တိုင်းရင်းသား မျိုးနွယ်စုများကြား စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချင်းမျိုးနွယ်စုဖြစ်တဲ့ (Zolai) ဇိုလိုင်းစာပေနဲ့ သတင်းစာကို အစိုးရက ထုတ်ဝေခွင့်မပြုတာကြောင့် ချင်းမီဒီယာကွန်ယက်က ကန့်ကွက် လိုက်ပါတယ်။
လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုခွင့်ကို ချိုးဖောက်တာလို့ ယူဆတဲ့အတွက် ကန့်ကွက်တာဖြစ်ကြောင်း ချင်း မီဒီယာကွန်ရက်က အမှုဆောင်ဒါရိုက်တာ ဆလိုင်းဟုန်းထွန်းဂေ က ပြောပါတယ်။
"တိုင်းရင်းသားစာပေထဲမှာ ထုတ်တာတွေကအများကြီးရှိတယ်လေ၊ အဲ့ဒါတွေကျတော့ ခွင့်ပြုတယ်၊ အခြားမှာ ထပ်ထုပ်မယ့်ဟာကျတော့ ခွင့်မပြုဘူးဆိုတော့ တိုင်းရင်းသား အချင်းချင်း ခွဲခြားလိုက်တဲ့ပုံစံဖြစ်တော့ ပိုပြီးတော့ စိတ်ဝမ်းကွဲစရာဖြစ်တာပေါ့၊ မပေးဘူးဆိုရင်လည်း မပေးဘူး၊ ပေးတယ်ဆိုရင်လည်း အားလုံးကိုတန်းတူပေး ရမှာပေါ့၊ ပေးလိုက်ခြင်းအားဖြင့် မျိုးနွယ်စုကြားထဲမှာ ပြဿနာဖြစ်လာနိုင်တယ်ဆိုတဲ့ အကြောင်း ပြချက်က လုံးဝ မကိုက်ညီဘူးလေ၊ တိုင်းရင်းသားတွေရဲ့စာပေယဉ်ကျေးမှုကိုပါ သွားပြီးထိခိုက်တာကို၊ ကျနော်တို့ကဒါကို လုံးဝ လက်မခံပါဘူး၊ အချင်းချင်းကြားထဲမှာ ပိုပြီးတော့ စိတ်ဝမ်းကွဲစရာဖြစ်တယ်လို့ ယူဆပါတယ်"
မေလ ၁၉ ရက်နေ့ကကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ချင်းပြည်နယ်မဲဆန္ဒနယ်က ဦးနိန်းခမ်းပေါင်က ချင်းတိုင်း ရင်းသား၊ တီးတိန်လူမျိုးနွယ်စု (Zolai) စာပေနဲ့ သတင်းစာ ထုတ်ဝေခွင့်ပြု ၊ မပြု ဆိုတဲ့မေးခွန်းကို မေးမြန်းခဲ့ပါတယ်။
အဲဒီမေးခွန်းကို ချင်းပြည်နယ်အစိုးရရဲ့ အကြံပြုချက်အရ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးပိုက်ထွေးက တိုင်းရင်းသားမျိုးနွယ်စုများကြား စိတ်ဝမ်းကွဲမှု ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ထုတ်ဝေခွင့်မပြု တာ ဖြစ်တယ်လို့ လွှတ်တော်မှာ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။
လက်ရှိမှာ အစိုးရကတိုင်းရင်းဘာသာစကား ၂၆မျိုးနဲ့ ဂျာနယ်တွေ စာစောင်တွေ ထုတ်ဝေခွင့်ပြုထားပါတယ်။ အခုလို အစိုးရကတားမြစ်တာဟာ တိုင်းရင်းသား မျိုးနွယ်စုတွေကြား ပိုမိုစိတ်ဝမ်းကွဲမှုဖြစ်စေတယ်လို့လည်း ချင်းမီဒီယာကွန်ယက်က ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
RFA