Headlines News :
Home » » ချင်းတွင်းမြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းနှစ်ခု ရပ်ဆိုင်း

ချင်းတွင်းမြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်းနှစ်ခု ရပ်ဆိုင်း

Written By လွင့်မောင်မောင် on Sunday, June 9, 2013 | 1:19 PM

ရန်ကုန်၊ ဇွန် ၈

ချင်းတွင်း မြစ်ကြောင်းပေါ်ရှိ အိန္ဒိယ- မြန်မာနှစ်နိုင်ငံ အကျိုးတူ ဆောင်ရွက်နေသော ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းတို့ကို နှစ်နိုင်ငံ အစိုးရ၏ သဘောတူညီချက်ဖြင့် ခေတ္တ ရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း အိန္ဒိယ သတင်းဌာနများတွင် ဖော်ပြထားသည်။

အမေရိကန်ဒေါ်လာ လေးဘီလီယံကျော် တန်ဖိုးရှိသော အဆိုပါ စီမံကိန်းနှစ်ခု ရပ်ဆိုင်းရခြင်း၏ အဓိကအကြောင်းအရင် မှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် မြန်မာအစိုးရဘက်က တောင်းဆိုသော စီမံကိန်းဆိုင်ရာ အသုံးစရိတ် မြင့်လာမှု များကြောင့် ဖြစ်ကြောင်း ယင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အဆိုပါ စီမံကိန်းသည် ယင်းဒေသရှိ ရွာကြီးနှစ်ရွာကို ဖျက်သိမ်း၍ တည်ဆောက်ထားခြင်း ဖြစ်ပြီး စီမံကိန်း အကောင်အထည် ဖော်ပါက အနီးအနားရှိ ရွာပေါင်း ၆၀ ကို ထိခိုက် စေနိုင်ကြောင်း၊ ယင်းဒေသများကို သုတေသန ပြုလုပ်ရန်ပင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ရှင်းပြသည်။

“အခုတော့ ဒီစီမံကိန်းကလည်း မြစ်ဆုံ လိုပဲပေါ့၊ ခဏ ရပ်ဆိုင်းထားတာ ဘယ်လောက်ကာလထိ ကြာမြင့်တယ် ဆိုတာတော့ ကျွန်မတို့ မသိရသေးပါဘူး” ဟု ၎င်းက ဆိုသည်။

Energy Business Review အင်တာနက် စာမျက်နှာတွင် သဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်းရေး ကာကွယ်ရေးသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အကြောင်းအရာတစ်ခု ဖြစ်ကြောင်း၊ အကယ်၍ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင် ထိခိုက်မှု မရှိလျှင်ပင်
ဒေသခံ ပြည်သူများက သဘော မတူပါက မည်သည့် စီမံကိန်းကို မဆို
ရှေ့ဆက် ဆောင်ရွက်မည် မဟုတ်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းထွန်းက
ပြောကြားကြောင်း ဖော်ပြ ထားသည်။

ယခင် မြန်မာတပ်မတော် အစိုးရလက်ထက်က ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း အဆိုပါ စီမံကိန်းနှစ်ခု စတင်ရန် နှစ်နိုင်ငံအစိုးရ သဘောတူညီ ခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် ၂၀၀၄ ခုနှစ်တွင် အိန္ဒိယ အမျိုးသား ရေအားလျှပ်စစ်
ကော်ပိုရေးရှင်းနှင့် ယခင်အမှတ်(၁) လျှပ်စစ်နှင့် စွမ်းအား ဝန်ကြီးဌာနတို့က ထမံသီ စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၁၂၀၀ မဂ္ဂါဝပ်နှင့် ရွှေစာရေး စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၆၄၂ မဂ္ဂါဝပ် ထုတ်လုပ်ရန် သဘောတူ စာချုပ်၌ လက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

အလားတူပင် တရုတ် - မြန်မာ နှစ်နိုင်ငံ အကျိုးတူ ဆောင်ရွက်နေသည့် ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆၀၀ ခန့် ရင်းနှီး မြှုပ်နှံထားသော ရေအားလျှပ်စစ် စီမံကိန်းကို
မြန်မာ ပြည်သူများ၏ ကန့်ကွက် ဆန္ဒ ထုတ်ဖော်မှုကြောင် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ရပ်ဆိုင်းခဲ့သည်။

The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template