ရီယိုဒီဂျနေရိုး၊ နိုဝင်ဘာ ၁၂
ဘရာဇီး ရဲတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သော ၅ နှစ်အတွင်း တစ်ရက်လျှင် လူ ၆ ဦးနှုန်း သတ်ဖြတ်ခဲ့သည်ဟု အကြမ်းဖက်မှု စောင့်ကြည့် ထိန်းသိမ်းရေး အရပ်ဘက် အဖွဲ့အစည်းတစ်ခုမှ ထုတ်ပြန်လိုက်ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။
ပြီးခဲ့သော ၅ နှစ်တာအတွင်းတွင် ဘရာဇီးရဲများ၏ သတ်ဖြတ်မှုကြောင့် လူပေါင်း ၁၁၀၀၀ ခန့် သေဆုံးခဲ့ရပြီး ထိုအရေအတွက်မှာ အမေရိကန်ရဲများ နှစ်ပေါင်း ၃၀ အတွင်း သတ်ဖြတ်ခဲ့သည့် အရေအတွက်နှင့် ညီမျှသည်ဟု အစိုးရ မဟုတ်သည့် အဖွဲ့အစည်း တစ်ခုဖြစ်သော Brazilian Forum on Public Safety အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ဆော်ပေါ်လိုမြို့ အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော ယင်းအဖွဲ့က ဘရာဇီးရဲများသည် လိုအပ်သည်ထက် ပိုပြီး အင်အားသုံး နှိမ်နင်းမှုများ ပြုလုပ်ခဲ့သည်ဟုလည်း စွပ်စွဲထားသည်။
Brazilian Forum on Public Safety အဖွဲ့၏ လေ့လာချက်အရ ဘရာဇီးနိုင်ငံ၏ ပြည်နယ် ၂၇ ခုရှိသည့်အနက် ရီယိုဒီဂျနေးရိုး ပြည်နယ်သည် ရဲတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးမှု အမြင့်ဆုံးပြည်နယ် ဖြစ်ကြောင်းလည်း တွေ့ရှိရသည်။
ရီယိုဒီဂျနေးရိုး ပြည်နယ်တွင် ၂၀၁၃ ခုနှစ် တစ်နှစ်တည်း၌ပင် ရဲတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် လူပေါင်း ၄၁၆ ဦးခန့် သေဆုံးခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သောနှစ် တစ်နှစ်တည်း၌ပင် လူသတ်မှု ကျူးလွန်ခံရ၍ သေဆုံးခဲ့သူပေါင်းမှာ ၅၀,၈၀၆ ဦးအထိ ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် ၁၀ မိနစ်လျှင် တစ်ဦးနှုန်း သတ်ဖြတ်ခံခဲ့ရသည်ဟုလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ သတ်ဖြတ်ခံခဲ့ရသူများအနက် အများစုမှာ လူမည်းများ ဖြစ်ကြပြီး ၎င်းတို့ထဲမှ တစ်ဝက်ခန့်မှာ ဆယ်ကျော်သက် အရွယ်သာ ရှိသေးသူများ ဖြစ်ကြောင်း Brazilian Forum on Public Safety အဖွဲ့၏ အစီရင်ခံစာအရ သိရှိရသည်။
ဘရာဇီးရဲများသည် သံသယရှိအဆင့် တရားခံများကို တိတိကျကျ စုံစမ်းစစ်ဆေးခြင်း မရှိဘဲ အလျင်စလို အရေးယူလေ့ ရှိသည်ဟုလည်း ဝေဖန်ခံရလျက် ရှိသည်။