Headlines News :
Home » » လယ်သမားများ၏ အကျိုးစီးပွား ကာကွယ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးသင့်ဟု ဒေါက်တာညိုညိုသင်း ပြောကြား

လယ်သမားများ၏ အကျိုးစီးပွား ကာကွယ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးသင့်ဟု ဒေါက်တာညိုညိုသင်း ပြောကြား

Written By လွင့်မောင်မောင် on Tuesday, November 11, 2014 | 11:17 PM

 လယ်သမားများ၏ အကျိုးစီးပွား ကာကွယ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အထူးဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးသင့်ဟု ဗဟန်းမြို့နယ်ကိုယ်စားပြု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် BBC မြန်မာပိုင်းအစီအစဉ်၏ မေးဖြေစရာဒီချိန်ခါ စကားဝိုင်းဆွေးနွေးပွဲတွင် တက်ရောက်လာသူတစ်ဦး မေးမြန်းသည့် လယ်သမားများ ဖမ်းဆီး၊ ထောင်ချခံရမှုများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အမှန်တကယ် အထောက်အကူပြုနိုင်ခြင်း ရှိမရှိနှင့် ထိုသို့သောဖြစ်ရပ်များ ဆက်လက်မဖြစ်ပေါ်စေရန် မည်သို့လုပ်ဆောင်သင့်သနည်းဟူသည့် မေးမြန်းမှုကို ဒေါက်တာညိုညိုသင်းက ပြန်လည်ဖြေကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာညိုညိုသင်းက “အခုတော့ အားလုံးလည်းပြောကြတယ်။ နိုင်ငံရေးသမားတွေကို ထောင်မချဘူး။ အခုခေတ်က လယ်သမားတွေကို ထောင်ချတဲ့ခေတ်။ အဲဒီတော့ လယ်သမားတွေ ခံနေရတယ်။ ဆိုတော့ ကျွန်မတို့ပြည်ထောင်စုလွှတ်တော်က ခုနကလို လယ်ယာမြေစုံစမ်းရေးကော်မရှင်လုပ်ရုံနဲ့ မရဘူး။ ပြည်ထောင်စုလွှတ်တော်က နောက်ထပ်ဘာလုပ်ပေးရမလဲဆိုရင် ဒီထောင်ချခံနေရတဲ့ လယ်သမားတွေ တစ်ခါ အခုထပ်ပြီးတော့ ကျဦးမယ့် လယ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုရင် ကျွန်မတို့က လယ်သမားတွေကို ကာကွယ်စောင့်ရှောက်ဖို့ပေါ့နော်။ အနိမ့်ဆုံးအဆင့် လယ်သမားတွေရဲ့ ပစ္စည်းကို မသိမ်းရတာမျိုး၊ လယ်သမားတွေကို ဖမ်းဆီးချုပ်နှောင်ခွင့် မလုပ်ရဘူးဆိုတဲ့ အထူးဥပဒေတစ်ခု ပြဋ္ဌာန်းပြီးတော့ လယ်သမားတွေကို ကာကွယ်ဖို့လိုအပ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ကို ဒီလိုမကာကွယ်ဘူးဆိုရင် ကျွန်မတို့ ဒီထောင်ချတဲ့ကိစ္စတွေ ဆက်ဖြစ်နေဦးမှာပါပဲ” ဟု ပြောကြားသည်။ လွှတ်တော်တွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်သော်လည်း ထိရောက်သည့် လုပ်ဆောင်မှုနှင့် ဖြေရှင်းပေးမှုများ လိုအပ်ကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ လက်ရှိတွင် တောင်သူလယ်သမားများအား ထောင်ဒဏ်ချမှုများ ဆက်လက်ရှိနေဆဲဖြစ်ကာ တရားစွဲဆိုခံရပြီး ထောင်ဒဏ်ကျခံနေရသည့် မြေသိမ်းခံတောင်သူများ၏ မိသားစုဝင်များမှာ ၎င်းတို့ကိုယ်တိုင် တရားရင်ဆိုင်ရမှုများ၊ ထောင်ရွှေ့ပြောင်းခြင်းနှင့် ငွေကြေးလိုအပ်ချက်များကြောင့် ထောင်ဝင်စာတွေ့ရန်ပင် အခက်အခဲများရှိကြောင်း တောင်သူလယ်သမားအရေး ဆောင်ရွက်ပေးနေသူများက ပြောကြားထားမှုများရှိသည်။ ထို့အပြင် ဗဟန်းမြို့နယ်ကိုယ်စားပြု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “ကျွန်မတို့ လက်တွေ့အောက်မှာတွေ့နေရတဲ့ ကိစ္စတွေက ဘာတွေလဲဆိုလို့ရှိရင် ထွန်တုံးတိုက်ပွဲ မဝင်ရင်လည်းပဲပေါ့နော် ဒီမြေကိုသိမ်းထားတဲ့ ဒါခရိုနီတွေပေါ့။ လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေက လယ်သမားကို နည်းအမျိုးမျိုးနဲ့ ထုတ်ချင်တဲ့အတွက်ကြောင့်မို့လို့ လယ်သမားများစွာက ဒုက္ခရောက်နေတာ ဖြစ်ပါတယ်။ ဒါတကယ့်ဖြစ်စဉ်တွေသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ ပြည်ထောင်စုလွှတ်တော်က ဒီလယ်သမားတွေကို ခွဲထုတ်မခံရအောင်လို့ အမြန်ဆုံးဥပဒေပြုပေးဖို့ လိုအပ်တယ်လို့ ကျွန်မက ပြောကြားလိုပါတယ်” ဟု ဖြည့်စွက်ပြောကြားသည်။ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအား ပြဋ္ဌာန်းပြီး သုံးလအကြာတွင် နည်းဥပဒေ ထုတ်ပြန်ရမည်ဖြစ်သော်လည်း ကိုးလခန့်ကြာမြင့်လာသည့် လက်ရှိအချိန်အထိ နည်းဥပဒေအား ထုတ်ပြန်နိုင်မှု မရှိသေးကြောင်း သိရသည်။ ထိုသို့ နည်းဥပဒေထုတ်ပြန်ပေးနိုင်မှု မရှိသဖြင့် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နည်းဥပဒေရေးဆွဲရန် အဓိကလုပ်ကိုင်သည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို အမြန်ဆုံးနည်းဥပဒေ ထုတ်ပြန်ပေးရန် သတိပေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
 ဇာလီမြင့်ဦး EMG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template