တရားခံမေဇွန် |
"သေတာက ၃၆ နာရီအတွင်းသေတယ်။ သေဆုံးသူက ဧရာဝတီတိုင်း ပုသိမ်မြို့ကပါ။ တရားခံကလည်းဝန်ခံတယ်။ ၀န်ခံတော့ ဆက်လက် စစ်ဆေးနေတယ်။ ဆက်ပြီးတော့ အမှုတွဲ တည်ဆောက်နေတယ်"ဟု ရဲမှူးက ပြောကြားသည်။
တရားခံသည် MRTV-4 မှ ထုတ်လွှင့်မည့် ရုပ်သံဇာတ်လမ်းတွဲတွင် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရသော မေဇွန်ဆိုသူဖြစ်ပြီး သူမနေထိုင်သည့်အိမ်တွင် သူမအပါအ၀င် ၁၃ နှစ် အရွယ် အိမ်အကူတစ်ဦးနှင့် ယခုအသတ်ခံရသူ ၁၈ နှစ်အရွယ် အိမ်အကူတို့ နေကြသည်။
သေဆုံးသူတွင် ရှိနေသည့် ဒဏ်ရာများကြောင့် အိမ်ရှင်နှင့် ကျန်အိမ်ဖော်အား စစ်ဆေးရာမှ ၀န်ခံချက်ထွက်ပေါ်လာခြင်းဖြစ်ပြီး စစ်ဆေးချက်အရ လွန်ခဲ့သော ၅ လခန့်တွင် ရောက်ရှိခဲ့သည့် ယခုသေဆုံးသူ အိမ်အကူ မိန်းကလေးမှာ အမြဲတမ်း နှိပ်စက်ခံရလေ့ရှိကြောင်း ထွက်ဆိုသည်ဟု သတင်းရရှိသည်။
ယင်းကဲ့သို့ နှိပ်စက်ပြုမူသူ တရားခံ မေဇွန်က အိမ်အကူမိန်းကလေးအား ဆံပင်ဆွဲ၍ ဦးခေါင်းနှင့် နံရံကို စောင့်ခြင်း၊ ၂ တစ်လက်မ တုတ်ဖြင့် ရိုက်နှက်ခြင်း၊ ၀မ်းဗိုက်ပေါ်သို့ တက်၍ခုန်ခြင်း၊ အိမ်အကူနှစ်ယောက် အချင်းချင်း ကြက်မွေးတစ်ချောင်းစီကိုင်၍ ရိုက်ခိုင်းခြင်းစသည် ကိုယ်ထိ လက်ရောက်မှုများနှင့် နှိပ်စက်လေ့ရှိကြောင်း စစ်ဆေးချက်များအရသိရသည်။
တရားခံ မေဇွန်ပါဝင်သရုပ်ဆောင်မည့် Flowers and Butterflies ရုပ်သံဇာတ်လမ်းတွဲမှာ မကြာမီတွင် MRTV-4 မှ ရိုက်ကူးတော့မည်ဖြစ်ပြီး သူမက ဆာကူရာ ဇာတ်ရုပ်တွင် ယောက်ျားလို ပုံစံဖြင့် သရုပ်ဆောင်ရန် ရွေးချယ်ခံထားရခြင်းဖြစ်သည်။
တရားခံမေဇွန်သရုပ်ဆောင်ရမည့် ဆာကူရာ ဇာတ်ကောင်နေရာတွင် အခြား ဇာတ်ကောင်သစ်ကို ထပ်မံရွေးချယ်သွားမည်ဖြစ်ကြောင်း အဆိုပါ ဇာတ်လမ်းတွဲ၏ အနုပညာအကြံပေး ဒါရိုက်တာ မောင်သီက ပြောကြားသည်။