၁၉၈၈
ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျောင်းသားသမဂ္ဂများက
အမျိုးသားပညာရေးဥပဒေကို အသစ်ပြန်ရေးပေးရန် ရည်ရွယ်ချက်ဖြင့်
ရန်ကုန်မြို့တော်ခန်းမရှေ့တွင် နိုဝင်ဘာ ၁၄ ရက်က စတင်ဆန္ဒပြခဲ့ပြီး
ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်သွားမည်ဟု ကျောင်းသားများထံမှ သိရသည်။
အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သော ဆန္ဒပြကျောင်းသား ၅၀၀ ခန့်သည် ရန်ကုန်ဘူတာကြီးရှေ့မှစတင်ကာ လမ်းလျှောက်ခဲ့ကြကာ မဟာဗန္ဓုလပန်းခြံကို တစ်ပတ်ပတ်ပြီး ဆူးလေဘုရားအနီးရှိ ပလက်ဖောင်းမြေကွက်လပ်တွင် ထိုင်သပိတ်ဆန္ဒပြမှုပုံစံ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
အမျိုးသားပညာရေးဥပဒေ အလိုမရှိ၊ ဒီမိုကရေစီ ပညာရေးတို့အရေး၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့် ရရှိရေးဟု သံပြိုင်ကြွေးကြော်ခဲ့ကြပြီး ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် ရပ်ထားသောကားခေါင်မိုးပေါ်သို့တက်၍ တစ်ယောက်ပြီးတစ်ယောက် အမျိုးသားပညာရေးဥပဒေ၏ အားနည်းချက်များ၊ မြန်မာနိုင်ငံပညာရေးစနစ်၏ အားနည်းချက်များကို ကျောင်းသား၊ ကျောင်းသူများက ဟောပြောခဲ့ကြသည်။
အမျိုးသားပညာရေးဥပဒေ၏ ဗဟိုဦးစီးချုပ်ကိုင်မှု များနေခြင်း၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ပေးမထားခြင်း၊ လွတ်လပ်သောတက္ကသိုလ်အုပ်ချုပ်မှုများ ပေးမထားခြင်း၊ တိုင်းရင်းသားဘာသာစကား သင်ကြားမှုကို ကန့်သတ်ထားခြင်း စသည့်အကြောင်းအရာများကို လက်ရှိကြုံတွေ့နေရသည့် ပညာရေးစနစ်နှင့်နှိုင်းယှဉ်ကာ ကျောင်းသားများက ဝေဖန်ဟောပြောခဲ့ကြခြင်းဖြစ်သည်။
“အစိုးရက တစ်ဖက်သတ်ရေးဆွဲထားတဲ့ ဒီဥပဒေကို မပြင်မချင်း၊ အသစ်ပြန်မရေးပေးမချင်း သပိတ်မှောက် ဆန္ဒပြသွားမယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ပညာရေးတိုးတက်မှုရှိနိုင်တဲ့ ပညာရေးဥပဒေမျိုးပဲ လိုချင်ပါတယ်” ဟု ဗကသ များအဖွဲ့ချုပ်မှ ကိုကျော်ကိုကိုက ပြောကြားသည်။
“သပိတ်မှောက်လှုပ်ရှားမှုတွေကို နေ့တိုင်းလုပ်ဆောင်သွားမယ်။ ဒီနေရာ(ဆူးလေ)မှာမှ မဟုတ်ဘူး။ တခြားနေရာတွေမှာလည်း ဥပဒေအသစ် ရေးမပေးမချင်း ဆန္ဒပြသွားမယ်။ သမဂ္ဂမဟုတ်တဲ့ ကျောင်းသားလူငယ်တွေလည်း ပူးပေါင်းပါဝင်နိုင်ပါတယ်” ဟု ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုရဲဇာနည်ထွန်းက ပြောကြားသည်။
“ဥပဒေမှာ အားနည်းချက်တွေ အများကြီးရှိရဲ့သားနဲ့ အစိုးရက အတည်ပြုပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေနဲ့ ပညာရေးတိုးတက်မယ်လို့ မယုံကြည်ဘူး။ ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ ဘာသာစကား အခက်အခဲနဲ့ ပညာမတတ်ခြင်းရဲ့ အကျိုးဆက်ကို ခံစားနေကြရတယ်” ဟု တိုင်းရင်းသားတက္ကသိုလ် ကျောင်းသားတစ်ဦးက ဟောပြောခဲ့သည်။
ကျောင်းသားထု အရေးပေါ်အစည်းအဝေးပြီးနောက် တက်ရောက်လာသော မြန်မာတစ်ပြည်လုံးရှိ ကျောင်းသားသမဂ္ဂများက ယင်းကဲ့သို့ သပိတ်မှောက်ဆန္ဒပြရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
အမျိုးသားပညာရေးဥပဒေ အတည်မပြုခင် ကာလကတည်းကပင် တစ်နိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂများက သက်ဆိုင်ရာနယ်မြို့များတွင် ဥပဒေအပေါ် ဆန္ဒပြပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် ဥပဒေမှာ ၎င်းတို့တောင်းဆိုသော အချက်အလက်များ ပါဝင်လာခြင်းမရှိဘဲ အတည်ဖြစ်ခဲ့သည်။
ကျောင်းသားများ၏ သပိတ်မှောက်ဆန္ဒပြမှုအား ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကလည်း အားပေးကူညီခဲ့ပြီး သပိတ်မှောက်မှု တည်တံ့နိုင်စေရန် ငွေကြေးလှူဒါန်းသူများလည်း ရှိခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ကျောင်းသားထုဆန္ဒပြမှု ပြီးသည့်နောက်ပိုင်း ၁၉၉၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တို့၌ ကျောင်းသားဆန္ဒပြမှုအချို့ ရှိခဲ့သော်လည်း ယခုဆန္ဒပြမှုသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ကျောင်းသားသမဂ္ဂများ အားလုံးအနေဖြင့် အင်တိုက်အားတိုက် ဆန္ဒပြခဲ့သည့် ပိုမိုကျယ်ပြန့်သော ကျောင်းသားသမဂ္ဂများ၏ ပထမဆုံးအကြိမ် ဆန္ဒပြမှုလည်း ဖြစ်ခဲ့သည်။
သက်မင်း၊ အောင်ထက်ခိုင် ပြည့်ဖြိုးအောင်Eleven Media Group