
TransAsia လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် တံတားတစ်စင်းနှင့် တိုက်မိပြီးနောက် ထိုင်ပေမြစ်ထဲသို့ ပျက်ကျသွားခဲ့သည်ဟု သတင်းရရှိသည်။
ထိုင်ဝမ်လေကြောင်းလိုင်းတစ်ခုဖြစ်သော TransAsia လေကြောင်းမှ လေယာဉ်အမှတ် B22816 သည်
လူ ၅၈ ဦးအား တင်ဆောင်ကာ ပျံသန်းလာစဉ် ယနေ့ (ဖော်ဖော်ဝါရီ ၄ ရက် )ဒေသစံတော်ချိန် ၁၀ နာရီ ၅၆ မိနစ်၌ ထိုင်ပေမြစ်ထဲသို့ ပျက်ကျသွားခဲ့သည်ဟု TVBS သတင်းဌာနက ဖော်ပြသည်။ အဆိုပါ ၅၈ ဦးတွင် အရွယ်မရောက်သေးသော ကလေး ၂ ဦးနှင့် လေယာဉ်ဝန်ထမ်း ၅ ဦး ပါဝင်သည်။
လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့ပြီး အလောင်းများကိုလည်း တွေ့ရှိရသည်။ သေဆုံးသူဦးရေကို အတိအကျ မသိရသေးသော်လည်း ၃ဦးမှ ၉ဦးအထိ ရှိနိုင်သည်ဟုလည်း ဖော်ပြထားသည်။
ပျက်ကျသွားသော လေယာဉ်မှာ ATR-72 အမျိုးအစားဖြစ်ပြီး ထိုင်ဝမ်သို့ ပြီးခဲ့သည့်နှစ်က ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ယင်းကို ပြည်တွင်းခရီးစဉ်များအတွက် ပျံသန်းခြင်းဖြစ်ပြီး လေယာဉ်သည် မြစ်ထဲသို့ မကျမီတွင် တံတားတစ်စင်းနှင့် တိုက်မိသွားခဲ့သေးသည်။ လေယာဉ်ပျက်ကျမှုမှ လူ ၁၆ ဦးအား ကယ်တင်နိုင်ခဲ့ပြီး
၁၂ ဦးကျော်ခန့် လေယာဉ်ထဲတွင် ပိတ်မိနေသေးရာ ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ကယ်တင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လကလည်း TransAsia လေကြောင်းလိုင်းမှ GE222 လေယာဉ်သည် ရာသီဥတုဆိုးရွားမှုနှင့်ကြုံတွေ့ရပြီး ထိုင်ဝမ်ကျွန်းစုတစ်ခုပေါ်သို့ ထိုးဆင်းပျက်ကျကာ လူ ၄၈ ဦး သေဆုံးခဲ့ရပြီး မြေပြင်ရှိ အိမ်များနှင့် ကားများကို တိုက်မိခဲ့သေးသည်။
Credit : 7day Daily