Headlines News :
Home » , » ဗီယက်နမ်အား အနိုင်ယူကာ နိုင်ပွဲ ဆက်နေဆဲ မြန်မာလူငယ်

ဗီယက်နမ်အား အနိုင်ယူကာ နိုင်ပွဲ ဆက်နေဆဲ မြန်မာလူငယ်

Written By လွင့်မောင်မောင် on Tuesday, June 26, 2012 | 12:12 AM

ရေးသားသည်နေ့ Monday, June 25, 2012 

အာရှ ယူ-၂၂ ခြေစစ်ပွဲ ဒုတိယနေ့ ပွဲစဉ်များ၏ နောက်ဆုံးပွဲ အဖြစ် ဗီယက်နမ်နှင့် မြန်မာတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာအသင်း နိုင်ပွဲဆက်ခဲ့ပြီး ကိုရီးယားနောက် ဒုတိယ နေရာတွင် ရပ်တည်ခဲ့သည်။



မြန်မာအသင်းသည် ပထမပွဲစဉ် ဖြစ်သည့် ဖိလစ်ပိုင်နှင့် ပွဲစဉ်က လူစာရင်းအတိုင်း ပြန်လည် ပွဲထွက်လာခဲ့သည်။ ရှေ့ပွဲတွင် ဒဏ်ရာ အနည်းငယ် ရရှိထားသည့် နောက်ခံလူ ဇော်မင်းထွန်းလည်း ပါဝင်လာခဲ့ပြီး ဗီယက်နမ်အား အင်အားပြည့် ရင်ဆိုင်ခဲ့သည်။ ယခုပွဲစဉ် ပရိသတ် အများအပြား လာရောက် အားပေးခဲ့ သော်လည်း ဖိလစ်ပိုင်နှင့် ပွဲစဉ်ကလောက် များပြားခြင်း မရှိခဲ့ပေ။ လုံခြုံရေးများ တင်းကြပ်စွာ ချထားခြင်းကြောင့် ပရိသတ်များ တစ်နေရာနှင့် တစ်နေရာ ကျော်ခွခြင်းမျိုး မရှိဘဲ ပွဲအား ကြည့်ရှု အားပေးရန်သာ စိတ်အား တက်ကြွစွာဖြင့် စောင့်မျှော်လျက် ရှိသည်။

ပွဲစသည်နှင့် မြန်မာအသင်းက ဘယ်ခြမ်းမှ ထိုးဖောက်ရန် ကြိုးပမ်း နေခဲ့ပြီး ဗီယက်နမ် ကွင်းလယ် လူကလည်း ရှေ့တက်နေသည့် ဂိုးသမားအား ကျော်ကန်သွင်းရန် ကြိုးပမ်းခဲ့သည်။ ၂မိနစ်တွင် သိန်းသန်းဝင်း ဘယ်ခြမ်းမှ ဖြတ်တင်ပေးသည့် ဘောလုံးအား ဧရိယာ အတွင်းမှ ကြည်လင်း ရရှိခဲ့သော်လည်း ဘောလုံးထိန်း မသေသပ်သဖြင့် နစ်နာခဲ့သည်။

ပွဲချိန် ၄မိနစ်တွင် မြန်မာအသင်း ထောင့်ကန်ဘော စတင်ရရှိခဲ့ပြီး ယင်း ထောင့်ကန်ဘောမှ ပြန်လျံ ကျလာသည့် ဘောလုံးအား ကြည်လင်း ညာခြမ်းမှ ဖြတ်တင်ပေးရာ ကောင်းမွန်သော်လည်း ဂိုးသမား ဖြတ်ပုတ် သွားခဲ့သည်။ ၅မိနစ်တွင် ဒုတိယအကြိမ် ထောင့်ကန်ဘော ရရှိခဲ့သော်လည်း နောက်ခံလူ များအား ကျော်လွှားနိုင်ခြင်း မရှိခဲ့ပေ။ ထို့နောက်တွင် နှစ်သင်းစလုံး ကွင်းလယ်တွင်သာ အပျက်များ နေခဲ့သည်။


