ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထမင်းစားနားချိန်တွင်ခေတ္တတွေ့ဆုံနှုတ်ဆက်နေကြစဉ်။ ဓာတ်ပုံ-သီဟ |
ပြည်ထောင်စုလွှတ်တော်နာယကက တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့အားဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခုနစ်ရက်အတွင်း ဒုတိယသမ္မတတစ်ဦး ရွေးချယ်ရန်ပြောကြားထားသောခြောက်ရက်မြောက်နေ့ဖြစ်သည့် ယနေ့ (ဇူလိုင်၉ရက်)ကျင်းပနေသော လွှတ်တော်အစည်းအဝေးများ၌တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတအမည်စာရင်းတင်သွင်းသည့်အစီအစဉ်မပါရှိကြောင်း သတင်းရရှိသည်။
ထို့ကြောင့် တပ်မတော်လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦး ရွေးချယ်၍ အမည်စာရင်းတင်သွင်းမှုအစီအစဉ်မှာ ပြည်ထောင်စုလွှတ်တော်နာယကက သတ်မှတ်ထားသည့်နောက်ဆုံးရက်ဖြစ်သောဇူလိုင် ၁၀(မနက်ဖြန်) လွှတ်တော်အစည်းအဝေးတွင်မှ ပါဝင်တော့မည်ဖြစ်သည်။
ဒီမိုကရေစီခေါင်းဆောင်အဖြစ် နိုင်ငံတကာက သတ်မှတ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်စတင်တက်ရောက်သောနေ့ ပြည်သူ့လွှတ်တော်၌ နံနက်ပိုင်းအစီအစဉ်တွင်မေးခွန်းမေးမြန်းခြင်းနှင့် အဆိုတင်သွင်းဆွေးနွေးခြင်းအစီအစဉ်များသာပါဝင်ပြီးမွန်းလွဲပိုင်းအစီအစဉ်တွင်အဆိုတင်သွင်းဆွေးနွေးခြင်းနှင့် ဥပဒေကြမ်းနှစ်ခု တင်သွင်းဆွေးနွေးမည့်အစီအစဉ်များသာပါဝင်သည်။
ဥပဒေကြမ်းနှစ်ခုမှာ ၂၀၁၂ မြန်မာစာအဖွဲ့ဥပဒေကြမ်းကို တင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့် ၂၀၁၂ခုနှစ်စာစစ်အဖွဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်း၊ဆွေးနွေးအတည်ပြုပြီးလွှတ်တော်အဆုံးအဖြတ်ခံယူရန် အစီအစဉ်များသာ ပါဝင်ကြောင်း ပြည်သူ့လွှတ်တော်တွင်ရောက်ရှိနေသော7Day News သတင်းထောက်က သတင်းပေးပို့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မေ၂ရက်တွင် ပြည်သူ့လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
လွှတ်တော်ခေတ္တရပ်နားချိန်တွင် ကော်ဖီသောက်ရန် ထွက်လာသော ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ-သီဟ |
ယနေ့ (ဇူလိုင်၉) ကျင်းပသော လွှတ်တော်အစည်းအဝေးသို့တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ-သီဟ |
7Day News Journal