Headlines News :
Home » » ယူ-၂၀ တောင်အမေရိကနဲ့ ကြယ်ပွင့်တို့လားရာ

ယူ-၂၀ တောင်အမေရိကနဲ့ ကြယ်ပွင့်တို့လားရာ

Written By Live100 on Friday, May 29, 2015 | 12:36 PM



ယခုနှစ်ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိသည့် လက်ရှိချန်ပီ ပြင်သစ်

လာမယ့် မေလ (၃၀) ရက်နေ့ကစပြီး နယူးဇီလန်နိုင်ငံမှာ ကျင်းပမယ့် အကြိမ် (၂၀) မြောက် ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ နီးကပ်လာခဲ့ပါပြီ။ (၂)နှစ်တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့အဆင့်အမြင့်ဆုံး လူငယ်ပြိုင်ပွဲတစ်ခုဖြစ်ပြီး အကြိမ်တိုင်းမှာ အကောင်းဆုံး လူငယ်ကစားသမားတွေကို နှစ်စဉ်မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ယခုနှစ် ပြိုင်ပွဲကျင်းပချိန်ဟာလည်း ဥရောပ ဘောလုံးလောကရဲ့ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန် ဖြစ်နေတာကြောင့် လူငယ်ကြယ်ပွင့်တွေကို သတိထား စောင့်ကြည်နိုင်ပြီး မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေ၊ လစာငွေတွေ ပေးခေါ်လာတဲ့ မော်ဒန်ဘောလုံးသီအိုရီအရ လူငယ်ကစားသမားတွေ အတွက်ကတော့ အမြင့်ဆုံး အခြေအနေတစ်ခုကို တက်လှမ်းသွားနိုင်တဲ့ ပြိုင်ပွဲကြီးတစ်ခုဆို မမှားပါဘူး။ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ အလေးထား စောင့်ကြည့်ကြတဲ့ ပြိုင်ပွဲဖြစ်သလို၊ ဘောလုံးကင်းထောက်တွေ ခြေရှုပ်လေ့ရှိတဲ့ ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ နောက်ထပ်ဘယ်လို ရွှေရောင်မျိုးဆက်တွေ ထွက်ပေါ်လာမလဲဆိုတဲ့ ရင်ခုန်စရာ အခိုက်အတန့်တွေအပြင် ယခုနှစ် ပြိုင်ပွဲမှာတော့ မြန်မာအသင်း ပထမဆုံးအကြိမ် နိုင်ငံ့ဂုဏ်ဆောင် ခြေစစ်ပွဲအောင်ထားလို့ မြန်မာပရိသတ်တွေရဲ့ ရင်ခုန်မှုကတော့ ပိုမိုမြန်ဆန်နေမှာပါ။


၂၀၀၇ ပြိုင်ပွဲ ရွှေဖိနပ်ဆုနှင့်                        ၂၀၀၅ ပြိုင်ပွဲ ရွှေဖိနပ်ဆုနှင့်
ရွှေဘောလုံးဆုရှင်                                     ရွှေဘောလုံးဆုရှင် မက်ဆီ

