Headlines News :
Home » » သမ္မတနဲ့ သမ၀န်ကြီးလာမယ်ဆိုလို့ စာရွက်ကိုယ်စီနဲ့ အသနားခံကြမယ့် တောင်သူတွေ

သမ္မတနဲ့ သမ၀န်ကြီးလာမယ်ဆိုလို့ စာရွက်ကိုယ်စီနဲ့ အသနားခံကြမယ့် တောင်သူတွေ

Written By လွင့်မောင်မောင် on Sunday, May 12, 2013 | 6:57 AM

 
မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ် ကျောက်စရစ်ကျေးရွာ မြောက်အုပ်စု တံငါ(မြောက်) ကျေးရွာမှာ မေလ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က အသိမ်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး အတွက် မူလပိုင်ရှင် ဒေသခံတောင်သူ ၁၅၀ ခန့်က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ တယ်လို့ သိရပါတယ်။

 အဆိုပါဒေသခံတောင်သူများဟာ ကျောက်စရစ်ကျေးရွာမှ မိုးကုတ်-မန္တလေးလမ်းမကြီးအတိုင်း မတ္တရာမြို့နယ်၊ မွေး/ရေ ၀န်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရေနံ့သာငါးလုပ်ငန်းစခန်းအဆောက်အဦ ရှေ့အထိ ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက်ခဲ့တယ်လို့ သိရပါတယ်။

အခုတောင်သူများဟာ မိမိတို့ပိုင် လယ်ယာမြေများကို လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့်က တပ်ရင်းတပ်ဖွဲ့များက သိမ်းဆည်းတာခံခဲ့ရပြီး အခုအခါမှာ ဒေသခံမဟုတ်သူများက ငါးကန်များ၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေလို့ လက်မဲ့ဘ၀ရောက်ရှိကာ အချို့ တစ်နယ်တကျေးသို့ ရေကြည်ရာ မြက်နုရာ သွားရောက်လုပ်ကိုင် စားသောက်နေရပြီး သက်ဆိုင်ရာများထံ တင်ပြမှုတွေ လုပ်ခဲ့ပေမယ့် ဖြေရှင်းပေးခဲ့တာတွေမရှိဘူးလို့ သိရပါတယ်။

“ကျွန်တော်တို့ ဒါ ဘိုးဘွားပိုင်တဲ့မြေတွေ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက သိမ်းခံထားရ တာ။ အခု ဒီလူစုဟာ တင်ပြစာတွေ လူကြီးတွေကို ကိုယ်တိုင်တင်ပြဖို့ပဲ။ ကျွန်တော်တို့ကြားတာ ဒီနေရာကို လယ်/ဆည် ၀န်ကြီးလာမယ်၊ သမ၀န်ကြီးလာမယ်၊ သမ္မတကြီးကိုယ်တိုင်လာမယ်ဆိုလို့ တင်ပြဖို့လာကြတာပဲ။ အုပ်စုကတော့ အမျိုးမျိုးပါတယ်။ နိုင်ငံပိုင်သိမ်းခံထားရတာတွေပါတယ်။ သူတို့ လည်းတင်မှာပဲ။ ကျွန်တော်တို့ ကိုယ်တိုင်နှိုက် ခံထားရတာ။ အဆက်ဆက်တင်ပြခဲ့တာ။ ကျွန်တော်တို့ ပြည်သူတွေ ဥပေက္ခာပြုခံခဲ့ရတာ။ အခု ၀န်ကြီးလာမယ်၊ သမ္မတကြီးလာမယ်ဆိုတော့ တွေ့ချင်တယ်။ ကိုယ်တိုင်တင် ပြချင်တယ်။ ဒူးထောက်ပြီး အသနားခံမယ်”လို့ ဒေသခံတောင်သူတစ်ဦးဖြစ်သူ ကိုနေ၀င်းက စာနယ်ဇင်းများကို ပြောပြပါတယ်။

အလားတူ ရေနံ့သာကျေးရွာက မစန်းမြင့်ကလည်း “အမှတ် ၂၂ စိုက်ကွင်းက ကျွန်မတို့မြေတွေ သိမ်းဆည်းထားတာ အဲဒါကို ကျမတို့ လုပ်ကိုင်စားရတာဆင်းရဲတဲ့အတွက် အခုလိုသိမ်းဆည်းသွားပြီဆို တဲ့နောက် ကျွန်မတို့ ဆင်းဆင်းရဲရဲလုပ်စားနေရတာပါ။ အဲဒါကြောင့်မို့ ကျွန်မတို့မြေ ကျွန်မတို့ ပြန်ရချင်တယ်(ငို၍ပြော) ကျွန်မတို့အခု တစ်အိမ်သားလုံးဆင်းတောင့်ဆင်းရဲလုပ်စားနေရတာ ကျွန်မတို့မိဘဘိုးဘွား ပိုင်ဆိုင်ခဲ့တဲ့ ကျွန်မတို့မြေတွေ (ငိုရှိုက်လျက်ပြော) ကျွန်မတို့သားသမီးတွေ ကို ပညာမသင်ပေးနိုင်ဘူး။ ပညာမသင်ကြားနိုင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့အတွက် တအားနင်းဆင်းရဲစွာ လုပ်စားနေရတာ။ ကျွန်မတို့လယ်မြေတွေကို ကျွန်မတို့ပြန်လုပ် စားပိုင်ခွင့် လိုချင်ပါတယ်။ ကျွန်မတို့ ဒီနေ့အချိန်မှာ ဆင်းတောင့်ဆင်းရဲ လုပ်စားနေရတယ်။ အဲဒါကြောင့် သားသမီးတွေလည်း ပညာမသင်နိုင်ဘူး။ ကျွန်မတို့မြေတွေကို ကျွန်မတို့လုပ်စားပိုင်ခွင့်လိုချင်ပါတယ်။