၁၅မိနစ်တွင် ဗီယက်နမ် အသင်းက ပြစ်ဒဏ်ဘောမှ တစ်ဆင့် အမှတ်မထင် ဂိုးရရှိခဲ့သည်။ ဂိုးသမား အားနည်းချက်မှ တစ်ဆင့် ငုရင်ဗန်ကွက်က အပိုင် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ ၁၈မိနစ်တွင် ဗီယက်နမ် နောက်ခံလူ ကြည်လင်း ထိုးဖောက်မှုအား အင်္ကျီဆွဲ တားထားသဖြင့် ညာခြမ်းမှ ပြစ်ဒဏ်ဘော ကန်ခွင့်ခွင့် ရခဲ့ပြီး ကျော်ဇေယျာဝင်း ကန်တင် မှုအား ဂိုးရှေ့ ရှုပ်ယှက်ခတ်သည့် အနေအထားမှ ကန်ခွင့် ရခဲ့သော်လည်း ကန်ချက် ပျော့ခဲ့၍ နောက်ခံလူများ ရှင်းထုတ်ခဲ့သည်။ မိနစ် ၂၀တွင် ဗီယက်နမ် ကစားသမားအား ဥပဒေပ တားဆီးခဲ့သည့် ဇော်မင်းထွန်း အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။

၂၁မိနစ်တွင် ဘယ်ခြမ်းမှ ရရှိသည့် ထောင့်ကန်ဘောအား ကျော်ဇေယျာဝင်း ပေးရာမှ ကြည်လင်း ဂိုးရှေ့ ဖြတ်တင်ပေးရာ နောက်ခံလူများ ရှင်းထုတ် ခဲ့ပြန်သည်။ ယင်းနောက်တွင် ရန်အောင်ဝင်း ထိုးဖောက်မှုအား တားဆီးခဲ့သည့် ဗီယက်နမ် ကစားသမား ငုဟောင်သန်း အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ ယင်းပြစ်ဒဏ်ဘောအား သိန်းသန်းဝင်း ကန်တင်ပေးရာ ကျော်ဇေယျာဝင်း ဖြတ်တိုက်ခွင့် ရခဲ့သော်လည်း ဂိုးသမား တည့်တည့် တိုက်မိခဲ့သည်။ ၂၄မိနစ်တွင် ကွင်းလယ်မှ ဖြတ်တင်ပေးမှုအား ကျော်ကိုကို အခွင့်အရေး ရခဲ့သော်လည်း ဘောလုံးထိန်း အားနည်းခဲ့၍ ကန်ခွင့် မရခဲ့ဘဲ ဂိုးသမား ကာကွယ် သွားခဲ့သည်။

၂၅မိနစ်တွင် ကြည်လင်းပေးရာမှ ကျော်ကိုကို တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်းချက် နောက်ခံလူ ထိထွက်ကာ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ယင်း ထောင့်ကန်ဘောမှ တစ်ဆင့် ဇော်မင်းထွန်း အပိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း အပေါ်ထောင် သွားခဲ့သည်။ ၂၈မိနစ်တွင် မြန်မာအသင်း ဂိုးဧရိယာ အပြင်ဘက်မှ ဗီယက်နမ်တို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ သော်လည်း ကျော်ဇင်ဖြိုး ကာကွယ် နိုင်ခဲ့သည်။

မိနစ် ၃၀ခန့်အထိ မြန်မာအသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် တောက်လျှောက် ဖိကစား နေသော်လည်း နောက်ဆုံး ဂိုးဧရိယာ အတွင်း အပိုင် အခွင့်အရေး ဖန်တီးနိုင်မှုပိုင်း အားနည်းနေ၍ ချေပဂိုး ရရန် အခက်တွေ့ နေခဲ့သည်။ ၃၂မိနစ်တွင် ဘယ်ခြမ်းမှ ရရှိသည့် ပြစ်ဒဏ်ဘောအား ကျော်ဇေယျာဝင်း ကန်တင်ပေးရာ နောက်ခံလူထိ ပြန်ကျလာသည့် ဘောလုံးအား ကျော်ကိုကို တစ်ချက်ထိန်း အပြင်းကန်သွင်းခဲ့ရာ ဂိုးသမား လက်စွမ်းပြ ပုတ်ထုတ် သွားခဲ့သည်။ ယင်းထောင့်ကန်ဘောမှ တစ်ဆင့် မြန်မာ နောက်ခံလူ ဇော်မင်းထွန်းက အနီးကပ် ခေါင်းတိုက်ကာ ချေပဂိုး ပြန်လည် ရရှိခဲ့သည်။

