Headlines News :
Home » » နိုင်ငံခြားသင်္ဘောများ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းခွင့် ဧပြီလ ၁ ရက် ရပ်ဆိုင်းမည်

နိုင်ငံခြားသင်္ဘောများ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းခွင့် ဧပြီလ ၁ ရက် ရပ်ဆိုင်းမည်

Written By လွင့်မောင်မောင် on Tuesday, November 12, 2013 | 4:40 PM

 
ရန်ကုန်၊ နိုဝင်ဘာ ၁၁

နိုင်ငံခြား ငါးဖမ်းသင်္ဘောများကို ငါးဖမ်းဆီးခွင့် ပြုထားသည့် မြန်မာ့ပင်လယ် ငါးဖမ်းလုပ်ငန်းရေပြင် (မြန်မာ့ရေပိုင်နက် သီးသန့်စီးပွားရေးဇုန်မျဉ်း၏ အပြင်ဘက်) တွင် နိုင်ငံခြား သင်္ဘောများ၏ ပင်လယ်ပြင် ငါးဖမ်းဆီးခွင့် (Fishing Right) ကို လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင် ရပ်ဆိုင်းမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၉ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့တွင် နေပြည်တော် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနရုံးတွင် Fishing Right ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး နောက်တွင် နိုင်ငံခြား သင်္ဘောများ၏ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းဆီးခွင့်ကို ရပ်ဆိုင်းမည့် ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံခြား ငါးဖမ်းသင်္ဘောများမှာ ထရော်လာ (Trawler) ခေါ် တရွတ်ဆွဲပိုက် များဖြင့် ငါးဖမ်းဆီးသောကြောင့် ပင်လယ်ကြမ်းပြင် ပျက်စီးသည့်အပြင် တရားမဝင် ငါးခိုးဖမ်းခြင်း များလည်း ပြုလုပ်ကြကြောင်း၊ ယင်းကြောင့် တိုင်းရင်းသားလုပ်ငန်းရှင် များ၏ အကျိုးစီးပွားကို ကာကွယ်လို၍ နိုင်ငံခြားသင်္ဘောများ၏ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းဆီးခွင့် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇံထွေးက ပြောကြားသည်။

မြန်မာ့ ပင်လယ်ပြင်တွင် နိုင်ငံခြား ငါးဖမ်းသင်္ဘောများ ငါးဖမ်းခွင့်ကို ရပ်ဆိုင်း လိုက်ခြင်းမှာ ရေသယံဇာတ မရှိသော အိမ်နီးချင်း ထိုင်းနိုင်ငံအတွက် အကျပ် ရိုက်စေနိုင်သည်ဟု အဏ္ဏဝါဒေဝီ အအေးခန်း ပိုင်ရှင် ဒေါ်တိုးနန္ဒာတင်က သုံးသပ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် နိုင်ငံခြား ငါးဖမ်းသင်္ဘောများ မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းဆီးခွင့်ကို ရေသယံဇာတ ရှားပါးလာမှုကြောင့် ရပ်ဆိုင်းသင့်ကြောင်း ရေလုပ်ငန်းကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင် များက တင်ပြခဲ့ကြသည်။

မြန်မာ့ပင်လယ်ပြင်တွင် နိုင်ငံခြားသင်္ဘောများ ငါးဖမ်းခွင့်ကို ၁၉၈၉ ခုနှစ် နိုင်ငံခြား ငါးဖမ်းရေယာဉ်များ ငါးဖမ်း လုပ်ကိုင်ခွင့် ဥပဒေအရ ခွင့်ပြုထားခြင်း ဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်တွင် ဝင်ရောက် ငါးဖမ်းနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ် အစင်း ၆၀ ရှိကြောင်း၊ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ကို နိုင်ငံတော်က အခွန်ဘဏ္ဍာအဖြစ် ရရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template