Headlines News :
Home » » ထူးခြားသည့် ဘဲဥထုပွဲတော် ရိုးရာမပျက် စည်ကားစွာ ဆင်နွှဲပျော်

ထူးခြားသည့် ဘဲဥထုပွဲတော် ရိုးရာမပျက် စည်ကားစွာ ဆင်နွှဲပျော်

Written By လွင့်မောင်မောင် on Friday, February 6, 2015 | 8:37 AM

 
၊ ဖေဖော်ဝါရီ ၎

ထူးထူးခြားခြား နှစ်စဉ်ကျင်းပသည့် စစ်ကိုင်းမြို့ ဧမြဝတီ ရပ်ကွက် ဇိနမာရ်အောင် ကြေးဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဘဲဥထုပွဲကို တပို့တွဲလပြည့်နှင့် လပြည့်ကျော် တစ်ရက်တို့တွင် ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ပြုလုပ်သည့် ဇိနမာရ်အောင် ကြေးဘုရားကြီး၏ ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ဗိုလ်သုံးဗိုလ်ဇာတ်သဘင်ပွဲနှင့်အတူ ရိုးရာပိုက်ကျော်ခြင်း ပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပကြောင်း၊ ညပိုင်းတွင် ဘုရားပွဲတော်သို့ လာရောက် ဆင်နွှဲကြသည့် ဧည့်ပရိသတ်များအား ဧမြဝတီ လူမှုရေး အသင်းမှ ရေနွေးကြမ်း၊ ကောက်ညှင်းပေါင်း၊ လက်ဖက်သုပ်၊ ဆီးချိုသီး စသည့်တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးကြကြောင်း သိရသည်။

ဘဲဥထုပွဲတော်ကို ပဲ့နင်းကြီး ဘုရားဝင်းအတွင်းတွင် ရိုးရာ အစဉ်အလာမပျက် ကျင်းပကြရာ လာရောက်ဆင်နွှဲသူများနှင့် ကြိတ်ကြိတ်တိုး စည်ကားလှသည်။ ယခုနှစ်တွင် ဘဲဥပြုတ် တစ်လုံးလျှင် ကျပ်နှစ်ရာ၊ သုံးလုံးလျှင် ကျပ်ငါးရာနှုန်းဖြင့် ရောင်းချကြသည်။ ယခုနှစ်တွင် ဘဲဥပြုတ်ရောင်းချသူ ၆ဝ ကျော်၊ ၇ဝ နီးပါး
လာရောက် ရောင်းချကြပြီး တစ်ဦးလျှင် ဘဲဥအလုံး ၅ဝဝ နီးပါး ရောင်းချကြရကြောင်း ပြောပြသည်။

ဘဲဥထုပွဲကျင်းပပုံသည် တစ်မျိုးစိတ်ဝင်စားဖွယ်ဖြစ်သည်။ ဘဲဥပြုတ် ရောင်းပေးသည့်သူက အောက်ခံတောင်း ခွဲတောင်း (သို့)ထန်းလျော်တောင်းထဲတွင် ပြုတ်ပြီးဘဲဥများ ထည့်ထားကာ အပေါ်တွင် ဆန်ကောခင်း ပေးထားသည်။ ဘဲဥထုကြမည့် သူနှစ်ဦးရှိလာပါက တောင်းအတွင်းမှ ဘဲဥပြုတ်နှစ်လုံးကို ထုတ်ပေးသည်။ မြင်သာထင်သာရှိအောင် ရေနံဆီမီးခွက် (သို့) ဖရောင်းတိုင်ထွန်း ပေးထားရသည်။

တစ်ယောက်တစ်လုံးစီ ကြိုက်ရာရွေးယူကာ တစ်ယောက်ကအောက်မှ လက်နှင့်ဆုပ်ကိုင်ကာ ဘဲဥကို တည်ပေးထားရသည်။ ကျန်သူက ဘဲဥကိုကိုင်ကာ အပေါ်မှ ဆတ်ကနဲထုရိုက်ရသည်။ ဘဲဥချင်းထိပ်ချင်းဆိုင်ကာ ထုရိုက်ခြင်းဖြစ်၍ တစ်ခါတစ်ရံ အောက်က အခံဘဲဥ ပိန်သွားတတ်သည်။ တစ်ခါတစ်ရံ အထက်ကရိုက်သည့် ဘဲဥက ပိန်သွားလေ့ရှိသည်။ ပိန်သွားသည့်ဘဲဥဘက်က အရှုံးဖြစ်သည်။ မည်သူရှုံးမည် နိုင်မည်ကို ပုံသေတွက်ထား၍မရချေ။

ဘဲဥရိုက်တမ်းကစားသူနှစ်ဦးသည် အတည်ဘက်နှင့် အရိုက်ဘက်ကို တစ်လှည့်စီနေကြရသည်။ ပိန်သွားသည့်ဘဲဥကို နိုင်သူကယူရသည်။အနိုင်ဘက်ကဘဲဥကိုဒိုင်(ဘဲဥသည်)က ပြန်သိမ်းကာ အောက်ခံတောင်းထဲသို့ ပြန်သိမ်းသည်။ ရှုံးသူ၏ဘက်မှ နို့ဆီဘူးထဲသို့ (ပွဲသိမ်းလျှင် အရှုံးဘဲဥအရေအတွက်ကို သိရှိနိုင်ရန်) ပဲစေ့ (သို့) မန်ကျည်းစေ့တစ်စေ့ကို ထည့်မှတ်လိုက်သည်။