ယင်းနောက်တွင် မြန်မာအသင်းက ဆက်တိုက် တိုက်စစ်ဆင်ပြီး ဗီယက်နမ် နောက်တန်းအား ဖိအားပေး ခဲ့သည်။ ၃၉မိနစ်တွင် မြန်မာအသင်း ဘက်သို့ ဗီယက်နမ် တန်ပြန် ထိုးစစ်ဆင် ကစားစဉ် ဥပဒေပ ကစားခဲ့သည့် ဗီယက်နမ် တိုက်စစ်မှူး အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ မိနစ် ၄၀တွင် ကျော်ကိုကို လှလှပပ ဖန်တီးပေးသည့် ဘောလုံးအား ကျော်ဇေယျာဝင်း ဧရိယာ အတွင်း ဆွဲဝင်ကာ ဂိုးရှေ့ ဖြတ်ထိုးပေးရာမှ ဘယ်ခြမ်းမှ အသင့် ပြေးဝင်လာသည့် နန္ဒလင်းကျော်ချစ်က အသာအယာ ပိတ်သွင်းကာ မြန်မာတို့ ဦးဆောင် ဂိုးရရှိခဲ့သည်။


ထို့နောက်တွင် မြန်မာအသင်းကပင် ဆက်တိုက် ဖိကစား နေခဲ့ပြီး နာကျင် အချိန်ပို၌ ကျော်ကိုကို ဧရိယာ အပြင်မှ ကန်သွင်းခွင့် တစ်ကြိမ်ရခဲ့ သော်လည်း ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး နာကျင် အချိန်ပို နောက်ဆုံး မိနစ်၌ ဗီယက်နမ်တို့ ရရှိသည့် ထောင့်ကန်ဘောအား ဂိုးသမား ကျော်ဇင်ဖြိုး အစွမ်းပြ ပုတ်ထုတ် နိုင်ခဲ့သည်။ ထို့အတူ ချက်ချင်း ဆိုသလို ဗီယက်နမ်တို့ အပိုင် အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပြီး တစ်ဦးချင်း အပိုင် ကန်သွင်းခွင့်အား ကျော်ဇင်ဖြိုး အစွမ်းပြ တားဆီးနိုင်ခဲ့၍ ပထမပိုင်း အပြီး မြန်မာက ၂-၁ဖြင့် ဦးဆောင် နိုင်ခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် မြန်မာ အသင်းဘက်သို့ ဗီယက်နမ်က ထိုးဖောက်ရန် ပိုမို ကြိုးပမ်း လာခဲ့ပြီး ၄၆မိနစ်၌ ကျော်ကိုကို ဘယ်ခြမ်းမှ ဆွဲဝင်မှုအား ဗီယက်နမ် နောက်ခံလူ ဧရိယာ အတွင်း တားဆီးခဲ့ သော်လည်း ဒိုင်ဖြစ်သူက ပင်နယ်တီ ပေးရန် ငြင်းဆန်ခဲ့သည်။ မြန်မာအသင်းသည် ဗီယက်နမ် အသင်း၏ ထိုးစစ်အား ခုခံ ကစားရင်းက တန်ပြန် ထိုးစစ်များဖြင့် အခွင့်အရေး ရရှိရန် ကြိုးပမ်းခဲ့သည်။ ၅၅မိနစ်တွင် ကြည်လင်း ကွင်းလယ်မှ ထိုးပေးသည့် ဘောလုံးအား ကျော်ကိုကို ညာခြမ်းမှ ဆွဲပြေးကာ အပြင်း ကန်သွင်းခဲ့ သော်လည်း ဂိုးသမား ကာကွယ် နိုင်ခဲ့သည်။

၅၆မိနစ်တွင် ကြည်လင်း ဆွဲပြေးကာ ဖြတ်ထိုးပေးသည့် ဘောလုံးအား ကျော်ဇေယျာဝင်း အသာ ပိတ်သွင်းခဲ့ သော်လည်း ဂိုးသမား အစွမ်းပြ ကာကွယ်ခဲ့သည်။ ၅၈မိနစ်တွင် ဗီယက်နမ် အသင်းအတွက် အကောင်းဆုံး အခွင့်အရေး တစ်ရပ်အနေဖြင့် ဂိုးသမားနှင့် တစ်ဦးချင်း ရင်ဆိုင်ကန်ခွင့် ရခဲ့သော်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့၍ မြန်မာတို့ သက်သာခဲ့သည်။ ၆၂မိနစ်တွင် မြန်မာတို့ ဂိုးပေါက် ကန်သွင်းခွင့် တစ်ကြိမ် ရရှိခဲ့ပြီး ကျော်ကိုကို ဆွဲပြေး ကန်သွင်းချက် ဂိုးသမား ကာကွယ်ခဲ့သည်။

