Headlines News :
Home » , » ထားဝယ်သပိတ်စစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်သို့ စတင်ချီတက်မည်

ထားဝယ်သပိတ်စစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်သို့ စတင်ချီတက်မည်

Written By လွင့်မောင်မောင် on Saturday, February 7, 2015 | 3:02 PM

၇-၂-၂၀၁၅ ထားဝယ်ကျောင်းသားများဆန္ဒပြစဉ်(၇-၂-၂၀၁၅)။ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

လေးပွင့်ဆိုင်ဆွေးနွေးပွဲကြောင့် ယာယီရပ်ဆိုင်းထားခဲ့သော ထားဝယ်ခရိုင် သပိတ်စစ်ကြောင်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြန်လည်စတင်ခဲ့ပြီး လာမည့် ၈ ရက်နေ့တွင် ရန်ကုန်သို့ စတင်ချီတက်မည် ဖြစ်ကြောင်း ထားဝယ်နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ကိုမင်းလွင်ဦးက The Voice သို့ ပြောကြားသည်။

ထားဝယ်ခရိုင် ကျောင်းသားသပိတ်သည် မော်လမြိုင် ကျောင်းသားသပိတ်နှင့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပေါင်းစည်းကြပြီး ရန်ကုန်သို့ အတူတကွ ချီတက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဇန်နဝါရီလ ၆ ရက်နေ့က ပြန်လည်စတင်သော ထားဝယ်သပိတ် စစ်ကြောင်းတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး ဝန်းကျင် ပါဝင်ကြောင်း အဆိုပါ သပိတ်ကော်မတီထံမှ စုံစမ်းသိရှိရသည်။

“တွေ့ဆုံဆွေးနွေးပွဲကို ကျွန်တော်တို့ စောင့်ကြည့်တယ်။ ဒါက အဆင်ပြေမှုမရှိရင် ဆက်လုပ်သွားဖို့ စီစဉ်ထားတယ်။ ဆွေးနွေးပွဲ ပြီးတာနဲ့ ပြန်စဖို့ လုပ်ပေမယ့် မော်လမြိုင် ကျောင်းသားသမဂ္ဂက ၉ ရက် နေ့မှ ထွက်မှာဆိုတော့ ကျွန်တော်တို့က အခုလောလောဆယ် မြို့ပေါ်မှာပဲ ချီတက်နေတာ ဖြစ်ပါတယ်” ဟု ကိုမင်းလွင်ဦးက ရှင်းပြသည်။

ထားဝယ်နှင့် မော်လမြိုင် သပိတ်အဖွဲ့သည် ဧရာဝတီ ကျောင်းသားသပိတ်နှင့် ရန်ကုန်မြို့တော်သို့ မရောက်မီ ပေါင်းစည်းရန် စီစဉ်ထားကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က ဧရာဝတီ ကျောင်းသားသပိတ်နှင့် လိုက်ပါလာသော ကျောင်းသား၊ ကျောင်းသူများကို မိဘများက အိမ်ပြန်လည်ခေါ်ကြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က တွေ့ဆုံပြောကြားပြီး ယင်းနေ့ ညနေပိုင်းတွင်ပင် ကျောင်းသားသပိတ် ရောက်ရှိရာ ပန်းတနော်မြို့သို့ ဆရာ၊ ဆရာမများနှင့် မိဘအချို့ သွားရောက်တွေ့ဆုံခဲ့ကြကြောင်း ကျောင်းသားမိဘများက ဆိုသည်။

သို့သော် သပိတ်မှောက် ကျောင်းသားများက အိမ်ပြန်လိုက်ရန် ငြင်းဆိုကြပြီး ရန်ကုန်မြို့သို့သာ ဆက်လက်ချီတက်ရန် ပြောကြားခဲ့ကြောင်း ဧရာဝတီသပိတ်အဖွဲ့နှင့် လိုက်ပါသူ ပုသိမ်နည်းပညာတက္ကသိုလ်မှ နည်းပြဆရာ ဦးဝေယံအောင်က အတည်ပြု ပြောကြားသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရွှေ့ဆိုင်းခံရပြီး ကျောင်းသားသပိတ်အင်အား အရှိန်ထပ်မြှင့်ပြီး နောက်ပိုင်း နေရာဒေသအချို့တွင် ဥပဒေနှင့် မညီညွှတ်သော ဆန္ဒပြမှုများ ပြုလုပ်နေကြောင်း အစိုးရအဖွဲ့က သတိပေးကြေညာချက် တစ်စောင်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် ကျောင်းသားလူငယ်များကို အသုံးချ၍ ကျောင်းသားအမည်ခံသူများ၊ နောက်ကွယ်မှ ကြိုးကိုင်နေသူများနှင့် အားပေးအားမြှောက်ပြုသော နိုင်ငံရေး အဖွဲ့အစည်းအချို့ ရှိနေကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားသည်။

“အစိုးရရဲ့ သတင်းထုတ်ပြန်ချက်က ပြည်သူတွေ ကျောင်းသားတွေအပေါ် ထောက်ခံအားပေးမှု လျော့ကျအောင် လုပ်တာဖြစ်တယ်။ ကျောင်းသားတွေကို တစ်စုံတစ်ခု ဖိအားပေးတာလို့ မြင်တယ်” ဟု ကျောင်းသားသပိတ်အဖွဲ့ တစ်ထောက်နားခဲ့သော တောင်တွင်းကြီးမြို့မှ မြို့ခံတစ်ဦးက ပြောဆိုသည်။

ကျောင်းသားသပိတ်ကြောင့် ရှေ့လာမည့် စာမေးပွဲများ ကျင်းပရေးအတွက် စိုးရိမ်ပူပန်မှု မဖြစ်စေရန် စာမေးပွဲ အချိန်စာရင်းများကို ပညာရေး ဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ကြေညာထားသည်။

“ကျွန်တော်တို့ကို အားပေးနေတဲ့ အဖွဲ့အစည်းဆိုတာ ပြည်သူပဲဖြစ်ပါတယ်။ မိဘပြည်သူတွေဟာ အကောင်းဆုံး ထောက်ခံအားပေးနေတဲ့ နောက်ခံအဖွဲ့အစည်းတွေပါ။ ပြည်သူတွေ ထောက်ခံအားပေးနေတာကို မလိုလားတဲ့ အစိုးရက ဖြိုခွဲမယ်ဆိုရင် ခံယူဖို့ အသင့်ပါ” ဟု သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုမင်းသွေးသစ်က ပြောကြားသည်။

လက်ရှိအချိန်တွင် မန္တလေး သပိတ်စစ်ကြောင်း၊ ဧရာဝတီ သပိတ်စစ်ကြောင်း၊ ပခုက္ကူ  (မြေလတ်) သပိတ်စစ်ကြောင်းတို့က ရန်ကုန်မြို့သို့ လမ်းလျှောက်ချီတက်လျက် ရှိသည်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template