Headlines News :
Home » » ပြစ်မှုကျူးလွန်သူဟု သံသယရှိခံရသူများ၊ စွပ်စွဲခံရသူများ ဖမ်းဆီးစစ်ဆေးရာတွင် ထိခိုက်မှုနှင့် သေဆုံးမှုများ ရှိနေဆဲဖြစ်

ပြစ်မှုကျူးလွန်သူဟု သံသယရှိခံရသူများ၊ စွပ်စွဲခံရသူများ ဖမ်းဆီးစစ်ဆေးရာတွင် ထိခိုက်မှုနှင့် သေဆုံးမှုများ ရှိနေဆဲဖြစ်

Written By လွင့်မောင်မောင် on Monday, November 11, 2013 | 2:02 PM


    အမှုအခင်းများအတွက် ပြစ်မှုကျုးလွန်သူဟု သံသယရှိထားသူများ၊ စွပ်စွဲခံထားရသူများအား ရဲစခန်းများ ၌ ဖမ်းဆီးစစ်ဆေးကြရာတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ရှိနေဆဲဖြစ်ပြီး ပြည်သူ့ရဲဝန်ထမ်းများ အနေဖြင့် ဥပဒေကို အထူးလိုက်နာရန် လိုအပ်နေပေသည်။

    လက်ရှိတွင် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ ဦးဆောင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အရည်အသွေးများ မြင့်မားလာစေရန် ဥရောပသမဂ္ဂနိုင်ငံများဖြင့် ချိတ်ဆက်၍ သင်တန်းပေး မှုများ ပြုလုပ်လျက်ရှိသော်လည်း တရားခံဟု သံသယရှိထားသူများ၊ ဖမ်းဆီးစစ်ဆေးခံရသူများအပေါ် ရဲဝန်ထမ်းများ၏ ဆက်ဆံပုံများ၊ အပြုအမူများနှင့်ပတ်သက်၍ လက်ရှိတွင် ပြည်သူများက ဝေဖန်မှုများ ရှိနေသည်။

    အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီမှ အတွင်းရေး မှူးဖြစ်သူ ဦးဝင်းမြင့်က “ပြည်သူ့ရဲဆိုတာ ဥပဒေအရ ပြည်သူကို အကာအကွယ်ပေးရမှာပါ၊ ရဲဆိုတာ ပြည်သူကို ညှဉ်းပန်းနှိပ်စက်တဲ့ ဥပဒေမဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး” ဟု ပြောပြသည်။

    ထို့ပြင် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ရာတွင် ရဲလက်စွဲဥပဒေများ၊ သက်သေခံဥပဒေများ၊ ပြစ်မှု ကျင့်ထုံး ဥပဒေများနှင့်အညီသာ သံသယရှိထားသူများ၊ စွပ်စွဲခံထားရသူများကို စစ်ဆေးဖော်ထုတ်ရ မည်ဟုဆိုသည်။

    ထို့ပြင် သံသယရှိထားသူများအာ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးသော တာဝန် နှင့် အာဏာအား လွဲအပ် ထားခြင်းမရှိဟု ၎င်းကထောက်ပြပြောဆိုသည်။

    လက်တလောတွင်ပင် ဧည့်စာရင်းစစ်သည့် ရဲတပ်ဖွဲ့ဝင်များအား မချေမငံပြောဆိုမှုကြောင့် သတင်း ထောက်တစ်ဦးအား ၀တ္တရားနှောင့်ယှက်သည်ဟု စွပ်စွဲဖမ်းဆီးကာ ရဲစခန်းတွင် လက်ထိပ်ခတ်ရိုက်နှက် မှုတစ်ခု ရန်ကုန်မြို့တွင် ဖြစ်ပွားထားသည်။

    လွန်ခဲ့သည့် နှစ်ဆန်းပိုင်းကလည်း ခိုးမှုဖြင့် သံသယရှိထားပြီး လက်ထိပ်နောက်ပြန်ခတ်ခံထားရသည့် ကိုယ်ဝန်ရှိ အမျိုးသမီးတစ်ဦး ရဲများရှေ့မှောက်တွင် မြစ်ထဲသို့ ခုန်ချသတ်သေမှုတစ်ခု ဧရာဝတီတိုင်း တွင် ဖြစ်ပွားခဲ့သည်။

    ၂၀၁၂ ခုနှစ်က တာမွေမြို့နယ်တွင် လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးကလေးငယ်တစ်ဦးအား ပစ္စည်းခိုးယူ မှုဖြင့် ရဲစခန်းက ဖမ်းဆီးခေါ်ဆောင်၍ ခေါင်းအားအိတ်မဲဖြင့်စွပ်ကာ တစ်ညလုံးရိုက်နှက်စစ်ဆေးခြင်းခံခဲ့ ရသည်ဟု ဆိုသည်။ အမှန်တကယ်တွင် ယင်းကလေးငယ်မှာ ခိုးယူသူမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ပြီး သူမကိုယ်တိုင် ရဲစခန်းမှ ကယ်ထုတ်ခဲ့ရသည်ဟု ဆိုခဲ့သည်။

