
ဖေဖော်ဝါရီလ ၂ ရက် ၂၀၁၅
သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တအာင်းတပ်မတော် TNLA နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွါး ခဲ့ကြောင်း သိရသည်။
“ တအာင်း တပ်မတော် တပ်မဟာ ၃ တပ်ရင်း ၇၇၃ နဲ့ အစိုးရတပ်က တပ်မ ၇၇ လက်အောက်ခံတပ်တို့ ပစ်ခတ် ကြ တယ်။ နမ္မတူမြို့နယ် ပန်လုံအုပ်စုထဲက ဝမ့်လီလုနဲ့ ဝမ့်ချောင်းသာ ရွာကြားမှာရှိတဲ့ ဝမ့်နားလေရွာနား မှာဖြစ် တာပါ။ အစိုးရတပ်ဘက်က ၃ ယောက်သေ ၅ ယောက်ဒဏ်ရာရ လို့ကြားရပါတယ်” ဟု နမ္မတူမြို့သား စိုင်းခမ်းကပြောသည်။
တအာင်းတပ်မတော်မှ အဆိုပါဒေသတွင်လှုပ်ရှား နေကြောင်းသတင်းရထားသည့် အစိုးရစစ်တပ် တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းတကြောင်းသည် ဖေဖော်ဝါရီ ၁ ရက် ယမန်နေ့ မနက် ၈ နာရီက ပန်လုံအုပ်စုသို့ အသွားလမ်းတွင် တအာင်းတပ်မတော်၏ ခြုံခိုပစ်ခတ်ခံရခြင်းဖြစ်ကြောင်း တအာင်းတပ်မတော်နှင့် နီးစပ်သူ တဦးကပြောသည်။
ထိုသို့တိုက်ပွဲဖြစ်ပွါးပြီးနောက်ပိုင်း အစိုးရတပ်မတော်က နမ္မတူဘက်သို့ အင်အားထပ်မံဖြည့်တင်းနေကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။
နမ္မတူမြို့နယ်တွင် တအာင်းတပ်မတော်အပြင် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် သျှမ်းပြည်တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော် တို့ လှုပ်ရှားပါသည်။
အလားတူ ဖေဖော်ဝါရီလ ၂ ရက် ယနေ့မနက်တွင်လည်း မိုးကုတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာအနီးတွင် တအာင်းတပ်မတော် တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၇၁၇ နှင့် မိုးမိတ်အခြေစိုက် အစိုးရတပ်မတော်တို့ ရင်ဆိုင် တိုက်ပွဲဖြစ် ပွါးခဲ့ကြောင်း တိုက်ပွဲတွက် ထိခိုက်ကျဆုံးမှုအခြေအနေမသိရကြောင်း တအာင်းတပ်မတော်၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါသည်။
သျှမ်းသံတော်ဆင့်