ဤသို့ဖြင့် ဘဲဥထုကစားသူနှစ်ဦးတို့သည် အထုဘက်နှင့် အခံဘက်ကို တစ်လှည့်စီနေကာ မိမိတို့သဘောကျ အချိန်အကန့်အသတ်မရှိ ကစားနိုင်သည်။ ဘဲဥထုကစားကြရာတွင် အပိုလောင်းကြေးအနေဖြင့်ထုပြီးဘဲဥအပိန် ၅ လုံးကြေး၊ ၇ လုံး ကြေးစသည်ဖြင့် ထပ်မံလောင်းကြေးထပ်ကြသေးသည်။ ပြိုင်ပွဲအချိန်ကို ကန့်သတ်ချက်မထားဘဲ မိမိတို့သဘောဆန္ဒအတိုင်းကြိုက်သည့် အချိန်ရပ်နား နိုင်သည်။

ပွဲရပ်နားပြီဆိုလျှင် ဒိုင်က သူ့ဘက်ကိုယ့်ဘက်တွင်ရှိသည့် နို့ဆီဘူးထဲမှ ပဲစေ့ (သို့) မန်ကျည်းစေ့များကို ရေတွက်သည်။ ပဲစေ့အရေအတွက်အတိုင်း ကျသင့်ငွေကို ရှင်းပေးရသည်။ နှစ်ဖက်စလုံးမှ အနိုင်အရှုံးရှိသော်လည်း ဒိုင်လုပ်သူကတော့ နှစ်ဖက်စလုံးကို ဘဲဥရောင်းလိုက်ရသည်။

နိုင်သူဘက်က ဘဲဥပြုတ်တွေတစ်ထုပ်တစ်ပိုးကြီး အမြတ်ရ သော်လည်း သူလည်းသူ့ဖက်ကဘဲဥပိန်သမျှ၊ ရှုံးသမျှအရေ အတွက်အတိုင်းကို ငွေပေးချေရသည်။ ယင်းဘဲဥထုပွဲ ကျင်းပ လာခဲ့သည်မှာ နှစ်ပေါင်းရာချီရှိခဲ့ပြီဖြစ်သည်။

မြန်မာဘုရင် မင်းတုန်းမင်းလက်ထက်က စစ်ကိုင်းအစေခံ တပ်ခံကြီးတွင် ဘုရင့်လှေတော်သား လှေတပ်သားများစခန်းချခဲ့ ကြသည်။ ဘုရားပွဲတော်တွင် မုန့်တီ၊ မုန့်ဟင်းခါးများ ရောင်းချလေ့ ရှိပြီး ထည့်၍စားသုံးရန် ဘဲဥပြုတ်များကိုလည်း ရောင်းချခဲ့ကြသည်။

ဧရာဝတီမြစ်ကြောင်းရန်ကို ကင်းစောင့် ကာကွယ်ကြရင်း လှေတပ်သားတို့သည် ပဲ့နင်းကြီး၏ဘုရားဝင်းအတွင်း တစ်ဦးနှင့်တစ်ဦး အလောင်းအစားပြုကာ ဘဲဥထုတမ်း ကစားလေ့ ရှိခဲ့ကြသည်။ မြစ်တစ်ဖက်ကမ်းအင်းဝဖက်တွင် ဆင်ကျုံးခံတပ်ရှိသည်။ အင်းဝဆင်ကျုံးခံတပ်မှ လှေတော်သားများသည်လည်း စစ်ကိုင်းဘက်သို့ ကူးသန်းလာရောက်ကာ ဘုရားပွဲတော် နွှဲပျော်ကြသည်။

ဘဲဥထုတမ်းကစားသည့်ဓလေ့သည် အစေခံ ခံတပ်အနီးဝန်းကျင်တွင် အလေ့အထဖြစ်လာကာ ကြေးဘုရားကြီးပွဲတော်တွင် တပျော်တပါး ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။ ကြေးဘုရားကြီး၏ပွဲတော်သည်ပင်လျှင် ယခုအခါ (၁၁၁) ကြိမ်ရှိခဲ့ပြီဖြစ်၍ ရိုးရာဓလေ့ ဘဲဥထုပွဲတော်မှာ နှစ်ပေါင်း တစ်ရာကျော်ခဲ့သည်အထိ မပျောက်မပျက် ရှင်သန်နေဆဲဖြစ်သည်။

ဇိနမာန်အောင် လောကချမ်းသာကြေးဘုရားကြီးကို မင်းကျောင်း ဆရာတော်ဦးသီရိမှ ဦးဆောင်တော်မူကာ သက္ကရာဇ် ၁၂၆၆ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၉ ရက်တွင် စတင်ပုံစံပြုလုပ်ပြီး တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်တွင် ကြေးချိန်ပိဿာ ၇ဝဝ၊ ငွေချိန် ၃ဝဝကျပ်၊ ရွှေချိန် ၃ဝကျပ် တို့ဖြင့် သွန်းလောင်းသည်။ ၁၂၆၇ ခုနှစ် ကဆုန်လပြည့်နေ့တွင် အနေကဇာတင်လှူတော်မူခဲ့သည်။

ဧမြဝတီရပ်ကွက် ကြေးဘုရားကြီးပွဲတော်တွင် ရိုးရာအစဉ်အလာမပျက် ဘဲဥထုပွဲတော်ကျင်းပလာကြသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သည်။ ယခုအခါ ထူးခြားသည့် ရိုးရာပွဲတော်ဖြစ်လာကာ ကြေးဘုရားကြီးပွဲတော်၊ တပို့တွဲလပြည့်နှင့် လပြည့်ကျော်တစ်ရက် ညပိုင်းတို့တွင် ညလုံးပေါက်နီးပါး စစ်ကိုင်းမြို့တစ်မြို့လုံးသာမက ရပ်ဝေးရပ်နီးတို့မှလည်း လာရောက်ဆင်နွှဲကြ
ကြောင်း သိရသည်။

နန္ဒာမင်းလွင်
The Mirror Daily
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template