Dawei
Watch|ထားဝယ်၊ ဖေဖော်ဝါရီ ၆
ထားဝယ်ဒေသ၊သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် ပြုလုပ်မည့်တရားဟောပွဲတွင်
ပါဝင်ဟောကြားမည့် ရွှေည၀ါဆရာတော်အား တရားဟောခွင့်ပိတ်ခံရကြောင်း ပရဟိတ ဓမ္မသဘင်ဖြစ်မြောက်ရေးအဖွဲ့ထံမှ
စုံစမ်းသိရှိရသည်။
ရွှေည၀ါဆရာတော်
ဦးပညာသီဟ အပါအ၀င် ဆရာတော်ကြီး ၄ ပါးမှ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ဟောကြားမည့်
၅ ရက်တာ တရားပွဲကို သရက်ချောင်းမြို့နယ် သံဃနာယက ဥက္ကဋ္ဌ၊ မြို့နယ်သာသနာရေးမှူး၊ သရက်ချောင်းမြို့မရဲစခန်း၊
ညောင်ဇင်ကျေးရွာအုပ်ချုပ်ရေးမှူး စသည်တို့က ခွင့်ပြုထားပြီးဖြစ်သော်လည်း ဖေဖော်ဝါရီ
၅ ရက်နေ့တွင်မှ ခွင့်မပြုကြောင်း တဖန်ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။
တရားပွဲစတင်မည့်
၅ ရက်နေ့ညနေပိုင်းတွင် တရားပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူကို မြို့နယ်အုပ်ချုပ်ရေးမှူးက
ခေါ်ယူတွေ့ဆုံပြီး ဒေသခံဆရာတော်များကို တရားဟောခွင့်ပြုသော်လည်း ရွှေည၀ါဆရာတော်အတွက်
တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၏ ခွင့်ပြုချက်မရရှိသေးကြောင်းပြောဆိုကာ သာသနာရေးဦးစီးဌာနမှ
စည်းကမ်းချက် ၉ ချက်နှင့် ကိုက်ညီမှုရှိမှ ခွင့်ပြုမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဓမ္မသဘင်ဖြစ်မြောက်ရေးဦးဆောင်သူများက
ပြောသည်။
ရွှေည၀ါဆရာတော်ကို
တရားဟောခွင့်ပြုမပြုကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အကြောင်းပြန်ကြားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက
ပြောကြားခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရွှေည၀ါဆရာတော်အား တိုင်းသာသနာရေးဦးစီးဌာနမှ
ခွင့်မပြုကြောင်း ညောင်ဇင်ကျေးရွာ အုပ်ချုပ်ရေးမှူးမှတဆင့် အကြောင်းကြားလာခဲ့သည်ဟု
ဓမ္မသဘင်ဖြစ်မြောက်ရေး ဦးဆောင်သူက ပြောသည်။
“သာသနာရေးဌာနရဲ့
အချက် ၉ ချက်မှာ ဘယ်အချက်နဲ့ မကိုက်ညီတာလဲလို့ အုပ်ချုပ်ရေးမှူးကို မေးတာ တိုင်းသာသနာရေးဦးစီးဌာနရဲ့စာမရသေးလို့
အတိအကျမပြောနိုင်သေးဘူးလို့ပြောတယ်” ဟု တရားပွဲဦးဆောင်သူ ဒေါ်သန်းဝေ က ပြောသည်။
အဆိုပါကိစ္စနှင့်
ပတ်သက်၍ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနထံသို့ Dawei Watch မှ တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ
စည်းကမ်းချက် ၉ ချက်အနက် ရွှေည၀ါဆရာတော်သည် ဓမ္မစရိယဘွဲ့မရသေးသောကြောင့် တရားဟောခွင့်မပြုရခြင်းဖြစ်ကြောင်း
လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနိုင်က ပြန်လည်ဖြေကြားခဲ့သည်။
တရားပွဲကို
ညောင်ဇင်ကျေးရွာ၊ ညောင်ဇင်ကျောင်းကြီးတိုက်ရင်ပြင်တွင် ကျင်းပမည်ဖြစ်ပြီး ညောင်ဇင်ကျေးရွာရှိ
အလှူရှင်များစုပေါင်းကျင်းပခြင်းဖြစ်သည်။
ရွှေည၀ါဆရာတော်အား
တရားဟောခွင့်ကို ညောင်ဇင်ကျေးရွာတွင်သာမက အနီးဝန်းကျင်ကျေးရွာဖြစ်သည့် ကြာအင်းကျေးရွာတွင်လည်း
ပိတ်ခံခဲ့ရကြောင်း ကြာအင်းကျေးရွာတရားပွဲဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။
Dawei
Watch