မလေးရှား လေယာဉ် အမှတ် (၁၇) ကို ယူကရိန်း သူပုန်တွေ ထိန်းချုပ်ထားတဲ့
ယူကရိန်း နိုင်ငံ အရှေ့ပိုင်း မှာ ပစ်ချခဲ့ တာဟာ စစ်ရာဇ၀တ်မှု
မြောက်နိုင်တယ် ဆိုပြီး ကုလ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက ပြောဆို
လိုက်ပါတယ်။
တနလာင်္နေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ကုလ လူ့အခွင့်အရေး ကော်မရှင်နာ
မင်းကြီး နာဗီပီလေး က လေယာဉ်ကို ကြောက်မက်ဖွယ် ပစ်ချခဲ့တာဟာ စစ်ရာဇ၀တ်မှု
မြောက်တယ်လို့ သတ်မှတ်နိုင်တဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်လိုက်တာ
ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ လေယာဉ်ပစ်ချခဲ့မှုကို ချက်ချင်း
ပြည့်ပြည့်စုံစုံ ထိထိရောက်ရောက်နဲ့ လွတ်လပ်ပြီး ဘက်လိုက်မှုမရှိတဲ့
စုံစမ်းစစ်ဆေးမှု လုပ်ဖို့ကိုလည်း သူမက ပြောဆိုလိုက်ပါတယ်။
စစ်ရာဇ၀တ်မှုတွေအပါအ၀င် ယူကရိန်း ပဋိပက္ခအတွင်းမှာ နိုင်ငံတကာဥပဒေတွေကို
ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့ကြတဲ့ ဘယ်သူ့ကိုမဆို တရားဥပဒေအရ
စီရင်နိုင်ဖို့ အားထုတ်မှုမှန်သမျှကို အသေအချာ လုပ်ဆောင်သွားမယ်လို့ မစ္စ
ပီလေးက ထပ်လောင်း ပြောပါတယ်။
တနလာင်္နေ့ ကုလလူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးရုံးက ထုတ်ပြန်တဲ့
အစီရင်ခံစာထဲမှာ ဧပြီလက စတင်ခဲ့တဲ့ ယူကရိန်း အရှေ့ပိုင်းက
တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၁,၁၂၉ ဦး သေဆုံး၊ ၃,၄၄၂ ဒဏ်ရာရ၊
လူပေါင်း ၁ သိန်းလောက်ဟာလည်း အိုးအိမ် ရွှေ့ပြောင်းခဲ့ကြရတယ်လို့
ဖော်ပြထားပါတယ်။
တချိန်တည်းမှာပဲ လေယာဉ်ပျက်ကျတဲ့နေရာမှာ တိုက်ခိုက်မှုတွေကြောင့်
စုံစမ်းစစ်ဆေးရေးမှူးတွေ လေယာဉ်ပျက် ရှိရာနေရာကို မရောက်နိုင်ကြသေးပါဘူး။
နယ်သာလန်နဲ့ သြစတေးလျ ကျွမ်းကျင်သူတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကတော့
လေယာဉ်ပျက် ကျရာနေရာကို ရောက်ဖို့ ထပ်မံ ကြိုးစားနေတယ်လို့ တနလာင်္နေ့
အစောပိုင်းက ပြောခဲ့ပါတယ်။
နောက်ထပ် ဖြစ်ထွန်းမှုကတော့ ရုရှားတပ်တွေက ယူကရိန်း အရှေ့ပိုင်းကို
နယ်စပ်ဖြတ်ကျော်ပြီး ဒုံးကျည်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြတယ်လို့
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုတဲ့ ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့
ဓာတ်ပုံတွေကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက တနင်္ဂနွေနေ့မှာ
ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)