ကမ္ဘာ့လူငယ်ချန်ပီယံရှစ်မှသည်

ပထမဆုံးအကြိမ် တူနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၉၇၇ ပြိုင်ပွဲကိုတော့ ကမ္ဘာ့လူငယ်ချန်ပီယံရှစ်ဆိုတဲ့ အမည်နဲ့ စတင်ကျင်းပခဲ့တာပါ။ ဆိုဗီယက်ပြည်ထောင်စုက မက္ကဆီကိုကို အနိုင်ယူကာ ပထမဆုံး ချန်ပီယံဖြစ်ခဲ့ပြီး အာဂျင်တီနား ချန်ပီယံဆုရခဲ့တဲ့ ၂၀၀၅ ပြိုင်ပွဲအထိ (၂)နှစ်ကိုတစ်ကြိမ် ပုံမှန်ကျင်းပနိုင်ခဲ့ပါတယ်။ ကနေဒါနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၂၀၀၇ ပြိုင်ပွဲကစလို့ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားဆိုတဲ့အမည်နဲ့ ပြောင်းလဲကျင်းပခဲ့ပြီး ဒီနှစ် ၂၀၁၅  နယူးဇီလန်ပြိုင်ပွဲကတော့ အမည်သစ်နဲ့ ကျင်းပတဲ့ (၅)ကြိမ်မြောက်ပြိုင်ပွဲ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းက ချန်ပီယံဆု (၆) ကြိမ်ရထားတဲ့ အာဂျင်တီးနားအသင်းဖြစ်ပြီး၊ သူ့နောက်မှာတော့ ချန်ပီယံဆု (၅)ကြိမ်ရထားတဲ့ ဘရာဇီးလ်အသင်း ရှိနေပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ (၁၉)ကြိမ်မှာ ချန်ပီယံဆု ရယူဖူးတဲ့အသင်း (၉)သင်းသာရှိပြီး ယခုနှစ်ပြိုင်ပွဲမှာတော့ ချန်ပီယံဟောင်း အာဂျင်တီးနား၊ ဘရာဇီးလ်၊ ပေါ်တူဂီ၊ ဂါနာ၊ ဂျာမနီ(၁၉၈၁ တွင် အနောက်ဂျာမနီဖြင့် ဗိုလ်စွဲ)၊ ဆားဘီးယား(၁၉၈၇ တွင် ယူ၈ိုဆလားဗီးယားဖြင့်ဗိုလ်စွဲ)တို့ ပါဝင်လာခဲ့ကာ လက်ရှိချန်ပီယံ ပြင်သစ်ကတော့ ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။ အစဉ်အလာနဲ့ မှတ်တမ်းတွေအရ ချန်ပီယံဆုကို ဘောလုံးသမားထုတ်ကုန် နိုင်ငံတွေလို့ ဆိုရမယ့် တောင်အမေရိက နိုင်ငံတွေက (၁၁)ကြိမ်နဲ့ အများဆုံး ဗိုလ်စွဲထားပြီး ဥရောပနိုင်ငံတွေကတော့ (၇)ကြိမ် ဗိုလ်စွဲထားပါတယ်။ အာဖရိကအသင်းဖြစ်တဲ့ ဂါနာက (၁)ကြိမ်ဗိုလ်စွဲထားကာ အာရှ၊ ကွန်ကာကပ်ဖ်နဲ့ သမုဒ္ဒရာဒေသ အသင်းတွေကတော့ ဗိုလ်စွဲထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ချန်ပီယံဆုအတွက် မြောက်အမေရိကအသင်းတွေကို အဓိကယှဉ်ပြိုင်နိုင်တာက ဥရောပအသင်းတွေသာဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပြီး ယခုနှစ် ပြိုင်ပွဲရဲ့ ဗိုလ်စွဲရန် ရေပန်းစားမှုမှာလည်း အာဂျင်တီးနား၊ ဘရာဇီးလ်၊ ဂျာမနီတို့ ထိပ်ဆုံးမှာ အစဉ်လိုက် ရပ်တည်နေသလို ဒီအသင်းတွေရဲ့ ကစားသမားအင်အားနဲ့ ဘောလုံးမျိုးဆက်အရ ကျန်အသင်းတွေအတွက် အခွင့်အရေး နည်းနေတယ်ဆိုတာတော့ အငြင်းပွားဖွယ်မရှိတဲ့အချက်ပဲ ဖြစ်ပါတယ်။




ဘရာဇီးလ်အသင်း၏ မန်ယူကွင်းလယ်လူ ပါရဲရား (Photos : Getty Images)