၆၃မိနစ်တွင် ကျော်ကိုကို - ကျော်ဇေယျာဝင်း တွဲလုံးမှ ကျော်ကိုကို အလယ်သို့ ဖြတ်ချိုးမှုအား ကြည်လင်း ဆွဲယူကာ ကန်သွင်းခဲ့ သော်လည်း ဂိုးသမား အစွမ်းပြ ကာကွယ်ခဲ့၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။ ၆၅မိနစ်တွင် ဗီယက်နမ် တိုက်စစ်မှူး ဘောလုံးအား လက်ဖြင့် ပုတ်သဖြင့် အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။ ၆၈မိနစ်တွင် အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်း ဧရိယာ အပြင်မှ အဝေး ကန်ချက်ဖြင့် ခြိမ်းခြောက်ခဲ့ သော်လည်း ဂိုးပေါက် လွဲခဲ့သည်။ ၆၉မိနစ်တွင် ဗီယက်နမ် တိုက်စစ်မှူး ဂိုးသမား ကျော်ဇင်ဖြိုးအား ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ သော်လည်း ဒိုင်ဖြစ်သူက ပြစ်ဒဏ်ဘောသာ သတ်မှတ် ပေးခဲ့သည်။

ထို့နောက်တွင် မြန်မာအသင်း ဘက်၌ နန္ဒလင်းကျော်ချစ် နေရာတွင် သက်နိုင် ၀င်ရောက် ကစားခဲ့သည်။ ၇၅မိနစ်တွင် မြန်မာအသင်းက တန်ပြန် ထိုးစစ်မှ တစ်ဆင့် ကြည်လင်း လွတ်ထွက် သွားခဲ့ပြီး တစ်ဦးတည်း ဧရိယာ အတွင်း ဆွဲဝင်ကာ ဘယ်ခြေဖြင့် လှလှပပ အဆုံးသတ် ကန်သွင်းကာ တတိယဂိုး ရရှိခဲ့သည်။ မြန်မာအသင်းသည် ဂိုးရပြီးနောက် ကြည်လင်း နေရာ၌ ညီညီမင်းနှင့် အစားထိုးခဲ့ပြီး ၈၂မိနစ်တွင် သိန်းသန်းဝင်းနှင့် ရန်အောင်ဝင်းတို့ အ၀ါကတ်ပြ သတိပေး ခံခဲ့ရသည်။

၈၆မိနစ်တွင် ညီညီမင်း ဖြတ်တင်မှုမှ သက်နိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးဘေး ကပ်ထွက်ခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်း အခွင့်အရေး အချို့ ရရှိခဲ့သော်လည်း တိုက်စစ်မှူးများ အသုံးမချနိုင်၍ ဂိုးမရဘဲ ဖြစ်နေခဲ့သည်။ ၈၉မိနစ်တွင် ဗီယက်နမ် အသင်း ဂိုးရှေ့မှ အပိုင်ကန်ခွင့် တစ်ကြိမ် ရရှိခဲ့ သော်လည်း ဂိုးဘေး ကပ်ထွက် သွားခဲ့သည်။ နာကျင် အချိန်ပိုတွင် ဗီယက်နမ်တို့ မြန်မာ ဂိုးပေါက်အား ပိုမို ခြိမ်းခြောက် လာခဲ့ပြီး မြန်မာအသင်းက ကျော်ကိုကို နေရာတွင် ရဲဇော်ထက်အောင်အား ထည့်သွင်းခဲ့သည်။ နာကျင် အချိန်ပို ၂မိနစ်တွင် ဗီယက်နမ် အသင်း ညာခြမ်းမှ ဖရီးကစ် ဂိုးဘေး ကပ်ထွက်ခဲ့ပြီး မြန်မာအသင်းက ၃-၁ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့သည်။

ယခုနိုင်ပွဲကြောင့် မြန်မာအသင်းသည် အုပ်စုတွင်း ရပ်တည်မှုတွင် ကိုရီးယားနှင့် ရမှတ်တူ ဂိုးကွာခြားချက် အရ ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ မြန်မာနှင့် ကိုရီးယားတို့သည် လာမည့် ၂၈ရက်နေ့ ညနေ ၆း၁၅ အချိန်တွင် သုဝဏ္ဏကွင်း၌ ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။

From : Soccer Myanmar
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template