Headlines News :
Home » » White Card များ မဲပေးခွင့် ဖျက်သိမ်းရေး ရန်ကုန်မြို့တော်တွင် ခုနစ်ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်မည်

White Card များ မဲပေးခွင့် ဖျက်သိမ်းရေး ရန်ကုန်မြို့တော်တွင် ခုနစ်ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်မည်

Written By လွင့်မောင်မောင် on Friday, February 6, 2015 | 8:21 AM


 
ရန်ကုန်၊ ဖေဖော်ဝါရီ ၎

ယာယီသက်သေခံကတ်ပြား (White Card) ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုထားမှုကို ပယ်ဖျက်ရေးအတွက် ပြည်တွင်းရှိ အမျိုးသားရေး လှုပ်ရှားသည့် အဖွဲ့အစည်းများ ပူးပေါင်းကာ ရန်ကုန်မြို့တော်တွင် ခုနစ်ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်ရေး ဦးဆောင်ကော်မတီထံမှ စုံစမ်းသိရှိရသည်။

White Card များ မဲပေးခွင့် ပယ်ဖျက်ရေး လှုပ်ရှားမှုအဖြစ် မျိုးချစ်မြန်မာရဟန်းတော်များနှင့် ပြည်သူများ ပူးပေါင်းကာ လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကြေးသွန်းဘုရားမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်မည် ဖြစ်ပြီး အဆိုပါ ကော်မတီဝင်ဖြစ်သူ မြန်မာမျိုးချစ် ရဟန်းတော်များအဖွဲ့မှ ဦးဝိလာသဂ္ဂက မိန့်ကြားသည်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် ပဏ္ဍိတာရာမ ကျောင်းတိုက်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၃ နာရီမှ ၅ နာရီအထိ ပြုလုပ်သည့် အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီကိစ္စကြီးက ဖွဲ့စည်းပုံအခြေခံ ပြင်ဖို့ ကိစ္စကြီးလေ။ အဲဒါဆိုတော့ အရမ်းအရေးကြီးနေတယ်။ အဲဒါမှတစ်ဆင့် နောက်ရွေးကောက်ပွဲတွေ ကျရင်လည်းပဲ ဒီ White Card ကိစ္စတွေက ပြဿနာဆို ဖြစ်ပေါ်လာနိုင်တယ်” ဟု ဦးဝိလာသဂ္ဂက မိန့်ကြားသည်။

ဆန္ဒထုတ်ဖော်မှုတွင် လူဦးရေ တစ်ထောင်ခန့် ပါဝင်မည်ဟု ခန့်မှန်းထားပြီး ခုနစ်ရက် ပြည့်သည်အထိ လွှတ်တော် တာဝန်ရှိသူများ အနေနှင့် တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိပါက နေပြည်တော်၊ ပြည်ထောင်စုလွှတ်တော် အထိ ဆက်လက်ချီတက် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဦးဆောင်ကော်မတီဝင် ဦးနောင်တော်လေးက The Voice သို့ ပြောကြားသည်။

“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မန္တလေးဘက်က လူတွေကိုလည်း လှုံ့ဆော်မယ်၊ မန္တလေးကလည်း ချီတက်ဖို့၊ ကျွန်တော်တို့ ရခိုင်က လူတွေလည်း ချီတက်မယ်။ ရခိုင်က လူတွေကိုလည်း နေပြည်တော်အထိ ဦးတည်ချီတက်တဲ့ ပုံစံမျိုး လှုပ်ရှားမှုတွေ ကျွန်တော်တို့ ဆောင်ရွက်သွားမယ်” ဟု ၎င်းကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲများတွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုခြင်းသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အဟန့်အတား ဖြစ်စေကြောင်း ၈၈ ရခိုင်မျိုးဆက်များ ဖွံ့ဖြိုးရေးအဖွဲ့က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကြေညာလိုက်သည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်နေကြချိန် ဖြစ်ပြီး ယင်းအခြေအနေမျိုးတွင် White Card ပြဿနာ ပေါ်ပေါက်လာသဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်သူများကို အခြားတစ်ဖက်သို့ အာရုံပြောင်းစေကြောင်း အဆိုပါအဖွဲ့မှ ဥက္ကဋ္ဌ ဦးဦးသန်းနိုင်က ပြောကြားသည်။

White Card ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုလိုက်ခြင်းသည် ပြည်သူတစ်ရပ်လုံးကို မျက်ကွယ်ပြုရာ ရောက်သဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၈၈ ရခိုင်မျိုးဆက်များ ဖွံ့ဖြိုးရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

White Card ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုလိုက်သဖြင့် ရခိုင်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးရေး အပြင် တည်ငြိမ်အေးချမ်းမှုကိုပါ အဟန့်အတား ဖြစ်စေသည့် အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုမှု ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်သည့် အနေနှင့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့၌ ရခိုင်လူမှုအဖွဲ့အစည်း ၆၀ ကျော်ဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း ၈၈ ရခိုင်မျိုးဆက်များ ဖွံ့ဖြိုးရေးအဖွဲ့ထံမှ သိရှိရသည်။

အစည်းအဝေးသို့ မြန်မာ့အမျိုးသားရေးကွန်ရက်၊ မျိုးချစ်လူငယ်များကွန်ရက် (မြောက်ဥက္ကလာ)၊ အနာဂတ် လင်း လူမှုကူညီရေးအသင်း၊ ရခိုင်လူငယ်ကွန်ရက်၊ ရခိုင်အမျိုးသားကွန်ရက် စသည့် အဖွဲ့အစည်းများမှ သံဃာတော်နှင့် လူပုဂ္ဂိုလ် တစ်ရာဝန်းကျင် တက်ရောက်ခဲ့သည်။
The Voice
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template