တောင်အမေရိကရဲ့ ရွှေရောင်မျိုးဆက်များ

ဒုတိယအကြိမ် ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ၁၉၇၉ ပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဆု (ရွှေဘောလုံးဆု) ကို အာဂျင်တီးနား ဂန္တ၀င်တိုက်စစ်မှူး မာရာဒိုနာက ရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ပြိုင်ပွဲရဲ့ အရှိန်အ၀ါက ပိုမိုကြီးမားလာခဲ့သလို လူငယ်ကြယ်ပွင့်များစွာလည်း ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အာရုံထားလာကြတယ်။ ရွှေရောင်မျိုးဆက်တွေ အဆက်မပြတ် ပေါ်ထွက်ခဲ့သလို အကောင်းဆုံး ကစားသမားတွေ တွေ့မြင်ခဲ့ရတယ်။ အထူးသဖြင့် တောင်အမေရိကအတွက် ရွှေရောင်ကစားသမား အများအပြား မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ အအောင်မြင်ဆုံးက တောင်အမေရိကအသင်းတွေ ဖြစ်သလို အကောင်းဆုံး ကစားသမားဆုတွေကိုလည်း တောင်အမေရိက,ကစားသမားတွေက အများဆုံး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၁၉)ကြိမ်မှာ ပြိုင်ပွဲရဲ့ ရွှေဘောလုံးဆုကို ဘရာဇီးလ် (၅)ကြိမ်၊ အာ၈ျင်တီးနား (၄)ကြိမ်၊ ဥရုဂွေး (၁)ကြိမ်၊ ကိုလံဘီယာ (၁)ကြိမ်နဲ့ တောင်အမေရိက ကစားသမားတွေက (၁၁)ကြိမ်အထိ ရယူထားနိုင်ပြီး အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ တောင်အမေရိက ကြယ်ပွင့်တွေနည်းတူ ပြီးခဲ့တဲ့ ၂၀၁၃ တူရကီ ယူ-၂၀ ကမ္ဘာ့ဖလားမှာလည်း ချန်ပီယံပြင်သစ်အသင်းက ပေါ့ဘာ၊ ဇူးမား၊ ကွန်ဒေါ့ဘီယာတို့လို ကစားသမားတွေ၊ စပိန်အသင်းက ဒယ်လိုဖူ၊ ဟယ်ဆေးရိုဒရီဂွက်ဇ်၊ အယ်လ်ကာဆာ၊ အင်္ဂလန်က ဟာရီကိန်းတို့လို သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ ခြေစွမ်းပြနေတဲ့ ဥရောပကြယ်ပွင့် အများအပြားလည်း ထွက်ပေါ်ခဲ့တာကြောင့် ဒီနှစ်ပြိုင်ပွဲမှာလည်း အစဉ်အလာအတိုင်း အနာဂတ်မှာ တောက်ပလာမယ့် ကြယ်ပွင့်တွေကို မြင်တွေ့ရဦးမှာပါ။ အထူးသဖြင့် စဉ်ဆက်မပြတ် ရွှေရောင်မျိုးဆက်တွေကို ပိုင်ဆိုင်ထားတဲ့ မက်ဆီ၊ အဂွဲရိုးတို့လို တောင်အမေရိက ကြယ်ပွင့်တွေ ထပ်မံထွက်ပေါ်လာဦးမလား ဆိုတာလည်း ရင်ခုန်ရမှာပါ။

 
ဂျာမနီအသင်း၏ လေဗာကူဆင်ကွင်းလယ်လူ ဘရန့် (Photos : Getty Images)

