
ရန်ကုန်၊ နိုဝင်ဘာ ၁၁
မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့အား ဥရောပသမဂ္ဂမှ ပြည်သူပူးပေါင်းပါဝင်သော ရဲ လုပ်ငန်းစနစ်(Community Policing) သင်တန်း ပို့ချပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့ရေးစု-၃မှ ရဲမှူးကြီးသက်လွင်က ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူတန်းစား အလွှာပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်လျက်ရှိ ခြင်းနှင့်အတူ ဘာသာရေးအဆောက်အအုံများ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများစွာရှိခြင်းတို့ ကြောင့် ယင်းမြို့နယ်ရဲတပ်ဖွဲ့အား သင်တန်းပို့ချ ပေးရန် ရွေးချယ်ရခြင်းဖြစ်ကြောင်း သိရသည်။
''အခုလက်ရှိ ရဲတပ်ရင်းတွေကို ပို့ချပေးနေ တဲ့ သင်တန်းပြီးသွားရင် သွားရောက်သင်ပေးမှာ ပါ။ ပြည်သူပါဝင်လာအောင်၊ ပူးပေါင်းဆောင် ရွက်လာအောင် ဘယ်လိုလုပ်ရမလဲပေါ့''ဟု ၄င်း ကဆက်ပြောသည်။
ဥရောပသမဂ္ဂမှ ၁၈လတာကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ယူရိုငွေ ၁ဝသန်းအကုန် အကျခံ၍ သင်တန်းများပို့ချပေးမည်ဖြစ်ကာ သင်တန်းနည်းပြများတွင် ဘယ်လ်ဂျီယံရဲတပ်ဖွဲ့မှ ရဲအရာရှိ နှစ်ဦး၊ ဗြိတိန်နိုင်ငံမှ ရဲအရာရှိ လေးဦး နှင့် ဂျာမနီနိုင်ငံမှ ရဲအရာရှိ နှစ်ဦးတို့ ပါဝင် ကြောင်းသိရသည်။
''သင်တန်းဆရာတွေက နိုင်ငံတကာရဲလုပ် ထုံးလုပ်နည်းတွေအပြင် လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ စံချိန်စံညွှန်းတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးနှင့်အညီ စီမံခန့်ခွဲမှုတွေကို သင်ပေးသွားမှာပါ''ဟု ရဲမှူး ကြီးသက်လွင်ကပြောသည်။
မင်္ဂလာဒုံမြို့နယ်ရှိ ရဲတပ်ရင်း-၈တွင် ယခု လ ၅ရက်မှစတင်ကာ ရဲတပ်ရင်းများမှ အရာရှိ နှင့် အခြားအဆင့်ရဲဝန်ထမ်း၂ဝဝကို ယခုလ ၁၈ ရက်ထိ လူအုပ်စု စနစ်တကျစီမံထိန်းသိမ်းမှု သင်တန်းပို့ချပေးလျက်ရှိသည်။
ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိများသို့ ပထမဆုံးအကြိမ် အကြမ်းဖက် လူအုပ်စု ကိုင်တွယ်ထိန်းသိမ်းရေးနှင့် ဆက်နွှယ် သော လူထုပူးပေါင်းပါဝင်သည့်အကြိမ်၊ သင်တန်း ပို့ချမှုကို သြဂုတ်လအတွင်းကပြုလုပ်ခဲ့ပြီး ရဲတပ်ရင်းများမှ တပ်ရင်းမှူး ဒုတိယရဲမှူးကြီး ၁၈ဦးနှင့် ဒုတိယတပ်ရင်းမှူး ရဲမှူးနှစ်ဦးတို့ တက်ရောက်ခဲ့သည်။
ညွန့်ဝင်း - The Union Daily