    ထို့ပြင် တောင်ဥက္ကလာပမြို့နယ်ရှိ ဈေးကြီးတစ်ခု မီးလောင်မှုတွင်လည်း မီးလောင်မှုဖြင့် သံသယရှိထား သည့် ဈေးလုံခြုံရေးတစ်ဦးအား ဖမ်းဆီးချုပ်နှောင်ရိုက်နှက်ပြီး ၀န်ခံကြောင်းလက်မှတ်ရေးထိုးစေခဲ့သည် ဟု ကာယကံရှင်က ပြောပြခဲ့ဖူးသည်။

    ယင်းအပြင် ပဲခူးတိုင်း ဖြူးမြို့တွင်လည်း ဘီယာဆိုင်မှ ပြန်လာသော လူငယ်တစ်ဦးအား မချေမငံပြောဆို မှုဖြင့် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ရိုက်နှက်ကြရာမှ လူငယ်တစ်ဦး သေဆုံးခဲ့ရပြီး ရဲဝန်ထမ်းသုံးဦးအား အရေးယူခံရကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူက ပြောပြခဲ့ဖူးသည်။

    မရမ်းကုန်းမြို့နယ်တွင်လည်း လူသတ်မှုတစ်ခုအတွက် သံသယရှိထားသူတစ်ဦးအား ဖမ်းဆီးရိုက်နှက် စစ်ဆေးရာမှ သေဆုံးခဲ့ရမှုတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

    စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက “စုံးစမ်းစစ်ဆေးရေး ကာလနဲ့စုံးစမ်းစစ်ဆေးမှုပေါ်မှာ တာဝန်ရှိမှုအပိုင်းတွေကို လူ့အခွင့်အရေးဘက်က ပြင်းပြင်းထန်ထန် ပြောဖို့လိုနေပါတယ်။ ဖမ်းခေါ်သွား တုန်းကတော့ အကောင်း၊ ပြန်ပို့တော့ စုတ်ပြတ်သတ်နေတယ်ဆိုတာကို ကြားနေရပါတယ်။ ဒါတွေ မကြားရဖို့၊ တကယ်မမှန်ဖို့ဆိုတာတော့ တာဝန်ရှိသူတွေ ဥပဒေတွေနဲ့အညီ လုပ်ဆောင်ကြဖို့လိုပါတယ်” ဟု ပြောခဲ့သည်။

    မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲကျင့်ဝတ်၊ ရဲစည်းကမ်းများမှာ ပြဋ္ဌာန်းထားပြီးဖြစ်သော်လည်း လိုက်နာမှု အား နည်းခြင်းကြောင့် ယင်းသို့သော ဖြစ်စဉ်များရှိနေရသည်ဟု ကျွမ်းကျင်သူများက ထောက်ပြသည်။ ထို့ ကြောင့် အဆိုပါ စည်းမျဉ်းစည်းကမ်းများအား တိတိကျကျ လိုက်နာတက်စေရန် သင်တန်းများပေးသင့် နေပြီး ပြည်သူလူထုကို စောင့်ရှောက်ကာကွယ်လိုသောစိတ်နှင့် သည်းခံတက်သော စိတ်ဓာတ်များကို မွေးမြူပေးရန် လိုအပ်နေသည်ဟု ဒေါ်လဲ့လဲ့ဝင်းဆွေက ဆိုသည်။

    “ရဲတွေရဲ့ မိုင်းဆက်ကိုချိန်းဖို့လိုနေပါတယ်။ ပြည်သူ့ရဲက ပြည်သူကို ဥပဒေအရ ကာကွယ်ပေးဖို့လိုတယ်၊ ဥပဒေကို လက်နက်အဖြစ်ကိုင်စွဲပြီး ပြည်သူကို နှိပ်စက်ဖို့ မဟုတ်ဘူးဆိုတဲ့ အမြင်မျိုးကို ချိန်းပေးရမှာပါ” ဟု ဦးဝင်းမြင့်က ဆိုခဲ့သည်။

    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ရဲများ နှင့် ပတ်သက်၍ ပြည်သူများ နစ်နာမှုများရှိပါက ဖုန်းနံပါတ် ၀၆၇- ၄၁၂၂၂၂ နှင့် ၀၆၇- ၄၁၂၄၄၄ သို့ ဆက်သွယ်နိုင်သည်ဟု ထုတ်ပြန်ပေးထားသည်။ ယင်းဌာနတွင် ရဲများနှင့်ပတ်သက်ပြီး ပြည်သူများ၏ မည်သည့်နစ်နာမှုကိုမဆို ဆက်သွယ်တိုင်ကြားနိုင်သည်။

ဇော်ဇော်ထွေး|Mizzima - News in Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template