၂၀၁၅ ပြိုင်ပွဲနဲ့ ကြယ်ပွင့်တို့လားရာ

မက်ဆီ၊ အဂွဲရိုးတို့ခေတ်နောက်ပိုင်း ပြိုင်ပွဲမှာ ကမ္ဘာ့ဘောလုံးစင်မြင့်ထက်မှာ နေရာရနေပေမယ့် လူငယ်ကြယ်ပွင့်တွေ ပါဝင်ကစားမှု အရေအတွက် တဖြည်းဖြည်း လျော့ကျလာပေမယ့် ပြိုင်ပွဲတွင်းမှာ ခြေစွမ်းခြေစရှိတဲ့ ရွက်ပုန်းသီး ကစားသမားတွေ ပေါ်ထွက်လာမှုကလည်း ပြိုင်ပွဲတိုင်းလိုလို ရှိခဲ့ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာလည်း ပွဲမတိုင်ခင် စောင့်ကြည့်ရမယ့် ကစားသမားအချို့ ရှိနေပါတယ်။ အထူးသဖြင့် ဥရောပထိပ်တန်း ကလပ်တွေမှာ ကစားနေပြီး အနာဂတ်မှာ တောက်ပလာနိုင်တဲ့ ကစားသမားအများစု ပါဝင်နေပါတယ်။ မထင်မှတ်တဲ့ ကစားသမားတွေလည်း အကောင်းဆုံးခြေစွမ်းပြပြီး ပြိုင်ပွဲမှာ နာမည်ထွက်လာနိုင်သလို သူတို့ရဲ့ အနာဂတ်လားရာကလည်း တောက်ပစွာနဲ့ ရှိနေပါတယ်။ နောက်ပိုင်းနှစ်တွေမှာ မက်ဆီလို ကမ္ဘာကျော်ကစားသမားကို မွေးထုတ်ပေးနိုင်ပြီး ပြိုင်ပွဲရဲ့ အရှိန်အ၀ါကလည်း ကြီးမားလာတယ်။ ကမ္ဘာ့အဆင့်အမြင့်ဆုံး လူငယ်ပြိုင်ပွဲတစ်ရပ် ဖြစ်သလို ပြိုင်ပွဲဝင်နိုင်ငံတွေရဲ့ အကောင်းဆုံးသော ထိပ်တန်းလူငယ်ကစားသမားတွေ ၀င်ရောက်ဆင်နွှဲမယ့် ပြိုင်ပွဲဖြစ်လို့ ယခုနှစ်ပြိုင်ပွဲမှာ ဘယ်လိုကြယ်ပွင့်ကစားသမားတွေ ကမ္ဘာကျော်လာဦးမလဲ ဆိုတာကတော့ ပြိုင်ပွဲရဲ့ ရင်ခုန်စောင့်ကြည့်ရမယ့် အချက်တစ်ချက်ဆိုရင် မမှားပါဘူး။      


ပေါ်တူဂီအသင်း၏ မန်စီးတီးကွင်းလယ်လူ ရိုနီလိုပက်စ် (Photos : Getty Images)

ချန်ပီယံနဲ့ ရင်ခုန်စရာ ၂၀၁၅

ပြိုင်ပွဲဝင် အသင်းတွေကတော့ အပြီးသတ် (၂၁)ဦး စာရင်းတွေကို ထုတ်ပြန်ခဲ့ပါပြီ။ အလားအလာကောင်းပြီး ခြေစွမ်းခြေစရှိတဲ့ လူငယ်အားလုံး ပါဝင်လာခဲ့လို့ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတွေကို ပရိသတ်တွေ တွေ့မြင်ရဦးမှာပါ။ ရေပန်းအစားဆုံး အသင်းတွေဖြစ်တဲ့ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ဂျာမနီတို့အပြင် နောက်ပိုင်းနှစ်တွေမှာ လူငယ်မျိုးဆက်တွေနဲ့ ပြိုင်ပွဲတန်းဝင်လာခဲ့တဲ့ ၂၀၀၉ ချန်ပီယံ ဂါနာ၊ (၂)ကြိမ်ဗိုလ်စွဲထားတဲ့ ဥရောပရဲ့ အအောင်မြင်ဆုံး ပေါ်တူဂီ၊ တောင်အမေရိကက ဥရုဂွေး၊ ကိုလံဘီယာတို့ရဲ့ အစဉ်အလာနဲ့ ခြေစွမ်းဟာလည်း ပြိုင်ပွဲကို အရှိန်မြှင့်ပေးနေဦးမှာပါ။ ဒါ့ကြောင့် ရင်ခုန်စရာကောင်းလှတဲ့ ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားမှာ ထွက်ပေါ်လာမယ့် ချန်ပီယံ၊ ထွက်ပေါ်လာမယ့် ကြယ်ပွင့်ကစားသမားတွေကို နယူးဇီလန်နိုင်ငံရဲ့ ချမ်းအေးတဲ့မြက်ခင်းစိမ်းတွေထက်မှာ ရင်ခုန်ခံစားကြည့်ရမှာပါ . . .
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template