
အင်ဒိုနီးရှား အရှေ့ပိုင်း မိုလက္ကက်စ် ကျွန်းရဲ့ ကမ်းလွန်ဒေသမှာ ပြင်းအား ၇ ဒသမ ၃ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး အနီးအနားတ၀ိုက်ဒေသတွေကို ဆူနာမီ သတင်ပေးချက်ထုတ်ပြန်ထားပါတယ်။
ဟာဝိုင်အီမှာရှိတဲ့ ပစိဖိတ် ဆူနာမီ သတိပေးဌာနက ငလျင်ဗဟိုချက်နဲ့ ၁၈၅ မိုင် ၀န်းကျင်မှာ အန္တရာယ်ဖြစ်နိုင်တဲ့ ဆူနာမီ ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။ ဒါပေမယ့် ပစိဖိတ်ဒေသ ဆူနာမီအဆင့်အထိ မဖြစ်နိုင်ဘူးလို့လည်း ပြောပါတယ်။
ဆူနာမီလှိုင်းတွေဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ပါလောင်း၊ ပါပွာ နယူးဂီနီ၊ ဆယ်လမွန်ကျွန်းစုတွေနဲ့ မာရှယ် ကျွန်းစုတွေမှာ ဖြစ်နိုင်သလို၊ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းနဲ့ ထိုင်ဝမ်အထိ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှား မက်ထရို တီဗွီမှာလည်း ဒီသတင်းကို ထုတ်လွှင့်သွားပါတယ်။
ရက်ချက်တာ စကေး ၇ ဒသမ ၃ ရှိတဲ့ ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၉ နာရီခွဲမှာ လှုပ်ခတ်ခဲ့ပြီး ဆူလာဝေစီမြောက်ပိုင်း မာနာဒို အထိ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ငလျင်ဟာ အင်ဒိုနီးရှား အရှေ့ဘက် မိုလက္ကက်စ် ကျွန်းရဲ့ ၈၃ မိုင်အကွာ၊ မြေအောက် ၃၄ မိုင်မှာ ဗဟိုပြုပြီး လှုပ်ခဲ့တယ်လို့ တိုင်းတာချက်က ဆိုပါတယ်။
ငလျင်ကြီးလှုပ်ပြီးနောက်မှာလည်း ဆူလာဝေစီကျွန်း ကမ်းလွန်ဒေသမှာ ၆ ဒသမ ၂ ပြင်းအားရှိတဲ့ နောက်ထပ် ငလျင်တခုလည်း လှုပ်ခတ်ခဲ့ပါတယ်။
By ဒီဗွီဘီ