
လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းထား ခဲ့သော အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ ကျောင်းသားများ တောင်းဆို ထားသော အချက် (၁၁) ချက်အား လိုက်လျော ပေးခြင်း မရှိဘဲ အချိန်ဆွဲ နေသည့် အတွက် မုံရွာမြို့မှ တက္ကသိုလ် ကျောင်းသား (၂၀၀) ကျော် တို့သည် ယခုလ (၅) ရက် နေ့မှ စတင်ကာ သပိတ် စစ်ကြောင်းကို စတင် ဆင်နွှဲခဲ့ကြောင်း သိရသည်။ အဆိုပါ သပိတ် စစ်ကြောင်းတွင် မုံရွာ တက္ကသိုလ်၊ မုံရွာ စီပွားရေး တက္ကသိုလ် နှင့် နည်းပညာ တက္ကသိုလ်မှ ကျောင်းသားများ အပြင် အထက်တန်း၊ အလယ်တန်း ကျောင်း များပါ လိုက်ပါခဲ့ ကြကြောင်း သိရပြီး၊ မုံရွာ တက္ကသိုလ်သို့ ချီတက် ရာတွင် ကျောင်းဝင်း တံခါးများ ပိတ်ဆို့ ထားသည်ကို ကြုံခဲ့ ရကြောင်း သိရသည်။ မုံရွာမြို့မှာရှိတဲ့ တက္ကသိုလ် ကျောင်းသားထု တွေက ပညာရေး ဥပဒေ မူကြမ်းကို လုံးဝကို ကန့်ကွက် ပါတယ်။ ပြီးတော့ ကျောင်းသားတွေကို မလိမ့်တစ်ပတ် လုပ်ပြီး လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။
ကျောင်းသားတွေက သမ္မတ နေရာကို လုနေတာ မဟုတ်ပါဘူး။ နောင်လာ နောက်သားတွေ အတွက် ပညာရေးကို အဆင့်မြင့်စေ ချင်လို့ တောင်းဆိုနေကြ တာပါ။ ဒါကို အစိုးရက လက်မခံဘူး။ ဒါကြောင့် မုံရွာမြို့က ကျောင်းသားတွေက သပိတ် စစ်ကြောင်းကို စတင်ခဲ့ကြတာပါ ဟု မုံရွာ တက္ကသိုလ်မှ ကျောင်းသားခေါင်း ဆောင် ကိုဝေမိုးနိုင်က The Messenger Media သို့ ပြောသည်။ ယင်းသို့ ပညာရေး ဥပဒေအား ကန့်ကွက်ကြောင်း သပိတ်မှောက် ဆန္ဒ ထုတ်ဖော်နေစဉ် သက်ဆိုင်ရာ အာဏာပိုင် များနှင့် တက္ကသိုလ် ကျောင်းဆရာ၊ ဆရာမ များက လာရောက် တားဆီး ခဲ့ကြောင်း သိရ သည်။
သမီးအစ်ကိုတွေ ဆိုရင် ဘွဲ့ရပြီး သွားပြီ။ ဘာမှ လုပ်စားလို့ မရပါဘူး။ သမီး ကိုယ်တိုင်လည်း ကျက်ဖြေ စနစ်ကို မနှစ်သက်ဘူး။ ဒီမိုကရေစီ ပညာရေးကို လိုလားတယ်။ လွတ်လပ်စွာ တွေးခေါ် နိုင်တဲ့ အဆင့်မီတဲ့ ပညာရေးကို လိုလား ပါတယ်။ အခုလို သပိတ် စစ်ကြောင်းကို လိုက်ခဲ့ တာဟာ သမီးကိုယ်ပိုင် ဆုံးဖြတ်ချက်ကြောင့်ပါ။ ဘယ်သူမှ ဖိအားပေးခဲ့ တာမျိုး မရှိခဲ့ပါဘူး။ အခုလို သပိတ်မှောက်တဲ့ အထဲမှာပါလို့ ကျောင်းထုတ်မယ် ဆိုလည်း အထုတ်ခံနိုင် ပါတယ် ဟု မုံရွာမြို့ ၊ အထက(၄) မှ သတ္တမတန်း ကျောင်းသူ မသူဇာအောင်က The Messenger Media သို့ ပြောသည်။
ယင်းသို့ ပညာရေး ဥပဒေအား ကန့်ကွက် ဆန္ဒ ထုတ်ဖော် ခဲ့သည့် သပိတ် စစ်ကြောင်းအား မုံရွာ စီပွားရေး တက္ကသိုလ်မှ စတင်၍ပြီး၊ မုံရွာ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်မှ တစ်ဆင့် မုံရွာမြို့ ၊ ဗိုလ်ချူပ် လမ်းမကြီး အတိုင်း ချီတက်ကာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချူပ် ကြေးရုပ်ရှေ့တွင် ဟောပြောပွဲများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လင်းလင်းမောင်
The Messenger Media