ဂျော်ဒန် လေယာဉ်မှူး လွတ်မြောက်ရေး တောင်းဆို |
IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့က ဓားစာခံ အဖြစ် ဖမ်းဆီး ထားတဲ့ ဂျော်ဒန် တိုက်လေယာဉ်မှူး ကို အရှင် လတ်လတ် မီးရှို့ သတ်ခဲ့တယ် လို့ ယူဆ ရပါတယ်။
အင်တာနက် မှာ ထွက်လာတဲ့ ဗီဒီယို ထဲမှာ လှောင်ချိုင့် ထဲမှာ ထည့်ထားတဲ့ လူတယောက် ကို အရှင်လတ်လတ် မီးလောင်ခံနေရပုံကို ရိုက်ပြ ထားပါတယ်။
အစောပိုင်း က Moaz al-Kasasbeh ပြန်လွတ်လာဖို့ အတွက် အီရတ် အယ်လ်ကိုင်ဒါ အမျိုးသမီး နဲ့ လဲလှယ်ဖို့ ဂျော်ဒန် အစိုးရ က ကြိုးပမ်း ခဲ့ပါသေးတယ်။
ဂျော်ဒန် တိုက်လေယာဉ် မှူး Moaz al-Kasasbeh ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ က အမေရိကန် ဦးဆောင်တဲ့ လေကြောင်း စစ်ဆင်ရေး တခု အတွင်း ဆီးရီးယား နိုင်ငံ ရက်ကာ မြို့ အနီးမှာ သူ့လေယာဉ် ပစ်ချခံရပြီး အဖမ်း ခံခဲ့ရတာ ဖြစ်ပါတယ်။
ကမ္ဘာ တုန်အောင် ချေမှုန်းမယ်
ဒီသတ်ဖြတ်မှုအတွက် IS တပ်ဖွဲ့ ကို ကမ္ဘာ တုန်အောင် ချေမှုန်း တုံ့ပြန် သွားမယ်လို့ ဂျော်ဒန် အစိုးရက ကြုံးဝါး လိုက်ပါတယ်။
IS စစ်သွေးကြွ တွေ က ဓားစာခံချင်း လဲဖို့ ကမ်းလှမ်းခဲ့တဲ့ ဂျော်ဒန်မှာ ဖမ်းထားတဲ့ အယ်လ်ခိုင်ဒါ အသေခံ ဗုံးခွဲ သမားကို နာရီပိုင်း အတွင်း သုတ်သင်မယ်လို့ လုံခြုံရေး ရပ်ကွက် သတင်းတွေက သိရပါတယ်။
တခြား အကျဉ်းသား တချို့ကိုလည်း ကွပ်မျက်ဖို့ ထုတ်သွားပြီလို့ ဆိုပါတယ်။
ဝါရှင်တန်မှာ ရောက်နေတဲ့ ဂျော်ဒန် ဘုရင် အဗ္ဗဒူလာ မပြန်ခင်မှာ အမေရိကန် သမ္မတ အိုဘားမား တို့ တွေ့ဆုံဖို့ ရှိပါတယ်။
လေယာဉ်မှူး ဟာ အမိနိုင်ငံနဲ့ ယုံကြည်ချက်ကို ကာကွယ်ရင်း သေဆုံးသွားတဲ့ သူရဲကောင်း ဖြစ်တယ်လို့ ဘုရင် အဗ္ဗဒူလာက ရုပ်သံက ပြောကြား ပါတယ်။
IS အဖွဲ့ဟာ အစ္စလာမ် ဘာသာ ကိုးကွယ်မှု က သွေဖီတဲ့ အုပ်စု ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။
ဒီသတ်ဖြတ်မှုဟာ အစစ်အမှန်သာ ဖြစ်ခဲ့ရင် ဒီစစ်သွေးကြွ တွေကို နှိမ်နင်းဖို့ အမေရိကန် ညွန့်ပေါင်း မဟာမိတ် တွေရဲ့ စိတ်ဓာတ်ကို ပိုမို ခိုင်မာ စေမယ်လို့ သမ္မတ အိုဘားမား က ပြောကြား ခဲ့ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)