တံငါရွာ(မြောက်)က ဦးငွေကတော့ အခုလိုပြောပါတယ်။“ကိုယ်သိမ်းခံထားရတဲ့မြေလေးတွေကို ကိုယ်ပြန်ရချင်တယ်။ အတော်ဆင်းရဲနေတာ သားသမီးက ကျွေးမှစားရတာပါ။ ကိုယ်ပိုင်အိမ်ယာဆိုပြီး မရှိပါဘူး။ ကျွန်တော်တို့တောထဲ အမှတ်(၉)ရပ်ကွက်ဆိုပြီး စုပြီးနေရပါတယ်။ အခုတော့ သားသမီးအိမ်ကပ်နေရတာပါ။ သားသမီးကျွေးမှစားရတယ်”လို့ပြောပါတယ်။ “ကျွန်တော်က သပြေသာအုပ်စု၊ သပြေသာကျေးရွာသား မောင်အုန်းဟန်ဖြစ်ပါတယ်။ ကျွန်တော်တို့ ၁၉၉၁ခုနှစ်က ၁၁၆၊ ၁၁၇ ပုသိမ်ကြီးတပ်ကနေပြီးတော့ ကျွန်တော်တို့လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေများကို စတင် ပြီးသိမ်းဆည်းပါတယ်။ သူတို့ ၃ နှစ်လောက် လုပ်စားပြီးတဲ့နောက်မှာ အကျိုးတူအဖြစ် စံပြကုမ္ပဏီ ဦးတင်မြင့်ကို သူတို့ငှားစားပါတယ်။ အခုချိန်ထိ ကျွန်တော်တို့ တောင်သူတွေဟာ မလုပ်ရဘဲ ရေပြင်ကြီးဖြစ်နေပါတယ်။ တမံတွေ၊ ဆည်တွေအထက်ပေါ်မှာ ဘောင်ကြီးတွေ လုပ်ထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့တောင်သူတွေဟာ လယ်ယာမြေ လုပ်ကိုင်မစားရသည့်အတွက်ကြောင့် အပြင်မှာရှိနေတဲ့ လုပ်ကိုင်စားရမယ့်လယ်ယာမြေ အစိုးရဆီကသိမ်းတဲ့ လယ်ကွင်းထဲတောင်မှ သူတို့ကန်ဘောင်မှာ ရေ တွေကျိုးကျတဲ့အခါမှာ မိုးတွေရွာတဲ့အခါမှာ လျှံပြီးတော့ ကျေးရွာများရော၊ ကျောင်းများရော၊ စာသင် ကျောင်းများရော အကုန်လုံးတက်ခဲ့ပါတယ်။ အဲလိုတက်တုန်းကလဲ စီမံကိန်းဧရိယာကွင်းတွေ ပျက်စီး တာကို အခုချိန်ထိလျော်ကြေးလဲ မရခဲ့ပါဘူး။ အခုချိန်ထိ အဖက်ဖက်က တင်ခဲ့ပါတယ်။ နေရာအနှံ့တင်ခဲ့ပေမယ့်လည်း စဉ်းစားမယ် စဉ်းစားမယ်နဲ့ အခုချိန်ထိ မစဉ်းစားလို့ ကျွန်တော်တို့ တံငါမြောက်တံငါရွာ ကျောက်စရစ်မြောက်ကနေ သမ၀ါယမ၀န်ကြီးရုံးရှေ့မှာ ကျွန်တော်တို့ အုပ်စုလိုက်တက်လာရခြင်းဖြစ်ပါတယ်။ ဒါကျွန်တော်တို့ ပါလာတဲ့ အင်အားတွေအများကြီးရှိတယ်။ လာရတဲ့အကြောင်းအရင်းကတော့ ကျွန်တော်တို့မြေတွေကို အခုချိန်ကို များများစားစားပြန်ပြီးတော့ တောင်သူလယ်သမားများကို လုပ်ကိုင်စားသောက်ဖို့ရာ အတွက် ဌာနဆိုင်ရာလူကြီးမင်းများနှင့် တပ်မှူးကြီးမင်းအောင်လှိုင်တို့က မိမိတို့တပ်မှ သိမ်းဆည်း ထားသော မြေများကို ပြန်ပေးဖို့ရာအတွက် အမြန်ဆုံးတောင်သူတွေလုပ်ပိုင်ခွင့်ရအောင် ဆောင်ရွက် ပေးပါလို့ ကျွန်တော်တို့အနူးအညွှတ် တောင်းခံအပ်ပါတယ်ခင်ဗျာ။

အဆိုပါ လယ်ယာသိမ်းဆည်းခံ တောင်သူများဟာ နေ့လည်ပိုင်းမှာ လူစုခွဲသွားခဲ့ပြီး သမ္မတ ကြီးအလာကို စောင့်မျှော်နေဆဲဖြစ်ကြောင်း သိရပါတယ်။

ဘကြီးအောင်  (မြန်မာဓိက)

သတင်း - ဓါတ်ပုံ -  မြန်မာဓိက
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template