေ့ဆုံ ရှင်းလင်းပွဲပြုလုပ်

Written By လွင့်မောင်မောင် on Monday, July 28, 2014 | 10:08 PM

 
 နေပြည်တော်၊ ဇူလိုင် ၂၈

 ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ကျောက်မဲမြို့မ ရဲစခန်းမှ အချုပ်သားများ ထွက်ပြေးမှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှ ဇူလိုင်လ ၂၇ ရက်နေ့ ည ၇ နာရီအချိန် တွေ့ဆုံ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံ ရှင်းလင်းပွဲသို့ ကျောက်မဲခရိုင်တရားသူကြီး ဒေါ်စိုးဉဏ်၊ ခရိုင်ဥပဒေအရာရှိ ဦးဝင်းမြင့်၊ ကျောက်မဲခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဌေးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း(၃၅)ဦးခန့် တက်ရောက်ခဲ့သည်။

တွေ့ဆုံရှင်းလင်းပွဲ၌ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က အဆိုပါ အချုပ်သားများ ထွက်ပြေးမှုဖြစ်စဉ်မှာ ဇူလိုင်လ ၂၆ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန် အချုပ်ခန်းတာဝန်ကျ တပ်ဖွဲ့ဝင်တစ်ဦးမှ အချုပ်ခန်းအတွင်းသို့ စောင်ထုပ်များထည့်သွင်းစဉ် လောက်လူပါ အချုပ်သား(၇)ဦးမှ တာဝန်ကျတပ်ဖွဲ့ဝင်အား တိုက်ခိုက်၍ထွက်ပြေးသဖြင့် တာဝန်ကျတပ်ဖွဲ့ဝင်များမှ သတိပေးပစ်ခတ်ခဲ့ သော်လည်း မိမိတပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရရှိအောင်ပြုမူပြီး အချုပ်ခန်းအပြင်လျှောက်လမ်းမ သံဇကာများအားဆွဲခွာ၍ ထွက်ပြေးသွားသောကြောင့် ပစ်ခတ်တားဆီးခဲ့ရာ (၃)ဦးတွင် ဒဏ်ရာများရရှိ အသက်ဆုံးရှုံးခဲ့ပြီး (၂)ဦး၌ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း၊ မလွှဲမရှောင်သာသည့် အခြေအနေကြောင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးတင့်နိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းသောင်းနှင့် အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကိုကိုတို့မှလည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ထွက်ပြေးအချုပ်သား များအား အချုပ်ခန်းအတွင်း ပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ ထွက်ပြေးရန်ကြိုးစားစဉ် အဆောက်အဦပြင်ပရှိ ခြံစည်းရိုးအတွင်း၌သာ ပစ်ခတ်တားဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းသောင်း မှလည်း မိမိ၏တပ်ဖွဲ့ဝင်များဖြင့် ရဲစခန်းသို့လာရောက်၍ ထွက်ပြေးအချုပ်သားများအား ၀ိုင်းဝန်း ဖမ်းဆီးပေးခဲ့ရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား ရဲစခန်းအချုပ်ခန်းအတွင်းမှအချုပ်သားများ ထွက်ပြေးမှုဖြစ်စဉ်နှင့် အခင်းဖြစ်နေရာ များအား လိုက်လံရှင်းလင်းပြသခဲ့ရာ တက်ရောက်လာကြသူများမှလည်း ယခုကဲ့သို့ ချပြရှင်းလင်း မှုကြောင့် အခြေအနေအရပ်ရပ်ကို ရှင်းလင်းစွာသိခွင့်ရပါကြောင်း၊ ဖြစ်စဉ်အား နီးစပ်ရာများသို့လည်း အသိပေးရှင်းပြသွားမည်ဖြစ်ကြောင်း ပြောဆိုဆွေးနွေးခဲ့ပြီး ည ၉ နာရီ ၁၅ မိနစ်အချိန် တွေ့ဆုံ ရှင်းလင်းပွဲပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template