နိုင်ငံတော်
ကာကွယ်ရေးအတွက် မမျှော်လင့်ဘဲ ဝယ်ယူရမယ့် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေအတွက်
ကျပ် ၁၇၇ ဘီလီယံ အသုံးပြုမယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောပါတယ်။ ကာကွယ်ရေးပိုင်းမှာ
သုံးစွဲသင့်တာကို မသုံးစွဲဘဲ နေရင် ဘာဖြစ်မယ်လို့ သူပြောလဲ။
နေပြည်တော်၊ နိုဝင်ဘာ ၁၀နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းမှာ ထည့်သွင်း တောင်းခံထားတဲ့ တပ်မတော် အသုံးစရိတ်တွေနဲ့ ပတ်သက်လို့ ပြောဆိုရာမှာ သူက အခုလို ပြောဆိုခဲ့တာပါ။
မမျှော်လင့်ဘဲ ဝယ်ယူရတဲ့ ကာကွယ်ရေး ပစ္စည်းတွေမှာ ဘယ်လို ပစ္စည်းတွေ ပါဝင်တယ် ဆိုတာကို နိုင်ငံတော် လုံခြုံရေးအရ လွှတ်တော်မှာ ထုတ်ဖော်ပြောကြားဖို့ မသင့်တဲ့အတွက် ကော်မတီ၊ ကော်မရှင်တွေကို တင်ပြထား တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြောပါတယ်။
တပ်မတော်က နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းမှာ ငွေကျပ် ၂၄၈၀၃၄ ဒသမ ၇၂၃ သန်း တောင်းခံထားပြီး သာမန်အသုံးစရိတ် ၇၁ ဘီလီယံနဲ့ ငွေလုံးငွေရင်း အသုံးစရိတ် ၁၇၇ ဘီလီယံ တောင်းခံထားတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနဆီကနေ သိရှိရပါတယ်။
မြန်မာနိင်ငံနေနဲ့ စီးပွားရေး ပိတ်ဆို့မှု လုံးဝကင်းတဲ့ အနေအထားမှာ မရှိသေးတာကြောင့် တချို့သော ပစ္စည်းတွေ ဝယ်ယူတဲ့အခါ ချောချောမွေ့မွေ့ ဝယ်ယူခွင့် မရတဲ့အပြင် ငွေပေးချေတဲ့ နေရာမှာလည်း ကန့်သက်ချက်တွေ ရှိနေတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ပြောပါတယ်။
ကာကွယ်ရေးပိုင်းမှာ သုံးစွဲသင့်တာကို မသုံးစွဲဘဲ နေရင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတော် ကာကွယ်ရေး စောင့်ရှောက်မှုကို ပျက်ကွက်မယ့် အနေအထား ရှိနေတာကြောင့် ဘတ်ဂျတ်တောင်းခံမှုကို စဉ်းစားဆုံးဖြတ်ပေးဖို့ လိုအပ်တယ်လို့ သူက လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ ၂၀၁၄ -၂၀၁၅ ခုနှစ်အတွက် တပ်မတော်ရဲ့ မူလတောင်းခံထားတဲ့ ဘဏ္ဍာငွေ အသုံးစရိတ်မှာ ၂၃၆၅၈၁၃ ဒသမ ၂၁၈ သန်း ဖြစ်ပါတယ်။