ဆော်လမွန်ကျွန်းစု နိုင်ငံ ကမ်းလွန်တွင် ရစ်ခ်ျတာစကေး ၆.၈ ပြင်းအားအဆင့်ရှိ ငလျင်နှစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သတင်းရရှိသည်။
အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ဩစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပစိဖိတ် သမုဒ္ဒရာအတွင်းမှ ကျွန်းစုနိုင်ငံ အနီးတွင် မေလ ၂၃ ရက် နံနက်အစောပိုင်းက ငလျင်နှစ်ခုဆက် လှုပ်ခတ်ခဲ့ခြင်းဟု အတည်ပြုခဲ့သည်။ သို့သော်လည်း ငလျင်ကြောင့် ဆူနာမီ ရေလှိုင်းများ ဖြစ်ပေါ်မည် မဟုတ်ဟု ဆိုသည်။
ပထမငလျင်သည် ကီရာကီရာမြို့မှ ၂၀၅ ကီလိုမီတာခန့်အကွာ ရေပြင်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ နှစ်နာရီ အကြာတွင်မူ ပိုမိုရေတိမ်သော နေရာကို ဗဟိုပြုကာ ဒုတိယငလျင် လှုပ်ခတ်ခဲ့ခြင်းဟု သိရသည်။ ငလျင်နှစ်ခုစလုံးကို ကီရာကီရာရော၊ မြို့တော် ဟိုနိုင်အာရာမှပါ သိရှိ ခံစားခဲ့ရကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဆော်လမွန် နိုင်ငံသည် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ပြင်းအား ရစ်ခ်ျတာစကေး ၆ ကျော်ကျော်မျှရှိသည့် ငလျင်များ လှုပ်ခတ်မှုနှင့် မကြာခဏ ကြုံခဲ့ရသည်။ ယခုသီတင်းပတ် အတွင်းတွင်ပင် ရစ်ခ်ျတာစကေး ၆.၀ နှင့် ၆.၉ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့သော်လည်း မေလ ၂၃ ရက်တွင်မူ နာရီပိုင်းမျှသာခြားပြီး ငလျင်နှစ်ခု လှုပ်ခဲ့ခြင်းဟု သိရသည်။
ေ ဆော်လမွန် ကျွန်းနိုင်ငံသည်သည် ပစိဖိတ် မီးကွင်းဒေသခေါ် ရေအောက်မီးတောင် ရပ်ဝန်းနှင့် ဆက်စပ်တည်ရှိနေရာ ငလျင်လှုပ်ခတ်မှုများနှင့် မကြာခဏ ကြုံရလေ့ ရှိသည်။ “အခုရက်ပိုင်းမှာတော့ ရေအောက်ငလျင်တွေ ပိုလှုပ်နေတယ်။ သာမန် အခြေအနေထက် ပိုပြီး နိုးကြားလှုပ်ရှားမှုတွေ ရှိနေပါတယ်”ဟု ငလျင်တိုင်းတာရေး ပညာရှင် မာ့ခ်လီယိုနာ့ဒ်က မှတ်ချက်ပြုခဲ့သည်။
၂၀၁၃ ခုနှစ်က ဆော်လမွန်တွင် ရစ်ခ်ျတာစကေး ၈.၀ အဆင့်ရှိ ငလျင်ကြီးတစ်ခုအပြီး ဆူနာမီ ရေလှိုင်းများ ရိုက်ခတ်မှု ဖြစ်ပွားရာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး လူပေါင်းထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
http://7daydaily.com/story/37863